မျက်လုံးတစ်ဖက် ဆုံးရှုံးသည်အထိ ပစ်ခတ်ဖမ်းဆီးခံရသူ လူငယ် ထောင် ၁၀ နှစ်ချခံရ

မျက်လုံးတစ်ဖက် ဆုံးရှုံးသည်အထိ ပစ်ခတ်ဖမ်းဆီးခံရသူ လူငယ် ထောင် ၁၀ နှစ်ချခံရ

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာသား ကိုကောင်းထက်ဇော်ကို ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အောက်တိုဘာ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-Supplied)  

စစ်တပ်၏ ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် မျက်လုံးပေါက်ထွက်သည်အထိ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသနေစဉ် ဖမ်းဆီးခံရကာ ပုဒ်မနှစ်ခုဖြင့် ၇ လအကြာတွင် ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်

By Myanmar Now

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် မတ်လအတွင်းက စစ်သားများ၏ ပစ်ခတ်မှုကြောင့် မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရသည့် လူငယ်မှာ ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးအရေးယူခံရပြီးနောက် အောက်တိုဘာ ၈ ရက်တွင် ထောင်ဒဏ်ချခံခဲ့ရသည်။

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာမှ အသက် ၂၁ အရွယ် ကိုကောင်းထက်ဇော်ကို ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၃ နှစ်၊ လူသတ်ရန်အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အိုးဘိုထောင်တွင်းရှိ တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

“အမြင့်ဆုံးပြစ်ဒဏ်တွေချည်းပဲ ချထားတာ။ သီးခြားစီ ချခံရမယ်ဆိုတော့ ၁၀ နှစ်ဖြစ်သွားတာပေါ့” ဟု ကိုကောင်းထက်ဇော်၏ ရှေ့နေ ဦးပေါ်ဦးက ပြောသည်။

ဂျင်ကလိတွေ့သည်ဆိုကာ လူသတ်ရန်အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် အမိန့်ချလိုက်သော်လည်း တရားလိုဘက်က ခိုင်မာသည့် သက်သေမတင်ပြနိုင်ခဲ့သောကြောင့် တိုင်းတရားရုံးအထိ အယူခံဆက်တက်မည်ဟု ၎င်းက ဆက်ပြောသည်။

“အထောက်အထားမပြနိုင်ဘူး။ သူတို့ ပစ်တယ်ရယ်လို့လည်း အထောက်အထားမပြနိုင်ဘူး။ ဘယ်သူပစ်မှန်းလည်း မသိပါဘူး။ ပစ်ချင်မှလည်း ပစ်မှာပါလေ။ ပစ်လို့ ဘယ်သူဘယ်ဝါ ထိတယ် မှန်တယ်လို့လည်း မပြနိုင်ဘူး၊ ဘယ်စစ်သားမှလည်း ဒဏ်ရာရတာ မရှိပါဘူး။ အဲ့ဒါကြောင့် တိုင်းတရားရုံးကို အယူခံဆက်တက်သွားမယ်” ဟု ရှေ့နေ ဦးပေါ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်က သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ကျောက်ဖြူ စသည့် ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်း အကြမ်းပတမ်းပစ်ခတ်စဉ် အရပ်သား ၅ ဦး သေဆုံးကာ ကိုကောင်းထက်ဇော်အပါအဝင် ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုစဉ်က ကျောက်ဖြူရွာအနီး ရောက်ရှိနေသော ကိုကောင်းထက်ဇော်မှာ စစ်သားများပစ်ခတ်မှုကြောင့် ညာဘက်မျက်လုံး ပေါက်ထွက်ကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ သပိတ်ကျင်းနှင့် စဉ့်ကူးဆေးရုံများတွင် ပြသခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ပြင်ဦးလွင်ရှိ စစ်ဆေးရုံသို့ သွားရောက်ကုသစဉ် အဖမ်းခံရကာ အိုးဘိုထောင်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

“ညာဘက်မျက်လုံး ပေါက်ထွက်ပြီးတော့ ဘယ်ဘက်မျက်လုံးလည်း မဖွင့်နိုင်သေးတဲ့အချိန်မှာ ဆေးရုံမှာ ၁၅ ရက် နေပြီးတော့ (ထောင်)ခေါ်သွားးတာ။ အခုတော့ အမိန့်ချပြီလို့တော့ ကြားတယ်။ အခုထိလည်း မိသားစုနဲ့ တစ်ခါမျှ တွေ့လို့မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံလိုက်ရပြီးနောက် သားဖြစ်သူ၏ ဒဏ်ရာများကို ဆက်ဆေးကုသခွင့်ပေးရန်၊ မိသားစုနှင့် တွေ့ခွင့်ရရန် ကိုကောင်းထက်ဇော်၏ မိခင်ဒေါ်ဝင်းဝင်းမြင့်က ဧပြီလဆန်းပိုင်း၌ ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား၍ အကူအညီတောင်းခံခဲ့သည်။

မိခင် ဒေါ်ဝင်းဝင်းမြင့်က သားဖြစ်သူ လွတ်မြောက်ရေးအတွက် ဧပြီလအတွင်းက Facebook ပေါ်တင်ပြီး တောင်းဆိုခဲ့စဉ်။ (ဓာတ်ပုံ-Supplied)  

“ညာဘက်မျက်လုံးထဲကို ကျည်ဝင်ပြီး နားထင်ကနေ ပေါက်ထွက်သွားတာ။ မျက်လုံးက လုံးဝပျက်သွားတာ။ မရှိတော့ဘူး။ လုံးဝထုတ်ပစ်လိုက်ရတာ” ဟု ကိုကောင်းထက်ဇော်၏ ဒဏ်ရာအခြေအနေအပေါ် ရှေ့နေ ဦးပေါ်ဦးက ပြောသည်။

ကိုကောင်းထက်ဇော်သည် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံဝန်းရံခဲ့သော လူငယ်တစ်ဦးဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၁ မှ အောက်တိုဘာ ၁၆ အထိ စစ်တပ်အာဏာသိမ်းပြီး ၈ လခွဲကျော်အတွင်း စစ်ကောင်စီက ပြည်သူ ၁,၁၇၈ ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည့်ပြင် နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးထားသည့် ၇,၀၀၀ ကျော်အနက် ၃၅၅ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia