ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ် ချိပ်ပိတ်ခံရ

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ် ချိပ်ပိတ်ခံရ

နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ပါဝင်လာသူ အသက် ၈၀ အရွယ် ကရင်တိုင်းရင်းသားကြီး မန်းဂျော်နီ။ (ဓာတ်ပုံ − Supplied)

မန်းဂျော်နီ၏ မိသားစုကို ပြောင်းရွှေ့ရန် တစ်ညသာ အချိန်ပေးခဲ့ပြီး သွားမည့်နေရာကိုပါ အသိပေးရန် ဗိုလ်မှူးအဆင့် စစ်ကောင်စီအရာရှိက ပြောသည်ဟု သိရသည်။

By Myanmar Now

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်၌ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မန်းဂျော်နီ၏ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ နေအိမ်ကို စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာ ၃၁) ညက လာရောက်ချိပ်ပိတ်သဖြင့် မိသားစုဝင်များ ညတွင်းချင်း ပြောင်းပေးခဲ့ရသည်။

ထိုနေ့ ည ၈ နာရီတွင် နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၃၆ မှ ဗိုလ်မှူးနှင့် စစ်သားနှစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ရောက်လာကာ ယနေ့ (နိုဝင်ဘာ ၃) နံနက် အပြီးဖယ်ရှားရန်၊ ပြောင်းရွှေ့မည့် နေရာကိုလည်း အသိပေးရန် ညွှန်ကြားခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦးက Myanmar Now ကို ပြောသည်။

မန်းဂျော်နီ၏ သားနှစ်ဦး၊ ချွေးမနှစ်ဦးနှင့် မြေးဖြစ်သူအပါဝင် မိသားစုဝင်ငါးဦးစလုံး အခြားတစ်နေရာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောင်းရွှေ့ပြီးဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။

“ကိုယ်လိုချင်တာယူပြီး တခြားသွားနေပါလို့ ဒီ(အောက်တိုဘာ ၃၁) ည ပြောတယ်၊ အချိန်ပေးတယ်ပေါ့။ လူမဖမ်းတာကို ပြန်ပြီး ကျေးဇူးတင်နေရမလို ဖြစ်နေပြီ။ စိတ်ဆင်းရဲရတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို ပြန်လည်ခုခံရန် စစ်ရေးလေ့ကျင့်နေကြောင်း မန်းဂျော်နီက အများသိကြေညာပြီးနောက်တွင် မိသားစုကိုပါ ပိတ်ပင်မှုများ စ၍လုပ်လာသည်။

ဩဂုတ် ၂၉ တွင် မန်းဂျော်နီ၏ နေအိမ်သို့ ခမရ – ၃၆ က ဝင်စီးကာ ကားတစ်စီးနှင့် လက်ကိုင်ဖုန်းသုံးလုံး သိမ်းယူခဲ့သလို ထိုနောက်ပိုင်းမှစ၍ မန်းဂျော်နီမိသားစုဝင်တို့၏ လွတ်လပ်စွာ သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ အသက် ၈၀ အရွယ် မန်းဂျော်နီသည် အထွေထွေရွေးကောက်ပွဲများဖြစ်သည့် ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စုစုပေါင်းလေးကြိမ်စလုံးတွင် NLD ကို ကိုယ်စားပြု၍ ရွေးကောက်ခံရသူဖြစ်သည်။

ဧရာဝတီတိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) အမတ်အဖြစ် ရွေးချယ်ခံရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ အလိုရှိသူစာရင်းတွင် အခြားသော NLD ခေါင်းဆောင်များနည်းတူ မန်းဂျော်နီလည်း ပါဝင်သည်။

မန်းဂျော်နီနှင့်အတူ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ရွေးကောက်ခံရသည့် အခြား NLD အမတ် သုံးဦးကမူ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအချို့ကိုပင် ပြုလုပ်နေသည်။

အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့အပေါ် ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ပြည်တွင်းနှင့် နိုင်ငံတကာ၌ပါ ဦးဆောင်လှုပ်ရှားနေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့နှင့် ပူးပေါင်းသူများကို ပြစ်ဒဏ်ကြီးလေးသည့် ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက အရေးယူနေသည့်အပြင် မိသားစုပိုင် နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းနေသည်။

ကလေးမြို့လူထု ၂၀၁၅၊ ၂၀၂၀ နှစ်ကြိမ်ဆက်တိုက် မဲပေးရွေးချယ်ထားသော စစ်ကိုင်းတိုင်းလွှတ်တော် အမှတ် ၁ NLD အမတ် ဒေါ်သန့်ဝေကျော်၏ နေအိမ်နှင့် ဆိုင်ကို အောက်တိုဘာ ၁ တွင် စစ်သားများက ဝင်မွှေ၊ ပစ္စည်းအချို့ယူဆောင်ပြီးနောက် ချိပ်ပိတ်သည်။

CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၏ ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းကပင် စစ်ကောင်စီက သိမ်းယူသွားသည်ဟု ကာယကံရှင်ထံမှ သိရသည်။

“အရင့်အရင် စစ်အာဏာရှင်တွေနဲ့ တော်တော်မတူဘူးဗျ။ လူသားမဆန်ဘူး။ နောက်ပြီးတော့ ယုတ်မာ ရက်စက် ရိုင်းစိုင်း၊ ရှင်းရှင်းပြောရရင် ပြောစရာစကားလုံးတောင်မှ ရှာမတွေ့ပါဘူးဗျာ။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုပ်တာ အရင့်အရင်ကတောင် ဒါမျိုးမလုပ်ခဲ့ဘူး။ အခုဒါမျိုးလုပ်တယ်ဆိုတော့ ဥပဒေအရ သူတို့ တစ်နေ့ပြန်ခံစားရမှာပေါ့ဗျာ”ဟု ဦးထွန်းမြင့်က ပြောသည်။

ထို့အတူ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၏ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ရှိသော နေအိမ်ကိုလည်း အောက်တိုဘာ ၃၀ တွင် စစ်ကောင်စီက ချိပ်ပိတ်သည်။

အလားတူပင် နိုင်ငံအနှံ့ရှိ NUG, CRPH နှင့် ပတ်သက်သည့် အခြားသော ပုဂ္ဂိုလ်များ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ စုံစမ်းခံနေရကြောင်း NUG ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက Myanmar Now ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ တိုးပွားလာနေပြီး ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင်ပင် ၎င်းတို့ကို ပစ်ခတ်၊ ပေါက်ကွဲမှုများပေါ်ပေါက်နေသည်။

စစ်ကောင်စီကလည်း လေယာဉ်၊ သံချပ်ကာ၊ အမြောက်ကဲ့သို့ စစ်ဆင်ရေးသုံးပစ္စည်းများကိုပင် ထုတ်သုံးကာ အင်အားအလုံးအရင်းဖြင့် နိုင်ငံအနှံ့ တုံ့ပြန်နေပြီး ဘာသာရေးအဆောက်အအုံနှင့် သာမန်အရပ်သားတို့ကိုပင်မချန် ပစ်မှတ်ထားတိုက်ခိုက်နေသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia