31 October 2021
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာအပြင် လမ်းနံဘေးတွင် စစ်တပ်က ဖမ်းသွားပြီးနောက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ကိုအောင်နိုင်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ ၃၁ ရက်က ရှာဖွေတွေ့ရှိစဉ်။ (ဓာတ်ပုံ – ပေးပို့)
ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့် သုံးရက်က စစ်ကောင်စီ ဖမ်းခေါ်သွားသည့် အသက် ၂၁ နှစ်အရွယ် လူငယ်၏ ရုပ်အလောင်းကို ရွာအပြင် လမ်းနံဘေးတွင် ဝဲဘက်ရင်အုံ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ရှာတွေ့သည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့်သုံးရက်က စစ်ကောင်စီဖမ်းသွားသည့် လူငယ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ (အောက်တိုဘာ ၃၁) နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။
အသက် ၂၁ နှစ်အရွယ် ယောက်သွားအိုင်ရွာသား ကိုအောင်နိုင်ဦး၏ ရုပ်အလောင်းကို ရွာအပြင် လမ်းဘေးတွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ၎င်းမှာ အောက်တိုဘာ ၂၉ နံနက်ပိုင်းက ယောက်သွားအိုင်ကျေးရွာကို စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။
“အဲဒီတစ်ယောက်က ရွာထဲမှာ ပိတ်မိပြီး ဖမ်းခံရတာ။ ဖမ်းခံရတာကတော့ ရွာထဲတင်ပဲ။ (ရုပ်အလောင်း) တွေ့တာက ရွာအပြင်မှာ တောဘက်ကို သွားတဲ့လမ်းမှာ ပစ်သတ်ထားခဲ့တာ။ ခုမနက်မှတွေ့တာ မနေ့ညက ရွာထဲ မဝင်ရဲလို့ မဝင်ကြဘူး” ဟု ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လေ့ရှိသည့် ကိုအောင်နိုင်ဦးမှာ ဝဲဘက်ရင်အုံတွင် ရရှိထားသည့် သေနတ်ဒဏ်ရာ နှစ်ချက်တွေ့ရပြီး ရုပ်အလောင်းကို ကျေးရွာသုဿန်၌ ယနေ့ သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု ယောက်သွားအိုင် ကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အသတ်ခံရတဲ့သူက ဒီအတိုင်းအရပ်သားပါပဲ။ ဘာကိစ္စမှ မရှိပါဘူး။ အလကားဖမ်းပြီး PDF ဆိုပြီး စွပ်စွဲပြီးသတ်သွားတာ” ဟုလည်း အထက်ပါရွာသားက ပြောသည်။
ကိုအောင်နိုင်ဦးမှာ မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးနေသူဟု ထိုဒေသခံက ပြောသော်လည်း အသေးစိတ် မသိရှိရပေ။
အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ယောက်သွားအိုင်ကျေးရွာတွင် လက်နက်နှင့် PDF အဖွဲ့ဝင်များရှိသည်ဟု စွပ်စွဲ၍ စစ်ကောင်စီနှင့် အပေါင်းအပါများက လာရောက်ဒုက္ခပေးခြင်းဖြစ်ကြောင်း ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“မနက်ခင်းဈေးရောင်းတဲ့ ဆိုင်ကယ်တွေကို သူတို့က လမ်းမှာတားပြီး သူတို့က ဈေးသည်ယောင်ဆောင်ပြီး ဝင်တာ ရွာကဒလံက သတင်းပေးပြီးတိုင်လို့ သူက လိုက်ပြတာ”ဟု ၎င်းက ပြောသည်။
ယောက်သွားအိုင်ကျေးရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ် နေအိမ်လေးလုံး ဖျက်ဆီးခံခဲ့ရသည်ဟု သိရသော်လည်း ထိခိုက်ပျက်စီးမှုနှင့် ဖမ်းဆီးခံရသူ မည်မျှရှိသည်ကို မသိရပေ။ ထို့ပြင် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ယမန်နေ့ (အောက်တိုဘာ ၃၀) ကလည်း ခင်ဦးမြို့နယ်အတွင်း အိမ်ခြေ ၄၀၀ ခန့်ရှိ မကျီးအုပ်ကျေးရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က နေအိမ် ၅၀ ကျော်ကို မွှေနှောက်ရှာဖွေဖျက်ဆီးကာ ရွှေနှင့် စားသောက်ဖွယ်ရာများ ယူဆောင်သွားကြောင်း၊ ယနေ့နံနက်ပိုင်းတွင် အင်းပက်ကျေးရွာကို စစ်တပ်က ဝင်စီးကာ နေအိမ်နှစ်လုံးကို မီးရှို့ပြီး မွန်းလွဲပိုင်းအချိန်အထိ တပ်စွဲထားကြောင်း၊ ရွာအတွင်း မွှေနှောက်ရှာဖွေလျက်ရှိကြောင်း ခင်ဦး PDF ပြောခွင့်ရသူက ဆိုသည်။
ခင်ဦးမြို့နယ်အတွင်း ထိုသို့ ကျေးရွာဝင်ရောက်စီးနင်းခံရခြင်း၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း တို့နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ခင်ဦး PDF ၏အဆိုအရ စစ်ကောင်စီတပ်သည် အောက်တိုဘာလမှစ၍ ပျဉ်ထောင်၊ မကျည်းတုံ၊ မဒေါင်းလှ၊ ရွာသစ် စသည့် ကျေးရွာများတွင် တပ်စွဲလျက် အနီးဝန်းကျင်ရှိ ရွာများသို့ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းနေသည်ဟု သိရသည်။
ပျဉ်ထောင်ကျေးရွာကို ဝင်စီးသည့် အောက်တိုဘာ ၁ တွင် စစ်တပ်၏ လက်ချက်ကြောင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် ယခု အောက်တိုဘာလအတွင်း တစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.