29 October 2021
၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက ပြုလုပ်သော ပါတီအစည်းအဝေးသို့ ဦးဝင်းထိန်တက်ရောက်ခဲ့ပုံ (ဓာတ်ပုံ – Myanmar Now)
ဖမ်းဆီးခံရပြီးနောက် ဦးဝင်းထိန်အား နေပြည်တော်အချုပ်ထောင်တွင် ချုပ်နှောင်ထားပြီး၊ ယနေ့တွင် ၎င်းအား ရမည်းသင်းထောင် သို့မဟုတ် အခြားထောင်တစ်ခုခုသို့ ပြောင်းရွှေ့မည်ဟု သိရှိရသည်
By Myanmar Now
စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ – ကဖြင့် တရားစွဲထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်ကို နေပြည်တော်၊ ဒက္ခိဏခရိုင်တရားသူကြီး ဦးရဲလွင် ဦးစီးသည့် တရားသူကြီး နှစ်ပါးထိုင် ခုံအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၉)တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်သည်။
ဦးဝင်းထိန်ကို ချုပ်နှောင်ထားသည့် ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ မတ်လ ၁၉ ရက်မှစ၍ ထိုအမှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးနေခြင်းဖြစ်ပြီး ၈ လနီးပါးရှိလာချိန်တွင် ထိုပုဒ်မအတွက် ချမှတ်နိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်ကျခံစေရန် တရားသူကြီးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်၌ သတင်းဌာနအချို့နှင့် တွေ့ဆုံစဉ် ပြည်သူသို့ ပန်ကြားချက်ဟုဆိုကာ အာဏာသိမ်းမှုမှာ မလုပ်ထိုက်ကြောင်း ဦးဝင်းထိန်၏ ပြောကြားမှုများကြောင့် ဖမ်းဆီးကာ တရားစွဲဆိုရခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်မှ အာဏာသိမ်းပြီး သုံးရက်အကြာ (ဖေဖော်ရီ ၄ ရက်) ကတည်းက ဒက္ခိဏခရိုင်တရားရုံး၌ လျှောက်ထားခြင်းဖြစ်သည်။
ယနေ့ ညနေ ၃ နာရီခန့်တွင် အမိန့်ချမှတ်ပြီးဖြစ်သော်လည်း ဦးဝင်းထိန်ကို လက်ရှိချုပ်နှောင်ထားသည့် အချုပ်ထောင်မှ မည်သည့်အကျဉ်းထောင်သို့ ပို့ဆောင်မည်ဆိုသည်ကိုမူ ညနေ ၅ နာရီခွဲခန့် အချိန်အထိ ရဲတပ်ဖွဲ့ထံ စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းဘက်မှ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးမြင့်သွင်က Myanmar Now ကို ပြောသည်။
“ဦးဝင်းထိန်ကတော့ ကျန်းမာရေးကောင်းပါတယ်။ သူကတော့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ခံနိုင်ရည်ရှိတာဆိုတော့ ဘာမှတော့ မတုန်လှုပ်ပါဘူး”ဟု ၎င်းက ပြောသည်။
အမိန့်မချမီရုံးချိန်းများအတွင်း ရှေ့နေအဖွဲ့၏ ပြောပြချက်အရ ဦးဝင်းထိန်သည် နိုင်ငံတော်အာဏာကို ယူထားသည့် ပါတီကြီးတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရုတ်တရက်ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေပေါ် ၎င်းတွင်တာဝန်ရှိသည်ဟုယူဆကာ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ရပ်ခံချေပသည်ဟု သိရသည်။
“စစွဲကတည်းကိုက (အမိန့်) ချချင်လည်းချ၊ ဘယ်လောက်ချချလို့ ပြောထားတာပါ”ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
အသက် ၈၀ ရှိပြီဖြစ်ပြီး ရောဂါမျိုးစုံရှိနေသည့် ဦးဝင်းထိန်ကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက် NLD ယာယီဌာနချုပ်ရုံးအခြေစိုက်ရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက စစ်ကောင်စီကိုယ်စား တရားစွဲခဲ့ခြင်းဖြစ်သည်။
