ဆေးရုံတက်နေရသည့် ဦးဂျင်မီကို စစ်ကောင်စီ နေရာပြောင်းရွှေ့

ဆေးရုံတက်နေရသည့် ဦးဂျင်မီကို စစ်ကောင်စီ နေရာပြောင်းရွှေ့

ဓာတ်ပုံ − ဦးဂျင်မီ Facebook

အောက်တိုဘာ ၂၃ စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖမ်းဆီးစဉ် ရရှိသည့် ဒဏ်ရာကို ကုသမှုခံယူနေသည့် ဦးဂျင်မီကို စစ်ကောင်စီက ဆေးရုံမှ ခေါ်ဆောင်သွားသည်ဟု သိရသည်။ 

By Myanmar Now

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူနေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကို ယမန်နေ့ (အောက်တိုဘာ ၂၆) တွင် စစ်ကောင်စီက နေရာပြောင်းလိုက်သည်ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

စာရေးဆရာတစ်ဦးလည်းဖြစ်သူ ဦးဂျင်မီ ခေါ် ဦးကျော်မင်းယုမှာ အောက်တိုဘာ ၂၃ ရက်ညပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသူဖြစ်သည်။

စစ်ကောင်စီတပ်က ဦးဂျင်မီကို မင်္ဂလာဒုံမှ ခေါ်ထုတ်သွားပြီးနောက် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရတော့ကြောင်း အထက်ပါ စစ်တပ်သတင်းအရင်းမြစ်က ယနေ့ (အောက်တိုဘာ ၂၇) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။

“ဆေးရုံမှာ မရှိတော့ဘူး။ မနေ့ကစပြီး ဆေးရုံမှာ မရှိတော့တာ။ သူ့ကို VIP (အရေးကြီးပုဂ္ဂိုလ်များထားရှိရာအဆောင်) ဆောင်မှာ ထားခဲ့တာ။ အဲ့ဒီမှာ ကုခဲ့တာ။ ဆေးရုံကနေ ပြန်ခေါ်သွားတဲ့နောက်ပိုင်းတော့ ဘာမှ မသိရတော့ဘူးပေါ့”ဟု ၎င်းက ပြောသည်။​

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံအိမ်ရာရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းစဉ် ဦးဂျင်မီက ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းရင်း သံဆူးကြိုးတပ်ဆင်ထားသည့် နေအိမ်ခြံစည်းရုံး အုတ်တိုင်ပေါ် ပြုတ်ကျခဲ့သည်ဟု သိရကြောင်း၊ ၎င်းအပေါ်သို့ အခြားသူတစ်ဦး ထပ်မံပြုတ်ကျရာမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သော်လည်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်ချက်ဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရောက်သွားခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ဇနီးဖြစ်သူ ဒေါ်လာသိန်းက ပြောကြားထားသည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဦးဂျင်မီနှင့် လူချင်းမတွေ့ဆုံတော့ရကြောင်းလည်း ဒေါ်နီလာသိန်းက ပြောသည်။

ဦးဂျင်မီမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ရန်ကုန်တွင် တစ်နေမှတစ်နေရာ ပြောင်းရွှေ့နေထိုင်ရင်း စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေကာ စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ဖူးသည့် ထိုနေအိမ်သို့ ၎င်းပြောင်းရွှေ့နေထိုင်သည်မှာ မကြာသေးကြောင်းလည်း ဒေါ်နီလာသိန်းထံမှ သိရသည်။

ဦးဂျင်မီသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အပါအဝင် အခြားထင်ရှားကျော်ကြားသူတချို့နှင့်အတူ စစ်တပ်က အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာ ဖေဖော်ဝါ ရီ ၁၃ ရက်နေ့ကတည်းက ရာဇသတ်ကြီးပုဒ်မ ၅ဝ၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။

ဦးဂျင်မီသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ စုစည်းတည်ထောင်ထားသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) အဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ဦးဂျင်မီသည် ၁၉၈၈ မှ ၁၉၉၆ အထိလည်းကောင်း၊ ၂ဝဝ၇ မှ ၂ဝ၂၁ အထိလည်းကောင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရဖူးသူဖြစ်သည်။

ဦးဂျင်မီဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့်နည်းတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia