လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် အသက် ၆၀ အရွယ် ဦးစန်းလွင်နှင့် အသက် ၄၄ နှစ်အရွယ် ရာအိမ်မှူးဟောင်း ကိုကျော်ဌေးအောင်တို့၏ ရုပ်အလောင်းများကို NLD မြို့နယ်ရုံးအနီးပလက်ဖောင်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)
မန္တလေးမှ NLD ထောက်ခံသူ ၃ ဦးကို စစ်သားတို့ ဖမ်းဆီးသွားပြီး ၂ ရက်အကြာတွင် ၂ ဦး၏ အလောင်း လာထုတ်ရန် မိသားစုများထံ အကြောင်းကြားခဲ့သည်၊ ကျန် ၁ ဦး၏ အခြေအနေကို မသိရသေးပေ။
By Myanmar Now
မန္တလေး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့၊ လန်ဒန်ဝင်းရပ်ကွက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူ အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာ ယနေ့ (အောက်တိုဘာ ၂၉) မနက်တွင် ၂ ဦး၏ အလောင်းများ လာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်။
အောက်တိုဘာ ၂၇ ၊ ည ၁၀ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား ၅ စီး၊ ဆိုင်ကယ် ၂ စီးဖြင့် လန်ဒန်ဝင်းရပ်ကွက်အတွင်း ဝင်ရောက်လာပြီး အသက် ၆၀ အရွယ် ဦးစန်းလွင်၊ ၄၄ နှစ်အရွယ် လန်ဒန်ဝင်းရာအိမ်မှူးဟောင်း ကိုကျော်ဌေးအောင်၊ အသက် ၅၀ အရွယ် ကိုမိုးကြီးတို့ကို ဖမ်းသွားသည်။
“ကိုမိုးကြီးအိမ်ကို အရင် တံခါးတွေဖျက်ပြီး ဝင်တယ်။ ကိုမိုးကြီးကို ဖမ်းပြီးတော့ ကား ၂ စီး ထပ်အင်အားဖြည့်ပြီး ကျန်တဲ့ နှစ်ယောက်ကို ဖမ်းတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်ကွက်သားတစ်ဦးက ပြောသည်။
အလောင်းများတွင် ရိုက်နှက်နှိပ်စက်ခံထားရသည့် ဒဏ်ရာများအပြင် ဓားဒဏ်ရာများကိုပါ တွေ့ရကြောင်း၊ မန္တလေးဆေးရုံကြီးရင်ခွဲရုံ၌ သွားရောက်ထုတ်ယူခဲ့ရကြောင်း မိသားစုဝင်များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
လူမှုကွန်ရက်တွင် တက်လာသည့်ပုံများအရ ခေါင်းချင်းဆိုင်ရှိနေသည့် အလောင်းများကို ချမ်းအေးသာစံမြို့နယ် NLD ရုံးအနီး ပလက်ဖောင်း၌ တွေ့ရသည်။ ပလက်ဖောင်းဘေးရှိ လမ်းမပေါ်တွင်လည်း ကြီးမားသည့် သွေးကွက်ကို တွေ့ရသည်။
ရုပ်အလောင်းနှစ်ခုကို လူမှုရေးအသင်းမော်တော်ယာဉ်က သွားရောက်ကောက်ယူပြီးမှ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ခြင်းဖြစ်မည်ဟု ရပ်ကွက်နေသူများက ယူဆနေသည်။
သေဆုံးသူ၂ ဦး၏ မိသားစုင်များထံ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
၎င်းတို့အား မည်သည့်အတွက် ဖမ်းဆီးသတ်ဖြတ်သည်ကို မသိရသေးကြောင်း မိသားစုနီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“ဘာ့ကြောင့်ဖမ်းတယ်ဆိုတာတောင် မိသားစုက အခုချိန်အထိ မသိရသေးပါဘူး။ သူတို့က NLD ထောက်ခံသူတွေပဲ ဆိုပါတော့။ ဘာအငြိုးနဲ့ ခုလိုလုပ်လိုက်သလဲ မသိသေးပါဘူး”ဟု ထိုသူက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းဖြစ်သည့် မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။
ရာအိမ်မှူးဟောင်း၊ ဖုန်းပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သည့် ကိုကျော်ဌေးအောင်၏ အလောင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မိသားစုက အားချင်းသင်္ဂြိုဟ်လိုက်ပြီး ဦးစန်းလွင်၏ အလောင်းမှာမူ ရင်ခွဲရုံ၌ပင် ရှိနေသေးပြီး အောက်တိုဘာ ၃၀ တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးကျော်ဌေးအောင်တွင် အရွယ်မရောက်သေးသူ သားသမီး ၂ ဦး ကျန်ရှိပြီး ဦးစန်းလွင်တွင် လူပျိုပေါက်အရွယ် သားတစ်ဦး ကျန်ရစ်သည်။
ဖမ်းဆီးခံရသူ အခြားတစ်ဦးဖြစ်သော ကိုမိုးကြီးနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှ မိသားစုက မသိရသေးပေ။
အဖမ်းခံရသူတို့ ချက်ချင်းသေဆုံးခြင်း၊ ရုပ်အလောင်းများ လမ်းဘေးရောက်နေခြင်းတို့နှင့် ပတ်သက်ပြီး မန္တလေးရဲတပ်ဖွဲ့ရုံးကို မေးမြန်းသော်လည်း တာဝန်ကျအရာရှိက ပြန်လည်ဖြေကြားခြင်း မရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ညဉ့်သန်းခေါင်ကျော်တွင် မဟာအောင်မြေမြို့နယ် ရှမ်းဝိုင်းရပ်မှ NLD ပါတီထောက်ခံသူ အသက် ၅၀ အရွယ် ကိုပေါက်ကြီးဆိုသူကို စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်နေ့ မနက်အစောပိုင်းတွင် ကမ်းနားလမ်း လမ်းလယ်ကျွန်းပေါ်၌ အလောင်းကိုသာ မိသားစုက ပြန်တွေ့ခဲ့ရသည်။
NLD ပါတီဝင်နှင့် ထောက်ခံသူများကို စစ်တပ်က ပစ်မှတ်ထားနှိပ်ကွပ်နေပြီး မန္တလေးမြို့တွင်သာမက ဒေသအသီးတွင်ပါ ဖမ်းဆီး၊ သတ်ဖြတ်နေသည်။
မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပါတီများနှင့် တွေ့ဆုံစဉ် NLD ပါတီကို ဖျက်သိမ်းပြီး ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူမည်ဟု ပြောခဲ့သည့် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၁၂၂၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသလောက် စောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ အောက်တိုဘာ ၂၉ တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများကမူ ထိုကိန်းဂဏန်းမှားယွင်းသည်ဟု တုံ့ပြန်လေ့ရှိသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.