ဦးဝင်းထိန်မှာ လက်တွန်းလှည်း၊ တုတ်ကောက်အကူအညီဖြင့် သွားလာနေရကာ အသက်ရှူရပ်သည့် ရောဂါကြောင့် အောက်ဆီဂျင် မကြာခဏပေးသွင်းနေရကြောင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက် ဟော်မုန်းအားနည်းရောဂါ၊ ဆီးကျိတ်ကြီးရောဂါများရှိကြောင်း၊ လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ အကျဉ်းထောင်သို့ ပို့ဆောင်ခွင့်ရရေးကိစ္စမှာ အရေးကြီးကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။
တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ရာထူးဖြင့် တာဝန်ထမ်းဆောင်ဖူးသူ ဦးဝင်းထိန်မှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းအား လုပ်ကြံရန်ကြံစည်မှုတွင် ပါဝင်သည်ဆိုကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။
ထို့နောက် စီးပွားရေးသမားအဖြစ် ကျင်လည်ခဲ့သော ဦးဝင်းထိန်သည် ၁၉၈၈ အရေးအခင်းကာလတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး၏ အဆက်အသွယ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီစည်းရုံးရေးခရီးများတွင် လုံခြုံရေးကိစ္စများ စီစဉ်ကြီးကြပ်ခဲ့ရသူ ဖြစ်သည်။
၁၉၈၈ မှ ၂၀၀၉ ခုနှစ်ကာလကြားတွင် ၎င်းသည် နိုင်ငံရေးပုဒ်မများဖြင့် နှစ်ကြိမ်တိုင် ထောင်ချခံခဲ့ရပြီး၊ ထောင်ထဲတွင် အနည်းဆုံး အနှစ် ၂၀ ခန့် နေထိုင်ခဲ့ရသူဖြစ်သည်။ ၎င်းသည် NLD က ပြန်လည်ယှဉ်ပြိုင်ပြီး အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ဖူးသည်။
“ကျွန်မတို့ မျှော်လင့်ပြီးသားပါ၊ သိပ်တော့ အံ့ဩစရာတော့မဟုတ်ဘူး။ ဒါပေမဲ့ ခုလို နှစ် ၂၀ ဆိုတာမျိုး အဓိပ္ပာယ်မဲ့ အမိန့်ချတာကတော့ ဝမ်းနည်းဒေါသထွက်စရာ တော်တော်ကောင်းတယ်။ ဒီလိုမတရားမှုလုပ်တဲ့သူတွေကတော့ နောင်တစ်ချိန်တာဝန်ခံရမှာပဲ” ဟု ဦးဝင်းထိန်၏ သမီးအငယ်ဆုံးဖြစ်သူ အသက် ၃၅ နှစ်အရွယ် မချစ်စုဝင်းထိန်က ဆိုသည်။ ၎င်း၏ ကလေးဘဝနှင့် လူငယ်ဘဝတစ်လျှောက် ဖခင်ဖြစ်သူနှင့် ကွေကွင်းကာ ဖြတ်သန်းခဲ့ရသည်။
စစ်အာဏာသိမ်းသည့်နေ့နှင့် သိမ်းပြီးနောက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် NLD ပါတီခေါင်းဆောင်အများအပြားအား စစ်တပ်က ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှု၊ ကိုဗစ်ကပ်ရောဂါ စည်းကမ်းများဖောက်ဖျက်မှု ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ထားသည်။ ဖမ်းဆီးခံရသူခေါင်းဆောင်များအနက် ပါတီဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းမှာ ထောင်တွင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့သည်။
ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ အမြို့မြို့အနယ်နယ်ရှိ NLD ပါတီရုံးများ ဆက်တိုက်ဆိုသလို တိုက်ခိုက်ဖျက်ဆီးခံနေရပြီး ယခုအပတ် ဗုဒ္ဓဟူးနေ့ ညမထွက်ရအမိန့်ထုတ်ထားချိန်ဖြစ်သည့် သန်းခေါင်ယံတွင် မည်သူမည်ဝါ မသိရသူ ရှစ်ဦးက မန္တလေး NLD တိုင်းရုံးအတွင်း ဝင်ရောက်ကာ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲများတွင် မဲအများစုဖြင့် အနိုင်ရခဲ့သော NLD ပါတီကို မဲသမာမှုကျူးလွန်သည်ဟု စစ်တပ်က စွပ်စွဲကာ တတိယအကြိမ်လွှတ်တော်ခေါ်ယူမည့် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး၊ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းကိုယ်၎င်း ဝန်ကြီးချုပ်ခန့်အပ်ကာ စစ်တပ်၏ ဒေါက်တိုင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်အချို့ကို ၎င်း၏ဝန်ကြီးအဖွဲ့တွင် နေရာများခန့်ထားခဲ့သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.