29 October 2021
စစ်ကြောရေး၌ သေဆုံးသွားခဲ့ရပြီး အလောင်းထုတ်ပေးရန် ငြင်းဆန်ခံရသည့် အသက် ၃၀ အရွယ် ကိုမင်းမင်းသူ ။ (ဓာတ်ပုံ-Supplied)
တပ်ထောက်ခံပွဲ ရုပ်သံ၊ ဓာတ်ပုံများ လက်ခံရရှိခဲ့သည့် NLD လူငယ်သည် ထောင်ချောက်ဆင် အဖမ်းခံရပြီး ၂ ရက်အတွင်း သေဆုံးသွားသည်၊ စစ်ကောင်စီတပ်က အလောင်းပြန်ပေးခြင်း မရှိပေ။
By Myanmar Now
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် လူငယ်တစ်ဦး စစ်ကြောရေး၌ သေဆုံးသွားသဖြင့် မိသားစုဝင်များက အလောင်းသွားထုတ်ရာ ၎င်းတို့ကိုပါ ဖမ်းဆီးပစ်မည်ဟု စစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း ကာယကံရှင်များထံမှ သိရသည်။
အောက်တိုဘာ ၂၅ ၊ ည ၁၁ နာရီခွဲတွင် တနင်္သာရီမြို့၊ အရှေ့မော်တုံးရွာတွင် အသက် ၃၀ အရွယ် မိုဟာမ္မတ်ဟာနိ ခေါ် ကိုမင်းမင်းသူကို ယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးက နေအိမ်၌ အင်အားသုံးဝင်ဖမ်းခဲ့သည်။
အောက်တိုဘာ ၂၇ တွင် တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ရုံး ပြောဆိုချက်ကို ကိုးကား၍ ထိုလူငယ်သေဆုံးသွားပြီဟု သိရကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။
ကိုမင်းမင်းသူမှာ ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးမကောင်းသဖြင့် တနင်္သာရီမြို့စစ်ကြောရေးမှ မြိတ်မြို့စစ်ဆေးရုံသို့ အောက်တိုဘာ ၂၆ တွင် ပို့ဆောင်လိုက်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု အသိပေးခဲ့ခြင်းဖြစ်သည်။
ယင်းနေ့မှာပင် မိသားစုဝင်များက နာရေးကူညီမှုအဖွဲ့နှင့်အတူ မြိတ်မြို့စစ်ဆေးရုံကို ချက်ချင်းလိုက်သွားသော်လည်း ရုပ်အလောင်းကို မမြင်တွေ့ခဲ့ရပေ။
“နင်တို့ကို အလောင်းပေးဖို့ ဖုန်းဆက်တာ မဟုတ်ဘူး။ နင်တို့ကို သေတယ်ဆိုတာ အကြောင်းကြားဖို့ပဲ ပြောတာ။ အလောင်းက မပေးဘူးတဲ့။ အရင်ကတော့ သူတို့က ပေးမဲ့သဘောမျိုးပြောတာ။ ရင်ခွဲရုံမှာ ရင်ခွဲနေတယ်လို့ ပြောတာ” ဟု ကိုမင်းမင်းသူ၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“နောက်တော့ နှင်ထုတ်လိုက်တယ်။ တံခါးပိတ်လိုက်တော့၊ အားလုံးထွက်ကြ၊ ခင်ဗျားတို့ကိုပါ အားလုံးဖမ်းဆီးလိုက်မယ်၊ အလောင်းမပေးဘူးလို့ ပြောတာ။ ခဏကြာတော့ ပြန်သွားတောင်းတော့ တနင်္သာရီ (စရဖရုံး) ကို ယူသွားပြီလို့ ပြန်ပြောတာ”ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
မိသားစုဝင်များက တနင်္သာရီမြို့ စရဖရုံးသို့ သွားရောက်မေးမြန်းသော်လည်း ၎င်းတို့ကို လက်ခံတွေ့ဆုံခြင်း မရှိကြောင်း သိရသည်။
“အစ္စလာမ်ဘာသာဝင်ဖြစ်နေလို့ အလောင်းကို မီးသင်္ဂြိုဟ်လို့ မရဘူး။ အစ္စလာမ်ဘာသာတရားနှင့်အညီ မြေမြှုပ်ခွင့်ရအောင် သွားတောင်းတာ။ ကိုယ့်ရဲ့ဘာသာတရားအတိုင်းပဲ သင်္ဂြိုဟ်ခွင့်လေး ရချင်တာ”ဟု အထက်ပါ မိသားစုဝင်က ဆက်ပြောသည်။
ကိုမင်းမင်းသူသည် အောက်တိုဘာ ၂၅ ရက်နေ့ နံနက်က တနင်္သာရီမြို့၌ ပြုလုပ်ခဲ့သည့် တပ်ထောက်ခံပွဲနှင့် ဆက်စပ်၍ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ တပ်ထောက်ခံပွဲ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို သူငယ်ချင်း ဝန်ထမ်းအမျိုးသမီးတစ်ဦးက ကိုမင်းမင်းသူထံ ပေးပို့ခဲ့ကြောင်း၊ ထိုအမျိုးသမီးနှင့် အခြားဝန်ထမ်းအမျိုးသမီး ၃ ဦး ဖမ်းဆီးခံရပြီးနောက် ကိုမင်းမင်းသူလည်း ထောင်ချောက်ဆင် အဖမ်းခံရခြင်းဖြစ်နိုင်ကြောင်း ကိုမင်းမင်းသူ၏ မိသားစုဝင်က ဆိုသည်။
“သူ့သူငယ်ချင်းဖုန်းနဲ့ စရဖက ဆက်သွယ်တာ။ ပြီးတော့ ကိုမင်းမင်းသူဆီ ဆက်သွယ်တာ၊ သူ့သူငယ်ချင်းပုံစံမျိုးနဲ့။ သူကလည်း သူ့သူငယ်ချင်းထင်ပြီးတော့ ပြန်ပြောတာပေါ့။ သူပို့ထားတဲ့ ဗီဒီယိုဖိုင်လေး ပြန်ပို့ပေးဆိုတော့ ပြန်ပို့ပေးလိုက်တာ။ ခဏကျတော့ လာဖမ်းတာ”ဟု သူက ဆက်ပြောသည်။
လာဖမ်းရာတွင် စစ်သား ၆ ဦးမှာ အိမ်ပြင်ဘက်တွင် လုံခြုံရေးယူထားပြီး အခြား ၇ ဦးမှာ နေအိမ်အတွင်း ဝင်ရောက်လာကြောင်း၊ အိမ်တံခါး မဖွင့်ပေးသဖြင့် စစ်ကောင်စီအဖွဲ့ဝင်များက အိမ်ကို ကျောက်ခဲဖြင့် အချက် ၃၀၊ ၄၀ ခန့် ထုနှက်သည့်ပြင် “မဆင်းရင် သေနတ်နဲ့ ပစ်ထည့်လိုက်မယ်”ဟု အော်ဟစ်ကာ သေနတ်တစ်ချက် ပစ်ဖောက်ခဲ့ကြောင်း ထိုမိသားစုဝင်က ယင်းနေ့အခြေအနေကို ပြောပြသည်။
ထို့နောက် စစ်သားများက အိမ်ဘေးရှိ စပါးကျီမှတစ်ဆင့် အိမ်ပေါ်တက်လာကာ အိပ်ယာထဲ ဝင်ဖမ်းသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဘာမှလည်း မပြောချင်ဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်က သူတို့ရဲ့ သဘောထားဖြစ်သွားပြီ။ သူတို့က မပေးတော့ဘူးဆိုတော့ ကိုယ်အနေနဲ့ ဘာမှလိုက်လုပ်မရဘူး။ ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။
ဓာတ်ပုံ၊ ဗွီဒီယိုပေးပို့သူ အမျိုးသမီးနှင့် အခြားဝန်ထမ်းအမျိုးသမီး ၃ ဦးမှာ အောက်တိုဘာ ၂၆ တွင် ပြန်လွတ်လာကြောင်း၊ ကိုမင်းမင်းသူမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်သွယ်မှု၊ အကြမ်းဖက်အားပေးမှု၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ သေနတ်နှင့် ကျည်မိသည်ဟု ဆိုကာ လက်နက်ကိုင်ဆောင်မှု စသည့် ပုဒ်မများစွာဖြင့် တနင်္သာရီမြို့ရဲစခန်းတွင် စွပ်စွဲအမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များက ပြန်ပြောပြသည်။
“လာဖမ်းတုန်းက ဒါတွေ ဘာမှမရှိဘူး။ အိမ်ကို လာဖမ်းတဲ့အချိန်တုန်းက ဘာမှမရှိဘူး။ ဘာမှမပါဘူး။ ဖုန်းတော့ ပါသွားတာပေါ့။ အိမ်ကို မွှေနှောက်ရှာဖွေသွားတယ်။ ဘာမှ တွေ့တာမဟုတ်ဘူး။ ဟိုရောက်တော့ ပုဒ်မတွေ တပ်လိုက်တာ”ဟု အထက်ပါမိသားစုဝင်က ဆိုသည်။
အကြမ်းဖက်ပုဒ်မများ၊ မူးယစ်ဆေးဆိုင်ရာပုဒ်မများဖြင့် စွပ်စွဲခံထားရသည့် ကိုမင်းမင်းသူသည် အမျိုးသမီးဆန်ဆန် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ ဆေးလိပ်၊ ကွမ်းယာပင် သောက်စားတတ်သူမဟုတ်ကြောင်း မိသားစုဝင်က ပြောသည်။
“ ရိုးရိုးသားသား ရှာဖွေစားသောက်နေတဲ့ အထည်ချုပ်အလုပ်သမားလေးပါ။ အဲဒီလောက် မိန်းမဆန်တဲ့ သူလေးကို”ဟု ၎င်းက မချိတင်ကဲ ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးဌာနနှင့် တနင်္သာရီမြို့ရဲတပ်ဖွဲ့ထံ Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.