27 October 2021
ပုဒ်မ ၅၀၅ (က) ရင်ဆိုင်နေရသည့် သတင်းသမား ၃ ဦး လွတ်မြောက်မည်ဟု မျှော်လင့်နေချိန်တွင် ပုဒ်မထပ်တိုးသည်ဆိုသော သတင်းသာ ရောက်လာကြောင်း ရှေ့နေက ပြောသည်။
By Myanmar Now
ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရသည့် သတင်းသမား ၃ ဦးကို အကြမ်းဖက်ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်လိုက်သည်ဟု သိရကြောင်း ရှေ့နေများက ပြောသည်။
ထို ၃ ဦးမှာ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနတွင် သတင်းထောက်ချုပ်တာဝန်ယူခဲ့သူ ကိုဝင်းနိုင်ဦး၊ ရပ်နားထားသည့် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ၂၅ နှစ်အရွယ် ကိုဒီမြတ်ငြိမ်း၊ အသက် ၃၀ အရွယ် ကိုပြည့်ဖြိုးအောင်တို့ဖြစ်သည်။
ကိုဝင်းနိုင်ဦး ထပ်မံစွဲဆိုခံရသည့်အမှုနှင့် ပတ်သက်ပြီး မကြာမီ အသေးစိတ်သိရမည်ဟု မန္တလေးမှ ရှေ့နေတစ်ဦးက ပြောသည်။
“သူ့ကို ပထမစွဲထားတဲ့ ၅၀၅ အမှုကို ပြောင်းထားတယ်လို့တော့ တရားရုံးကနေ သိရတယ်။ အကြမ်းဖက်ပုဒ်မ ၅၂ လား၊ ၅၅ လား မသေချာသေးဘူး။ လာမဲ့ ၅ ရက်နေ့ ရုံးချိန်းရှိတယ်။ အဲ့ဒီနေ့မှ တိတိကျကျသိရမှာ။ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတစ်ခုခုဆိုတာတော့ သေချာပါတယ်။ သူ့ကို အရင်စွဲထားတဲ့ ၅၀၅ အမှုက တရားလိုပြသက်သေတွေ စစ်ပြီးနေပြီ။ လိုပြနှစ်ယောက်ပဲ ကျန်တော့တာ” ဟု အဆိုပါ ရှေ့နေက ယမန်နေ့ (အောက်တိုဘာ ၂၆) တွင် ပြောသည်။
“သူ့ကို ဒီနေ့ ရုံးထုတ်ရမှာဖြစ်ပေမဲ့ သူနဲ့ အမှုတွဲထဲက ကျန်တဲ့ လူတွေကိုပဲ ထုတ်လာပါတယ်။ ထုတ်လာတဲ့သူတွေကိုတော့ ၅၀၅ နဲ့ စွဲချက်တင်ပါတယ်။ ကိုဝင်းနိုင်ဦးတော့ မပါလာဘူး”
ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရသူများကို လွှတ်ပေးမည်ဟု စစ်ကောင်စီ၏ အောက်တိုဘာ ၁၈ ကြေညာချက်အရ ထိုသတင်းသမား ၃ ဦး ပြန်လွတ်ရန် မိသားစုများ၊ မိတ်ဆွေများက မျှော်လင့်ခဲ့ကြသည်။
ဇေယျာတိုင်းမ်တွင် လုပ်ကိုင်ခဲ့သူ နှစ်ဦးကို အမှုထပ်တိုးသည်ဟူသော သတင်းမှာ တရားရေးနှင့် ရဲစခန်းအသိုင်းအဝိုင်းမှ ရောက်လာကြောင်း၊ အသေးစိတ် ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသေးကြောင်း ၎င်းတို့၏ အမှုအကြောင်း သိရှိထားသည့် ရှေ့နေတစ်ဦးက ဆက်ပြောသည်။
“တစ်မှုပဲ တရားရုံးကို ရောက်သေးတာ။ အကြမ်းဖက်ပုဒ်မက ရဲစခန်းမှာ ဖွင့်ထားသေးတယ်လို့ပဲ ကြားရတယ်”ဟု ထိုရှေ့နေက ပြောသည်။
ဇူလိုင် ၂၆ ကတည်းက ဖမ်းဆီးခံရသည့် ကိုဒီမြတ်ငြိမ်းမှာ မန္တလေးမြို့ အိုးဘိုထောင်သို့ ရောက်ရှိ နေပြီး အကျဉ်းထောင်အတွင်း ဖွင့်ထားသည့် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ ကိုဒီမြတ်ငြိမ်း၏ ရှေ့နေနှင့် အဆက်အသွယ်မရသေး၍ အသေးစိတ်အခြေအနေများ မသိရသေးပါ။
အောက်တိုဘာ ၁၁ တွင် ဖမ်းဆီးခံရသူ ကိုပြည့်ဖြိုးအောင်ကိုမူ စစ်ကိုင်းမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅ (က)ဖြင့် အောက်တိုဘာ ၂၉ တွင် စတင်စစ်ဆေးမည်ဟု သူ့အမှုအတွက် အကျိုးဆောင်ပေးနေသည့် အမည်မဖော်လိုသူ ရှေ့နေတစ်ဦးထံမှ သိရသည်။
ကိုပြည့်ဖြိုးအောင် ထိန်းသိမ်းခံနေရသည့် စစ်ကိုင်းမြို့ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
အာဏာသိမ်းပြီး ခြောက်လအကြာ ဇူလိုင်လကုန်ကတည်းက လုပ်ငန်းရပ်နားထားသည့် ဇေယျာတိုင်းမ်သတင်းဌာနမှ လက်ရှိဖမ်းဆီးခံထားရသူ နှစ်ဦးအပြင် အယ်ဒီတာချုပ် စောရန်ပိုင်နှင့် အခြားသတင်းထောက်နှစ်ဦးကိုလည်း ပုဒ်မ ၅၀၅ (က)ဖြင့် စစ်ကောင်စီက ဝရမ်းထုတ်ထားဟု သိရသည်။
လွတ်မြောက်နေသူ သုံးဦးကိုပါ ပုဒ်မ ထပ်တိုးခြင်းရှိမရှိ မသိရသေးသလို မူလကတည်းက ထုတ်ပြန်ထားသည်ဆိုသော ဖမ်းဝရမ်းကိစ္စအသေးစိတ်ကိုလည်း အတည်မပြုနိုင်သေးပါ။
ထွက်ပြေးတိမ်းရှောင်နေရသည့် ဇေယျာတိုင်းမ်သတင်းထောက်တစ်ဦးက သတင်းသမားများ ပစ်မှတ်ထား နှိပ်ကွပ်ခံနေရသည်ဟု ပြောသည်။
“သတင်းထောက်တွေမှာက နှစ်ဖက်အသံရအောင် တစ်ဖက်အဖွဲ့အစည်းတွေက ဆက်သွယ်လာတာကို ဘက်မျှအောင်လုပ်ရပါတယ်။ ဒါကို ခုလိုမတရားပုဒ်မတွေတပ် နှိပ်ကွပ်တာဟာ အတော်ကိုဆိုးပါတယ်”ဟု ထိုသတင်းထောက်က ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်မှ ၈လကျော်အတွင်း နိုင်ငံအနှံ့ဖမ်းဆီးခံရသည့် သတင်းထောက် ၁၀၀ ခန့်ရှိကြောင်း၊ ၅၃ ဦးထက်မနည်း ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
အောက်တိုဘာလလယ်ပိုင်းတွင် စစ်ကောင်စီက အကျဉ်းသားအများအပြားကို ချွင်းချက်ဖြင့် ပြန်လွှတ်ရာ ထိုအထဲတွင် သတင်းသမား ၂၀ ဝန်းကျင် ပါဝင်သည်ဟု သိရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.