စဉ့်ကိုင်မြို့ စစ်ကြောရေးတွင် သေဆုံးသော ကျောင်းဆရာ အလောင်းဖျောက်ခံရ

စဉ့်ကိုင်မြို့ စစ်ကြောရေးတွင် သေဆုံးသော ကျောင်းဆရာ အလောင်းဖျောက်ခံရ

အသက် ၃၂ နှစ်အရွယ် CDM ကျောင်းဆရာ ကိုဝင်းလွင်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ-supplied)

စစ်သားများ ဗုံးခွဲခံရပြီးနောက် အဖမ်းခံရသော ရွာသား ၅ ဦး ထဲမှ ၃ ဦး ပြန်လွတ်လာသော်လည်း ကျောင်းဆရာတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်။

By Myanmar Now

စစ်ကောင်စီတပ်သား ၂၀ ခန့်က မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှ ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးစစ်ကြောပြီး ၂၄ နာရီအတွင်း သေဆုံးသွားကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂) နံနက်ပိုင်းက မိသားစုထံ အသိပေးခဲ့သည်ဟု စဉ့်ကိုင်ဒေသခံများထံမှ သိရသည်။

အသက် ၃၂ နှစ်အရွယ် ကျောင်းဆရာ ဦးဝင်းလွင်ကို နိုဝင်ဘာ ၁ မနက်တွင် ဖမ်းဆီးခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာဘိုရွာသားတစ်ဦးက ဆိုသည်။

“စစ်ကြောရေးမှာ သေသွားတယ်။ အလောင်းလာထုတ်ပါဆိုပြီး (မိသားစုကို) အကြောင်းကြားတယ်။ ခုကျတော့ အလောင်းက သူတို့(စစ်တပ်က) ​​သင်္ဂြိုဟ်လိုက်ပြီး ပြောပြန်တယ်။ မိသားစုက အခုထိ အလောင်းကို မရပါဘူး”ဟု ထိုအမျိုးသားက ပြောသည်။

ဦး၀င်းလွင်သည် စဉ့်ကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းတွင် တာဝန်ကျနေရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်လိုဟုဆိုကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး ၎င်း၏ရွာတွင် ဆက်လက်နေထိုင်နေသူ ဖြစ်သည်။

စက်တင်ဘာလကုန်ပိုင်း ရွာတွင် ပေါ်ပေါက်ခဲ့သော ပေါက်ကွဲမှုတစ်ခုနှင့် ပတ်သက်ပြီး မေးမြန်းလိုသောကြောင့်  ဦး၀င်းလွင်ကို ဖမ်းခဲ့ခြင်းဖြစ်နိုင်သည်ဟု စဉ့်ကိုင်မြို့ခံတစ်ဦးက ယူဆသည်။

“သူတို့ရွာ၊ ရွာလယ်ဓမ္မာရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဗုံးနဲ့တိုက်ခိုက်ခံရပြီးတော့ အသေအပျောက်လည်း ရှိတယ်။ အဲ့ဒီမှာ CDM ကျောင်းဆရာတွေကို လိုက်ရှာပြီး ဖမ်းဆီးတော့တာပဲ၊ အဲ့ဒီ ကျောင်းဆရာလည်း ပါသွားတယ်” ထိုသူက ဆက်ပြောသည်။

၎င်းနှင့်အတူ ရွာဘိုရွာမှ ဒေသခံ ၅ ဦး အဖမ်းခံရခြင်းဖြစ်ပြီး ၃ ဦးကို စစ်ကောင်စီတပ်က နေ့ချင်းပြန်လွှတ်ပေးခဲ့ကာ ကျူရှင်ဆရာ ဦးရန်အောင်ဝင်းနှင့် သေဆုံးသူ ကျောင်းဆရာတို့ ဆက်လက်ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“အခုလို ဘာမှမဆိုင်ဘဲနဲ့၊ ဘာကြောင့်ဖမ်းခံရမှန်းလည်း မသိဘဲနဲ့ အပြစ်မရှိဘဲ နှိပ်စက်သတ်ဖြတ်တဲ့ လုပ်ရပ်ကို ရှုတ်ချတယ်။ ပြီးတော့ စဉ့်ကိုင်မြို့မှာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စကစနယ်မြေမှူးကိုလည်း ကျွန်တော်တို့ရွာသားတွေက ရှုတ်ချပါတယ်”ဟု အထက်ပါ ရွာဘိုရွာသားက ဆိုသည်။

ဦးဝင်းလွင်တွင် ဇနီးနှင့် ၂ နှစ်အရွယ် သားတစ်ဦးကျန်ရှိခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်အထိ ကျောင်းဆရာ ဦးဝင်းလွင်သေဆုံးမှု၊ အလောင်းပျောက်ဆုံးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်အာဏာသိမ်းမှုကို ဖီဆန်တော်လှန်သူများတွင် ကျန်းမာရေးဝန်ထမ်းများနည်းတူ ပညာရေးဝန်ထမ်းအများအပြားက အလုပ်ပြုတ်ခံကာ ပူးပေါင်းပါဝင်ခဲ့ကြသူများ ဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့သံသယရှိသူများကို စွပ်စွဲဖမ်းဆီးကာ စစ်ကြောရေး၌ နှိပ်စက်စစ်ဆေးစဉ် သေဆုံးသွားရသူ အများအပြားရှိခဲ့သည်။

မိသားစုကို အလောင်းလာထုတ်ခိုင်းခြင်း၊ အလောင်းကို လမ်းပေါ် ပစ်ချထားခြင်း၊ အလောင်းပင်ပြန်မပေးခြင်း စသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

မြို့နယ်အတွင်း အခြားဖမ်းဆီးမှုများ

၂၇ နှစ်အရွယ် CDM ကျောင်းဆရာတစ်ဦးနှင့် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ဝင်းကွမ်းယာဆိုင်မှ အသက် ၄၀ အရွယ် ကိုဖိုးဝ ဆိုသူတို့သည် ဒေသတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာ၂၉ နေ့လယ်တွင် အဖမ်းခံရသည်။

ထိုနေ့မတိုင်ခင်က ပလိပ်မြို့၊ ဝန်ထမ်းကွက်သစ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဆိုသူ အသတ်ခံရခြင်းဖြစ်ပြီး ၎င်းကို စစ်တပ်သတင်းပေး(ဒလန်) အဖြစ် ဒေသခံအများအပြားက စွပ်စွဲထားကြသည်။

“ဒလန်အောင်မြင့် အသတ်ခံရတာနဲ့ပတ်သက်ပြီး ကိုဖိုးဝတို့က ဆိုင်ကယ်မောင်းပေးသူဆိုပြီး စစ်ကြောရေးမှာ အတင်းနှိပ်စက် ဝန်ခံခိုင်းနေတယ်လို့ ကြားတယ်။ သူနဲ့အတူ ဖမ်းတဲ့ CDM ကျောင်းဆရာလည်း အသက်အန္တရာယ်စိုးရိမ်နေရတယ်”ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

အလားတူ အောက်တိုဘာ ၃၀ တွင်လည်း စဉ့်ကိုင်မြို့နယ်မှ အသက် ၅၀ ကျော်အရွယ် ဒေါ်အေးဝေနှင့် အသက် ၄၀ အရွယ် ဒေါ်ချောစုတို့ကို ‌ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သူများဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

စဉ့်ကိုင်မြို့နယ် အဖမ်းအဆီးအခြေအနေများနှင့် ပတ်သက်၍  Myanmar Now က  စဉ့်ကိုင်မြို့မရဲစခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၁၂၃၃ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသလောက် စောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက နိုဝင်ဘာ ၂  တွင် ထုတ်ပြန်ထားသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia