ဖမ်းခြင်း၊ လွှတ်ခြင်းနဲ့ မိခင်တို့ရဲ့ ဝန်းရံအားပေးမှု

ဖမ်းခြင်း၊ လွှတ်ခြင်းနဲ့ မိခင်တို့ရဲ့ ဝန်းရံအားပေးမှု

အောက်တိုဘာ ၁၉ ရက်နေ့ ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ – EPA)

အာဏာသိမ်းမှုဆန့်ကျင်သူတွေ အကျဉ်းချခံထားရချိန်မှာ သူတို့ရဲ့ မိသားစုဝင်တွေကလည်း ပြန်လည်ဆုံစည်းရေးအတွက် မျှော်လင့်ချက်ထားပြီး လိုအပ်သလို ကူညီနေကြပါတယ်။

By Myanmar Now

အသက်ခြောက်ဆယ်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ နာမည်ကျော် အင်းစိန်ထောင်ရှေ့မှာ တစ်နေကုန်ရှိနေပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ထောင်နဲ့ချီ ပြန်လွှတ်မယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၈ မှာ ကြေညာလိုက်တဲ့အတွက် လွတ်လာမဲ့ သူတွေထဲ သူ့သမီးဖြစ်သူ ပါကောင်းရဲ့ ဆိုပြီး စောင့်ဆိုင်းနေခြင်းပါ။ သူ့လိုလူတွေ များလွန်းလှတဲ့အတွက် ထောင်ရှေ့မှာ လူအုပ်ကြီးဖြစ်နေတာပါ။

“တစ်ညလုံး ဘုရားရှိခိုး၊ သမီးကို တစ်ညလုံးသတိရ၊ မိုးလင်းတာနဲ့ပဲ သတိရ၊ ညက ရင်တွေတုန်၊ ခုမနက်လည်း မစားနိုင်ဘူး။ ရင်တွေခုန်နေတယ်။ ခုထိတော့ ဘာသတင်းမှ မကြားသေးဘူး” လို့ အမျိုးသမီးကြီးက ပြောပါတယ်။

တကယ်တော့ သမီးဖြစ်သူက နယ်ဘက်က ထောင်တစ်ခုမှာပါ။ နယ်မြို့ကို လိုက်မသွားနိုင်သေးတဲ့ ဒီအမျိုးသမီးက သူ့သမီး အင်းစိန်ကနေ ပြန်လွတ်လာနိုင်ကောင်းရဲ့ ဆိုတဲ့ ယူဆချက်နဲ့ စောင့်ဆိုင်း မျှော်လင့်နေတာလို့ ဆိုပါတယ်။

သူ့သမီးဖြစ်သူကို စစ်ကောင်စီက နှစ်ကြိမ်ဖမ်းဆီးခဲ့တာပါ။

မတ်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့်ခံရ၊ အင်းစိန်မှာ ရက်ပေါင်း နှစ်ဆယ်ကျော် နေထိုင်ခဲ့ရပါတယ်။ ပထမအကြိမ်မှာ ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

ခံဝန်ထိုးထားရတာကြောင့် အိမ်မှာ မနေတော့ဘဲ နယ်မြို့တစ်ခုမှာ ရှောင်တိမ်းနေရာကနေ ဩဂုတ်လအတွင်းမှာ ဒုအကြိမ် အဖမ်းခံရသူပါ။ ဖောက်ခွဲမှုနဲ့ စွဲဆိုခံရပေမဲ့ သူ့ကို ဖမ်းဆီးချိန်မှာ သက်သေခံပစ္စည်းတစ်ခုမျှ ဖမ်းမိတာ မရှိခဲ့ပါဘူး။

မိခင်ဖြစ်တဲ့ ဒီအမျိုးသမီးက အာဏာသိမ်းမှု ၉ လတာ ကာလအတွင်း အကြီးအကျယ် စိတ်သောကရောက်ရတာ နှစ်ကြိမ်ရှိနေပါပြီ။

“သူတို့က ၅၀၅ – က နဲ့ တစ်ခါ၊ အခုတစ်ခါ။ နောက်တစ်ခါထပ်လုပ်ရင် အဲ့ဒီ (ထောင်ဒဏ်) နှစ်ရပ်ပေါင်း ထပ်ခံရမယ်ဆိုပြီးတော့မှ ပြန်လွှတ်တာ၊ ပြန်လွတ်လာသူတွေပြောတာ သတင်းမှာတွေ့လိုက်တယ်” လို့ အမျိုးသမီးကြီးက ဆက်ပြောပါတယ်။

သမီးရဲ့ အိမ်အပြန်အလမ်းကို မြင်တွေ့ရဖို့ အသက်ရှင်ပြီး နေနိုင်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ဘုရားတရားလုပ်ကာ အားတင်းထားတဲ့အတွက် သူ့ရဲ့ ရောဂါအခံရှိတာတွေကိုတောင် မေ့လျော့နေတာပါ။

ရေနစ်နေသူက ကောက်ရိုးမျှင်လေးကို အားကိုးကြသလို ဒီအမျိုးသမီးကလည်း ဘုရားဆွမ်းတော်ကပ်ခြင်း အပါအဝင် သမီးလေးပြန်လွတ်နိုင်ရေးအတွက် လုပ်နိုင်သမျှကို လုပ်ထားပါတယ်။

“ဘေးဘယာကင်းအောင် ဘုရားမှာ ဘယာကြော်ကပ်တယ်၊ သော့ခလောက်ကို ဖွင့်ထားပြီး သော့တန်းလန်းနဲ့ ဘုရားမှာ ကပ်ထားတယ်၊ အရင်တစ်ခါ အင်းစိန်မှာတုန်းကလည်း ဒီလိုကပ်ပြီး မကြာဘူး လွတ်လာတော့လေ၊ အခုလည်း အဲဒီလိုပဲ လုပ်တယ်”

ကိုယ့်အိမ်ရှိတဲ့မြို့ကထောင်မှာ အထိန်းသိမ်းခံရရင် လွတ်လာချိန်မှာ အိမ်ပြန်ရလွယ်ပေမဲ့ တခြားမြို့ကထောင်ရောက်နေရင်တော့ ပြန်ဖို့ မလွယ်ကူပါဘူး။

“ညည အိပ်မပျော်ဘူး သမီးက နယ်ထောင်မှာဆိုတော့၊ သူ ညဘက်ကြီးလွတ်လာရင် ဘယ်လို အိမ်ပြန်လာမလဲ၊ လမ်းမှာ အသိအိမ်ရှိလို့တည်းရင် ဧည့်စာရင်းကိစ္စကလည်း ရှိသေးတယ်၊ စိတ်က ကြာတော့ မခံစားနိုင်တော့ဘူး၊ နှလုံးရောဂါရတော့မယ် ” လို့ ဒေါ်ခင်မေက စိတ်ပင်ပန်းစွာနဲ့ ပြောပါတယ်။

မေလထဲမှာ ဖမ်းဆီးခံခဲ့ရသူ နောက်တစ်ယောက်ဖြစ်တဲ့ အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးရဲ့ မိခင်ကတော့ မျှော်လင့်ချက် သိပ်မထားဘူးလို့ ဆိုပါတယ်။

“မမျှော်တော့ပါဘူး၊ လွတ်မယ်ဆိုပြီး နှစ်ကြိမ်ရှိပြီ ပါမလာဘူးလေ။ သူကတော့ ၅၀၅ ပဲ။ သူ့သူငယ်ချင်းတွေကတော့ ပုဒ်မ နောက်တစ်ခု ထပ်ကပ်တယ် တဲ့။ လွတ်ပါ့မလား မသိဘူး”

မျှော်လင့်ချက် များများမထားရတဲ့ အကြောင်းရင်းထဲမှာ သမီးဖြစ်သူရဲ့ ခံယူချက်နဲ့လည်း သက်ဆိုင်ပါတယ်။

“သူက ခေါင်းမာတယ်။ စစ်ကောင်စီကိုလည်း သူက အသနားခံစာမတင်နဲ့လို့ ပြောထားတယ်။ ခံဝန်ထိုးရမှ လွတ်မယ်ဆိုရင် မထိုးဘူးဆိုပြီးများ လုပ်နေမလား စိုးရိမ်တယ်”

စတင်ဖမ်းဆီးခံရချိန်မှာ ဖမ်းခံရသူတွေကို မိသားစုတွေအနေနဲ့ ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာကို စုံစမ်းရ၊ စိတ်မောရပါတယ်။ ထောင်ကို ရောက်ပြန်တော့လည်း တွေ့ခွင့်မရပေမဲ့ အစားအစာ၊ အသုံးအဆောင်နဲ့ လိုအပ်တဲ့ဆေးဝါး ပို့နိုင်ရေး စီစဉ်ရပါတော့တယ်။

မိသားစုစီးပွားရေး အဆင်ပြေသူတွေကတော့ လုံလုံလောက်လောက် ပို့နိုင်ကြပါတယ်။ ထောင်ဝင်စာတွေပို့နိုင်ရေး ကြိုးစားရင်း လွတ်မြောက်လာမဲ့ နေ့ရက်တွေကိုလည်း မျှော်လင့်နေကြတာပါ။

အာဏာသိမ်းစစ်ကောင်စီကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်သူ၊ အန်တုသူတွေကို ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်တဲ့အတွက် အရပ်သား ထောင်နဲ့ချီ ဖမ်းဆီးခံရ၊ ရာထောင်ချီ သေဆုံးနေပါတယ်။

၅၀၀၀ ဝန်းကျင်ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ကြေညာထားတဲ့အတွက် ဒီရက်ပိုင်း အင်းစိန်ထောင်ရှေ့မှာ လူအများအပြား စုဝေးနေကြမှာပါ။

ဒီရက်ပိုင်း မိုးရွာတဲ့အချိန်ဖြစ်ဖြစ် နေပူတဲ့အချိန်ပဲဖြစ်ဖြစ် အကျဉ်းကျနေသူများရဲ့ မိသားစုဝင်တွေဟာ အထဲကလူ ဒီနေ့ထွက်လာနိုင်မလား မျှော်လင့်ချက်နဲ့ နေ့စဉ် စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ ဘုရားကျောင်းကန်သွားတဲ့သူတွေထဲမှာ ဘာသာရေးထုံးတမ်းစဉ်လာအရ သွားတဲ့သူတွေ ပါဝင်သလို အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်နိုင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အလွှတ်ပြနေပေမဲ့ ထောင်တွေထဲမှာ လူအများကြီး လျော့မသွားသေးပါဘူး။ အာဏာသိမ်းမှုဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားတာ အများအပြားကျန်နေသေးတဲ့အပြင် ဒီလိုအဖမ်းအဆီးတွေက အနယ်နယ်အရပ်ရပ်မှာ နေ့တိုင်း ရှိနေလို့ပဲ ဖြစ်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဟာ အကျဉ်းထောင်တွေကို မဖြစ်မနေ ဖြတ်သန်းကြရတဲ့ထုံးစံရှိတဲ့အတိုင်း ထောင်နဲ့ချီတဲ့ အာဏာရှင်အန်တုသူတွေဟာ နံရံလေးဘက်ကြားထဲ ရောက်နေကြပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကတော့ ထောင်အပြင်ဘက်ကနေ သူတို့ကို အားဖြည့်ပေးနေကြပါတယ်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia