29 October 2021
အောက်တိုဘာ ၂၈ ညနေ၌ အွန်လိုင်းပေါ်တွင် ပြန့်နှံ့လာသည့် ဓာတ်ပုံတွင် ကသဲရွာသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)
အောက်တိုဘာ ၂၈ တွင် စစ်တပ်က ရှမ်းပြည်နယ် ဖယ်ခုံမြို့ပေါ်မှ ၁ ဦး၊ ကသဲရွာမှ ၁၉ ဦးကို ဖမ်းထားပြီး လူသားဒိုင်းအဖြစ် အသုံးပြုပါက စစ်ကြောင်းကို တိုက်ခိုက်ရခက်မည်ဟု PDF က ပြောသည်။
By Myanmar Now
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကသဲ(ရွှေပြည်အေး) ရွာမှ ယမန်နေ့ (အောက်တိုဘာ ၂၈) တွင် လူသားဒိုင်းအကာအကွယ်အဖြစ် အသုံးပြုရန် စစ်တပ်က ဖမ်းဆီးသွားသည်ဟု ယူဆရသည့် ရွာသား ၁၉ ဦး ပြန်လွတ်မလာသေးဟု ဒေသခံများထံမှ သိရကြောင်း ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။
အောက်တိုဘာ ၂၆ ၌ ရွာအနီး တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပြီး ကသဲရွာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးသွားကြစဉ် ရွာစောင့်အဖြစ် ကျန်ရစ်သည့် သက်ကြီးပိုင်းတချို့ပါဝင်သည့် အမျိုးသားအနည်းငယ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကသဲရွာအတွင်း စစ်တပ်ဝင်ရောက်လာပြီး ရွာခံ အမျိုးသား ၈ ဦးကို ဖမ်းဆီးသွားကြောင်း၊ နောက်ထပ် နာရီအနည်းငယ်အကြာတွင် စစ်တပ်က ပြန်ဝင်လာကာ ကျန်ရွာသား ၁၁ ဦးကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဖယ်ခုံ PDF အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“အခုအချိန်အထိ သူတို့ကို ဘယ်နေရာခေါ်သွားလဲ မသိသေးဘူး၊ သတင်းအစအနပျောက်နေတယ်။ ရွာထဲမှာလည်း စစ်ကောင်စီတပ်တွေက သူများအိမ်တွေ ရိုက်ဖွင့်ပြီးတော့ ဝင်နေတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူ အမျိုးသားများ၏ အမည်နှင့် အခြားအချက်အလက်များကို အသေးစိတ်မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဖမ်းဆီးခံရသူများတွင် အသက် ၄၈ နှစ်အရွယ် ဦးလေးနှင့် အသက် ၃၅ နှစ်အရွယ် ဝမ်းကွဲအစ်ကိုတစ်ဦး ပါဝင်သွားကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက အတည်ပြုသည်။
“သူတို့ဖုန်းတွေက စစ်တပ်က သိမ်းထားတယ်ထင်တယ်။ မဖမ်းခင်က ဆက်သွယ်လို့ရသေးတယ်။ သူတို့ ဒိုင်းကာလုပ်ပြီး ဖမ်းသွားကတည်းက ဆက်သွယ်လို့မရတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ဖမ်းဆီးမခံရခင် တစ်ရက်အလိုအထိ ၎င်းတို့နှစ်ဦးနှင့် ဖုန်းအဆက်အသွယ်ရခဲ့သေးကြောင်း၊ မည်သည့်နေရာတွင် ဖမ်းဆီးထားမှန်းမသိရသေးသည့်အတွက် အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။
ဓာတ်ပုံသက်သေ
အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေသည့် ဓာတ်ပုံတစ်ပုံတွင် မျက်လုံးအဝတ်စည်းထားသည့် အမျိုးသားများ ကြိုးတန်းလန်းဖြင့် တန်းစီသွားလာနေသည့်ပုံ ထွက်ပေါ်လာပြီး ၎င်းတို့မှာ ယမန်နေ့က ဖမ်းခံရသည့် ကသဲရွာသားများဖြစ်သည်ဟု ဒေသခံတို့ကို ကိုးကား၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ သတင်းပြန်ကြားရေး KNIC က ထုတ်ပြန်ထားသည်။
ကသဲရွာသည် ဖယ်ခုံမြို့၏ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် ရှိပြီး ပင်လောင်း-ဖယ်ခုံကားလမ်းဘေးတွင် ရှိကာ လူဦးရေ ၄၅၀ ခန့် နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်သည်။
ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကို ရင်ဆိုင်ရတတ်သည့် စစ်တပ်က အရပ်သားတို့ကို အကာအကွယ်ယူကာ သွားလာလှုပ်ရှားရာတွင် လူသားဒိုင်းအဖြစ် အသုံးပြုသည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားနယ်မြေတွင် ထိုနည်းလမ်းကို စစ်တပ်က ယခင်ကတည်းက အသုံးပြုခဲ့ဖူးသည်။ ယခု ဆက်လက်ပြီး အသုံးပြုနေသောကြောင့် တိုက်ခိုက်ရာ၌ အခက်အခဲများရှိနေသည်ဟု ဒေသခံ PDF များက ပြောဆိုထားသည်။
ကသဲရွာသား ၁၉ ဦး လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခံရကြောင်း၊ ရွာအတွင်းရှိ အရပ်သားတို့၏ နေအိမ်များ ဖျက်ဆီးကာ အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကြောင်း ဖယ်ခုံဒေသ၏ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF- Pekhon Zone) က ယမန်နေ့က ထုတ်ပြန်သည်။
လက်ရှိတွင် စစ်တပ်က ကသဲရွာအတွင်း တပ်စွဲထားပြီး ရွာအတွင်းရှိ အိမ်ကြီးအိမ်ကောင်းအချို့ကို ရိုက်ဖွင့်ပြီး ဝင်ရောက်နေထိုင်နေသည်ဟု ဖယ်ခုံ PDF ထံမှ သိရသည်။
ကသဲရွာအနီးဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖယ်ခုံမြို့ပေါ်တွင် အခြေစိုက်ထားသည့် စစ်တပ်က ကသဲရွာဘက်သို့ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး ကသဲရွာသားများ ပုန်းအောင်းနေသည့် ရွာအနီးရှိ မူးယစ်ဆေးဖြတ်ဆေးရုံသို့လည်း လက်နက်ကြီး ၈ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သည်။
ဖယ်ခုံဒေသ၌ KNDF တပ်ဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာ ၃၀ ၌ တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF-Pekhon Zone)
စစ်ကောင်စီတပ်ရန်ကို တိမ်းရှောင်ခြင်း
ကသဲရွာဒေသခံ ၃၀၀ ကျော်ကတော့ ဖယ်ခုံမြို့အနောက်ဘက်တောင်တန်းများပေါ်ရှိ ကောင်ဝှပ်ရွာတွင် ခိုလှုံနေရပြီး တချို့မှာမူ ဆွေမျိုးများရှိသည့် နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်နေကြရကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။
အလားတူ အောက်တိုဘာ ၂၈ ရက် မနက်ကလည်း ဖယ်ခုံမြို့ပေါ်မှ စပါးကြိတ်သည့် လုပ်ငန်းလုပ်ကိုင်သူ အသက် ၆၀ ဝန်းကျင်ခန့်ရှိသည့် ဦးမြင့်ကျော်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး အပ်နှံထားသည့် ဆန်အိတ်များ၊ ကားတစ်စီး၊ ကျပ်သိန်း ၅၀ ခန့်တို့ကို ယူဆောင်သွားကြသည်ဟု PDF တာဝန်ရှိသူက ပြောသည်။
“သူ့ (ဦးမြင့်ကျော်) ကို ခေါ်သွားတဲ့အချိန်မှာ ခေါင်းကို စွပ်ပြီးတော့ ခေါ်သွားတယ်ပေါ့။ အရပ်ထဲက ပြောတာတော့ ဂုန်နီအိတ်နဲ့ စွပ်ပြီးတော့ လက်ပြန်ကြိုးတုပ်ပြီးတော့ ခေါ်သွားတယ်ပြောတယ်” ဟု သူက ဆက်ပြောသည်။
အောက်တိုဘာ ၂၇ မှစ၍ ဖယ်ခုံမြို့ပေါ်တွင် နေထိုင်ကြသူအများစုက အခြားမြို့နယ်၊ ကျေးရွာများသို့ တိမ်းရှောင်နေကြသော်လည်း ဦးမြင့်ကျော်သည် ဇနီး မီးဖွားထားသည်မှာ မကြာသေးသည့်ပြင် စပါးကြိတ်သည့်လုပ်ငန်းလည်းရှိနေသည့်အတွက် မြို့တွင်ကျန်ရစ်နေခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ ဖယ်ခုံမြို့ပေါ်တွင် လူသူကင်းမဲ့နေပြီး စစ်ကောင်စီစစ်ကြောင်းများက မြို့အနှံ့ ကင်းလှည့်နေကာ စစ်သားတချို့က မြို့ပေါ်ရှိ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများခိုးယူနေသည်ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။
ယနေ့မနက်ကလည်း ဖယ်ခုံမြို့ပေါ်ရှိ လူနေအိမ်တချို့ကို စစ်တပ်က ဝင်ရောက်ရှာဖွေနေရာ ဒေသခံများက ကြိုတင်တိမ်းရှောင်ခဲ့ကြ၍ အဖမ်းခံရသူမရှိကြောင်း သိရသည်။
ဖယ်ခုံမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်နိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဖယ်ခုံမြို့ပေါ်တွင် ခြေမြန်တပ်ရင်း ခမရ-၃၃၆၊ ခမရ- ၄၂၁၊ အင်ဂျင်နီယာတပ်၊ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ တပ်စွဲထားသည်။ တစ်နိုင်ငံလုံးတွင် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ) ၂၀ ရှိရာတွင် (စကခ-၇) မှာ ဖယ်ခုံမြို့တွင် အခြေစိုက်ထားသည်။
ဖယ်ခုံမြို့နယ်နှင့် ကရင်နီဒေသများအတွင်း သက်ဆိုင်ရာ မြို့နယ် PDF များ၊ KNDF နှင့် ကရင်နီတပ်မတော် (KA)၊ ဖယ်ခုံ PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.