လက်နက်ဖြင့် CDM ဝင်လျှင် ကျပ်သိန်း ၅၀ ပေးမည်ဟု ဖယ်ခုံ PDF ကမ်းလှမ်း

25 October 2021

CDM soldiers (Pekon Township)

လက်နက်ဖြင့် CDM ဝင်လျှင် ကျပ်သိန်း ၅၀ ပေးမည်ဟု ဖယ်ခုံ PDF ကမ်းလှမ်း

ဘက်ထရီဖြင့် ရှော့တိုက်ပစ်ခတ်ရသည့် ဒုံးတစ်ခုဖြင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၇ (စကခ ၇) ဘက်သို့ ပစ်ခတ်နေသည့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ – PDF Pekhon)

လာရောက်ပူးပေါင်းလိုသည့် စစ်သားနှင့် ရဲများစွာရှိနေသည်ဟု သတင်းများကြားရသဖြင့် ဆုငွေသတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း၊ လုံခြုံရေးနှင့် စားဝတ်နေရေးကိုပါ တာဝန်ယူမည်ဖြစ်ကြောင်း ဖယ်ခုံ PDF က ပြောသည်။

By Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံတပ်နယ်အတွင်းရှိ ရဲနှင့် စစ်သားများ လက်နက်နှင့်တကွ လာရောက်ပူးပေါင်းပါက တစ်ဦးလျှင် ကျပ်သိန်း ၅၀ ဆုချီးမြှင့်မည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယမန်နေ့( အောက်တိုဘာ ၂၄) တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ အရှိန်မြင့်လာချိန်တွင် စစ်ကောင်စီက တပ်မိသားစုဝင်များကိုပါမချန် ကင်းစောင့်ခိုင်းသည်အထိ အသုံးချနေ၍ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ မရှိစေရန် ယခုကဲ့သို့ စီမံအသိပေးခြင်းဖြစ်ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့တွေ ဝင်တိုက်တုန်းက သူတို့က စစ်ယူနီဖောင်းတွေဘာတွေလုပ်ပြီးတော့ စစ်တပ်မှာ တစ်ရက်ကို နေ့စား ၇၀၀၀ (ကျပ်) နဲ့ပဲ ကင်းစောင့်ပေးရတာပေါ့။ သေသွားတဲ့အထဲမှာ မှီခိုသူ သားသမီးတွေပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ထုတ်ပြန်တာပေါ့။ သူတို့က စစ်တပ်ကို မလွန်ဆန်နိုင်လို့သာ လုပ်နေရတာ”ဟု ၎င်းက ဆိုသည်။

ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ-၃၃၆ (ခြေမြန်တပ်ရင်း) ၏ အနောက်ဘက်ဂိတ်ပေါက်ရှိ ကင်းစခန်းတစ်ခုကို အောက်တိုဘာလ ၂၂ ညက ဝင်တိုက်ရာတွင် အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ဖယ်ခုံ PDF တာဝန်ရှိသူက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ထိုအခြေအနေတွင် PDF များနှင့် လာရောက်ပူးပေါင်းလိုသည့် စစ်သားနှင့် ရဲများစွာရှိနေသည်ဟု သတင်းများကြားရ၍ ဆုငွေသတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း၊ လုံခြုံရေးနှင့် စားဝတ်နေရေးကိုပါ တာဝန်ယူပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကကတော့ သူတို့လာဖို့ပဲ အရေးကြီးတာ။ လက်နက်ဘယ်လောက်ပဲ ပါလာပါလာ ပြည်သူက အလှူရှင်က ရှိထားပြီးသား ဒီအတွက်။ တကယ်တမ်းလာမယ်ဆို တကယ်ရအောင် လုပ်ပေးမှာပေါ့။ အရမ်းများတဲ့ ပမာဏတွေဘာတွေဖြစ်သွားရင်လဲ မရရအောင် ကျွန်တော်တို့ကတိအတိုင်း ကြိုးစားပေးမယ်။ မဟုတ်ရင်လဲ လက်နက်တွေက ဝယ်ရမှာပဲလေ”ဟု ထိုသူက ပြောသည်။

ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစတင်၍ လာရောက်ခိုလှုံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ရှိပြီဖြစ်ကာ အများစုမှာ ရဲများဖြစ်ပြီး စစ်သားသုံးဦးပါဝင်ကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာနေသဖြင့် ဖယ်ခုံမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေကာ အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

စစ်ကောင်စီဘက်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၇ (စကခ ၇)၊ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ-၃၃၆၊ ခမရ-၄၂၁ နှင့် ခမရ-၄၂၁ တို့ ဖယ်ခုံမြို့အနီးတစ်ဝိုက်တွင် အခြေစိုက်သည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia