05 November 2021
၂၀၁၂ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့လယ်မှ ဆန္ဒပြသူများကို တွေ့ဆုံစကားပြောနေသော ဦးမြအေး (ဓာတ်ပုံ – EPA)
အင်းစိန်ထောင်တွင် ခြေထောက်အနာရှိန်ကြောင့် သတိလစ်သွားသည့် အထင်ကရနိုင်ငံရေးသမား ဦးမြအေးက သက်သာပျောက်ကင်းသည်အထိ ပြင်ပတွင် ကုသမှုခံယူလိုသည်ဟု ဆိုသည်။
By Myanmar Now
ခြေထောက်အနာ ပိုးဝင်ပြီး ရောင်ရမ်းနေသဖြင့် အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ထောင်အပြင်ဘက်တွင် ဆေးရုံတက်နေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆာင် ဦးမြအေးက ၎င်း၏ အနာအရှင်းပျောက်ကင်းသည်အထိ ပြင်ပတွင် ကုသမှုခံယူလိုကြောင်း ပြောသည်ဟု ရှေ့နေဖြစ်သူထံမှ သိရသည်။ “သူကျန်းမာမှ ဒီအထဲကို ပြန်ဝင်ချင်တယ်၊ မကျန်းမာဘဲ သူပြန်ဝင်ရင် အပြင်မှာလို ဖြစ်သွားပြီဆိုရင် ချက်ချင်းလက်ငင်း ကုလို့မရတဲ့ အနေအထားဆိုတော့ သူ့အနာကို သူသိပြီး လန့်သွားတယ်။ ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ သူမထင်ထားဘူး” ဟု ရှေ့နေဒေါ်တဥ္ဇာဦးက Myanmar Now ကို ပြောသည်။
အောက်တိုဘာ ၇ ရက်နေ့ကတည်းက အသက် ၅၄ နှစ်အရွယ် ဦးမြအေး၏ ညာဘက်ခြေချင်းဝတ် အနာပိုးဝင်သည့်ဒဏ်ရာ ဆိုးရွားနေပြီး ဆေးဝါးမပြည့်စုံသည့် အင်းစိန်ထောင်တွင်းဆေးရုံတက်ရန် ပြောခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက်ညတွင် အိမ်သာသွားရင်း သတိလစ်မေ့မြောခဲ့သဖြင့် အောက်တိုဘာ ၁၁ မွန်းလွဲပိုင်းတွင် အပြင်ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း ရှေ့နေက ပြောသည်။
အောက်တိုဘာ ၁၁ တွင် ဒေါ်တဥ္ဇာဦးက ဆေးရုံတွင် ဦးမြအေးနှင့် တွေ့ဆုံစကားပြောခဲ့သည်။
“ဆရာဝန်ကြီးတွေပြောပြချက်အရဆိုရင် ကိုမြအေးဟာ ဆေးရုံရောက်လာတာ အရမ်းမှန်သွားတယ်။ နည်းနည်းလေးနောက်ကျသွားရင် အသက်အန္တရာယ်သော်လည်းကောင်း၊ ခြေထောက်သော်လည်းကောင်း ဖြတ်ရင်ဖြတ်ခံရမယ်။ သူဝင်တဲ့ပိုးက နည်းနည်းလေး စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်၊ အသက်အန္တရာယ်ရော” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အနာကို ခွဲစိတ်စရာလည်း မလိုတော့ကြောင်း၊ လုံးဝပျောက်ကင်းသည်အထိ မကုသဘဲ အင်းစိန်ထောင်ပြန်ပို့ပါက အနာပြန်ဖြစ်နိုင်ကြောင်း ဆရာဝန်များက သတိပေးသည်ဟု ရှေ့နေက ပြန်ပြောပြသည်။
“သူ့ကို ကျွန်မ ၁၁ ရက်နေ့မှာ မြင်လိုက်ရတဲ့ အချိန်မှာတော့လေ မပြောကောင်းမဆိုကောင်း သေများ သေသွားတော့မလားဆိုတဲ့ စိုးရိမ်စိတ် ကျွန်မမှာရှိတယ်၊ အဲလိုမျက်နှာအနေအထားကြီးနဲ့ အဲလိုပုံစံမျိုး ဖြစ်နေတာကိုး၊ ခြေထောက်တွေက ရောင်ကိုင်းပြီးတော့လေ။ အရင်တုန်းက ကိုမြအေးက ရုံးထုတ်ရင် သေသေသပ်သပ်နဲ့ ဖြစ်တာကိုး။ သူ့ကိုယ်သူသာ မသိတာလေ” ဟု ၎င်းက ဆိုသည်။
ဦးမြအေး၏ ခြေကျင်းဝတ်ဒဏ်ရာအပြင် အနာအရှိန်ကြောင့် ပေါင်တွင် အကျိတ်ပေါက်ကာ ပြည်များ စုပ်ထုတ်ထားရသည်ဟု ဒေါ်တဥ္ဇာဦးက ဆက်ပြောသည်။
“သူစစရောက်ချင်းနေ့က သူ့ရဲ့ ဝေဒနာကို သူဂရုမစိုက်ဘဲနဲ့ အပြင်ကလူတွေကို ငါအရမ်းစိတ်ပူတယ်တဲ့၊ အဲဒီသတင်းစကားလေးပဲ အမှာစကားပါးလိုက်တယ်” ဟု ဆိုသည်။
နိုင်ငံရေးအကျဉ်းသားတို့ ဆေးကုသမှုခံယူခွင့်ကို အဆုံးအဖြတ်ပေးသည်မှာ ဆရာဝန်များ၊ ထောင်အာဏာပိုင်များမဟုတ်ဘဲ စစ်ထောက်လှမ်းရေးကသာ ဆုံးဖြတ်နေခြင်း ဖြစ်သည်။
စစ်တပ်က ဦးမြအေးကို ၎င်းတို့အာဏာသိမ်းကြောင်း မကြေညာမီ နာရီပိုင်းအလိုကပင် ရန်ကုန်မြို့နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့သည်။
ထို့နောက် လွန်ခဲ့သော ၇ နှစ်က အီးမေးလ်တစ်စောင်ကို အကြောင်းပြု၍ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ အထင်အမြင်လွဲမှားအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – ဂ ဖြင့် အမှုဖွင့်တရားစွဲဆိုထားသဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ အမှုရင်ဆိုင်နေရသည်။
၂၀၁၄ နိုဝင်ဘာလတွင် ဦးမြအေးက တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ထောက်လှမ်းရေးတစ်ဦးထံ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပေးပို့ခဲ့သည့် စာကြောင့် ထောင် ၂ နှစ်အထိ ချခံရနိုင်သည့် ထိုပုဒ်မဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။
လက်ရှိအထိ တရားလိုဘက်က သက်သေတင်ထားသူ ၇ ယောက်အနက် ၃ ယောက်ကိုသာ စစ်ဆေးထားကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့် ဦးမြအေး တရားခွင်သို့ မသွားနိုင်သည်မှာ ၃ ပတ်ရှိခဲ့ပြီး လာမည့် ၂၂ ရက်တွင်လည်း ရုံးချိန်းရှိကြောင်း ရှေ့နေက ပြောသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.