စစ်ကောင်စီဖမ်းထားသည့် လေကြောင်းအင်ဂျင်နီယာ ထောင်တွင်း၌ သေဆုံး

စစ်ကောင်စီဖမ်းထားသည့် လေကြောင်းအင်ဂျင်နီယာ ထောင်တွင်း၌ သေဆုံး

ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုး၏ ဈာပနကို ရန်ကိုမြို့ ရေဝေးသုဿန်တွင် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ပေးပို့)

ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) လေယာဉ် Pitot Tube အတွင်း သစ်ရွက်တွေ့မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသည့် အင်ဂျင်နီယာ ကိုမင်းမင်းစိုး ပြန်လွတ်မည်ဆို၍ အင်းစိန်ထောင်ရှေ့ သွားရောက်စောင့်ဆိုင်းသည့် မိသားစုထံ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းစကားရောက်လာသည်။

By Myanmar Now

ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) ပိုင် လေယာဉ်တစ်စီးအတွင်း သစ်ရွက်များ ထည့်သွင်းပိတ်ဆို့မှုဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုးမှာ အောက်တိုဘာ ၁၇ ရက်က ရန်ကုန် အင်းစိန်ထောင်၌ သေဆုံးသွားသည်။

ရောဂါအခံမရှိသူ အသက် ၃၄ နှစ်အရွယ် ကိုမင်းမင်းစိုးမှာ ရုတ်တရက်သတိလစ်သွား၍ အင်းစိန်ထောင်ဆေးရုံ အထူးကြပ်မတ်ဆောင်၌ ကုသနေစဉ် ညပိုင်း၌ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ထောင်အာဏာပိုင်များက အကြောင်းပြခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးစိုးပိုင်က ပြောသည်။

“သွေးပေါင်ချိန်လိုက်တော့ အောက်သွေး ၁၃၀၊ အပေါ်သွေး ၁၇၀ ဖြစ်သွားတယ်။ သူတို့ ကြိုးစားကယ်တင်ပေမဲ့လည်း ဆုံးရှုံးသွားတယ်။ အဲဒီလိုပဲသိရတယ်။ သွေးပေါင်တွေတက်တော့ နှလုံးပေါ့။ နှလုံးထိတယ်။ ကျောက်ကပ်လည်းထိထားတယ်” ဟု ထောင်ဆရာဝန်နှင့် အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဦးစိုးပိုင်က ပြန်ပြောပြသည်။

မကွယ်လွန်မီ တစ်ပတ်ကျော် အောက်တိုဘာ ၉ တွင် ကိုမင်းမင်းစိုး၏ အဆုတ်၌ အစက်အပျောက်များတွေ့၍ ထောင်ဆေးရုံသို့ ပိုခဲ့ရသေးသည်ဟု အကျဉ်းထောင်အရာရှိများက ပြောသော်လည်း အသေးစိတ်ကို မသိရကြောင်း ၎င်းက ဆက်ပြောသည်။

ကိုမင်းမင်းစိုးသေဆုံးသည်ကို အကျဉ်းထောင်မှ ချက်ချင်းအကြောင်းကြားခဲ့ခြင်းမဟုတ်ဘဲ ပြန်လွတ်မည်ဟု သတင်းကြား၍ အင်းစိန်ထောင်ရှေ့၌ အောက်တိုဘာ ၁၈ ရက်တွင် မိသားစုက သွားရောက်စောင့်ဆိုင်းချိန်မှ ထောင်အာဏာပိုင်များက အသိပေးသည်ဟု ဆိုသည်။

ရုပ်အလောင်းကို ထိုနေ့တွင်ပင် အကျဉ်းထောင်မှ ထုတ်ယူခွင့်ရခဲ့ကာ ရန်ကုန်မြို့ ရေဝေသုသာန်၌ အောက်တိုဘာ ၁၉ တွင် သင်္ဂြိုဟ်ခဲ့ကြောင်း၊ ကိုမင်းမင်းစိုး၏ ခန္ဓာကိုယ်တွင် ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများ မတွေ့ရကြောင်း ဦးစိုးပိုင်က ပြောသည်။

“ရှင်းရှင်းပြောရရင် သူ ဘာမှ အပြစ်လုပ်ထားတာ မဟုတ်ဘူးလေ။ စိတ်ပဲ။ အဓိက စိတ်ကိုသတ်တာ” ဟု ၎င်းက ပြောသည်။

ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) လေကြောင်းအင်ဂျင်နီယာ ကိုမင်းမင်းစိုး။ (ဓာတ်ပုံ-ပေးပို့)

Air KBZ လေကြောင်းလိုင်းမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုမင်းမင်းစိုးကို စက်တင်ဘာ ၁၁ ရက်တွင် အစည်းအဝေးလာတက်ရန် ကုမ္ပဏီက အကြောင်းကြားခဲ့ပြီးနောက် ရုံးသို့ ရောက်လာစဉ် စစ်ကောင်စီက ဖမ်းသွားခြင်းဖြစ်သည်။

“ခဏဆိုပြီးတော့ အစည်းအဝေးပုံစံမျိုးနဲ့ ခေါ်သွားတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လိုက်သွားပြီးတော့ အဲဒီမှာ သူတို့ ရဲရိပ်သာ(စစ်ကြောရေး) ပို့ပစ်တာ။ သစ်ရွက်တွေ့တယ်ဆိုတော့ အဖွဲ့စုံစစ်တယ် ပြောတယ်ပေါ့။ ကျွန်တော်လည်း အဲဒီအဖွဲ့က ဘာလဲဆိုတာ သေချာမသိဘူး။ မသိဆို ကျွန်တော်နဲ့ သားနဲ့က ရဲရိပ်သာခေါ်သွားကတည်းက မတွေ့လိုက်ရတော့ဘူး”ဟု ဦးစိုးပိုင်က ပြောသည်။

ကိုမင်းမင်းစိုးမှာ မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေရဲရိပ်သာ(စစ်ကြောရေး) တွင် ၂၄ ရက်ကြာခဲ့ပြီး ထိုမှတစ်ဆင့် အောက်တိုဘာ ၅ တွင် အင်းစိန်ထောင် အပို့ခံရခြင်းဖြစ်ကြောင်း၊ ထိုသို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်က တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ကုမ္ပဏီက ဘာမှဆို ဘာမှ မပြောဘူး၊ ဖုန်းဆက်တောင် ကိုင်ချင်မှကိုင်တာ။ ကိုင်လည်း အပေါ်မေးတော့လည်း အောက်ကို ပြောထားပါတယ်။ အောက်မေးတော့လည်း အပေါ်က ဘာမှပြန်မပြောပါဘူး၊ အဲဒီလိုပဲ (ဘောလီဘော) ပုတ်နေတာ” ဟု ဦးစိုးပိုင်က ပြောသည်။

ဩဂုတ် ၁၂ ရက်တွင် ရန်ကုန်-ဟဲဟိုးသို့ ပျံသန်းမည့် ATR-72-600 လေယာဉ်ကို စစ်ဆေးရာ Pitot Tube တွင် သစ်ရွက်များတွေ့ရှိကြောင်း၊ အခြားတစ်စီးဖြင့် အစားထိုးပျံသန်းရာ Autopilot System ချို့ယွင်းသဖြင့် အမြင့်ပေ ၄၁၀၀ အရောက်တွင် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်သည့် ထိုသတင်းတွင် AIR KBZ ၏ သန့်ရှင်းရေးဝန်ထမ်း၏ စေခိုင်းမှုကြောင့် Line Maintenance Manager သိန်းလင်းထိုက်နှင့် အခြားဝန်ထမ်းလေးဦးက ပြုလုပ်ကြောင်း ဖော်ပြထားပြီး ကိုမင်းမင်းစိုးပါဝင်ခြင်း မရှိပေ။

သို့သော် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လုပ်သက် ၁၁ နှစ်ရှိ အိမ်ထောင်သည် ကိုမင်းမင်းစိုးအပါအဝင် ၂၁ ဦးအထိကို စစ်ကောင်စီက ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ခဲ့ကြောင်း၊ မည်သည့်ပုဒ်မတပ်ကာ စွပ်စွဲထားသည်ကို ကွယ်လွန်ချိန်အထိ သေချာစွာမသိရကြောင်း ဦးစိုးပိုင်က ပြောသည်။

“မဟုတ်တမ်းတရမ်း တရားစွဲတော့ ဒီတစ်ဖက်က အသက်ပေးလောက်အောင်အထိ နစ်နာသွားတာလေ။ ကုမ္ပဏီရဲ့ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိလို့ အဲဒီပြဿနာတက်တာ” ဟု ၎င်းက ဆက်ပြောသည်။

ဝန်ထမ်းများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ AIR KBZ ၏ Chief Engineer ဦးအောင်ဖုန်းအောင်ထံ Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia