အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဦးမြအေး ဆေးရုံတက်နေရ

အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဦးမြအေး ဆေးရုံတက်နေရ

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်ရန် ရန်ကုန်မြို့လယ်၌ ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲတစ်ခုတွင် ဟောပြောနေသည့် ဦးမြအေး။ (ဓာတ်ပုံ-EPA)

အာဏာသိမ်းသည့် နံနက်ကတည်းက ဖမ်းခံရပြီး အင်းစိန်ထောင်၌ ရှိနေသူ နှလုံးရောဂါသည် ဦးမြအေး၏ ညာဘက်ခြေချင်းဝတ်ဒဏ်ရာ ပိုးဝင်၍ လမ်းပင်မလျှောက်နိုင်ဟု ၎င်း၏ ရှေ့နေထံမှ သိရသည်။

By Myanmar Now

ရန်ကုန်၊ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးမှာ ညာဘက်ခြေကျင်းဝတ်ရှိ အနာပိုးဝင်၍ လမ်းမလျှောက်နိုင်သဖြင့် အောက်တိုဘာ ၁၄ ရက်မတိုင်မီကတည်းက ဆေးရုံတက်ကုသနေရကြောင်း ၎င်း၏ ရှေ့နေ ဦးသက်နောင်ထံမှ သိရသည်။

ဦးမြအေးမှာ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းခံထားရသူဖြစ်ပြီး ၎င်း၏ လက်ရှိကျန်းမာရေးအခြေအနေကို အကျဉ်းဦးစီးဝန်ထမ်းအချို့ထံမှ စုံစမ်းသိရှိခြင်းသာဖြစ်၍ အင်းစိန်ထောင်ဆေးရုံ သို့မဟုတ် ထောင်ပြင်ပ မည်သည့်နေရာတွင် ကုသနေသည်ကိုမူ အတည်မပြုနိုင်သေးဟု ၎င်းက ဆိုသည်။

“သူက နဂိုကတည်းက နှလုံးကို ခွဲကတည်းက ခြေထောက်မှာ ဒဏ်ရာရှိတယ်လို့ ပြောတယ်။ အထဲ(ထောင်) မှာကျတော့ ရေကြောင့်လည်းပါမယ်။ အခြား သန့်ရှင်းမှုမရှိတာကြောင့် ပါမှာပေါ့။ ပိုးဝင်သွားပြီးတော့ အဲဒီနေရာမှာ ခြေထောက်ကြီးရောင်ပြီးတော့ လုံးဝလမ်းလျှောက်လို့ မရတော့ ဖောင်းကားနေတာမျိုး” ဟု ဦးသက်နောင်က Myanmar Now ကို ပြောသည်။

နှလုံးသွေးကြောလေးခုစလုံး ခွဲစိတ်မှုခံယူထားရသူ အသက် ၅၄ နှစ်အရွယ် ဦးမြအေးမှာ ဇူလိုင်လနှောင်းပိုင်းက ရာသီတုပ်ကွေးရောဂါဖြင့် အင်းစိန်ထောင်ဆေးရုံတွင် ကုသမှုခံခဲ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“ခြေထောက်ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့ ဆေးရုံက သေချာလေးလုပ်ပေးနေတယ်လို့ ကြားတယ်ဗျ။ နည်းနည်းတော့ သက်သာပြီလို့ ပြောတယ်ဗျာ။ ဆေးရုံက လောလောဆယ်တော့ မဆင်းရသေးဘူး” ဟု ဦးသက်နောင်က ဆိုသည်။

ဦးမြအေးကို လွန်ခဲ့သော ၇ နှစ်က အီးမေးလ်တစ်စောင်ကို အကြောင်းပြု၍ စစ်ကောင်စီက လူမျိုးတစ်မျိုးကို​ဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ အထင်အမြင်လွဲမှားအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (ဂ) ဖြင့် တရားစွဲဆိုထားကာ အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ အမှုရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ထောက်လှမ်းရေးတစ်ဦးထံ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အီးမေးဖြင့် ၂၀၁၄ နိုဝင်ဘာလက ရေးသားပေးပို့ခဲ့သည်ဟု ထောင်နှစ်နှစ်ချနိုင်သည့် ထိုပုဒ်မဖြင့် ဦးမြအေးကို စစ်ကောင်စီက စွပ်စွဲထားသည်။

သို့သော် ဖမ်းဆီးခံရပြီး ရှစ်လကျော်ကြာချိန်အထိ အမှုမှာ တရားလိုပြသက်သေများကို စစ်ဆေးနေဆဲ အဆင့်၌သာ ရှိသေးကာ စစ်ကောင်စီဘက်မှ စွဲချက်တင်နိုင်လောက်သည့် သက်သေထင်ရှားပြနိုင်ခြင်း မရှိသေးကြောင်း ဦးမြအေး၏ ရှေ့နေထံမှ သိရသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက ယနေ့(အောက်တိုဘာ ၁၈) ထုတ်ပြန်သည့် အမိန့်အရ ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးမည့် အကျဉ်းသား ၁၃၀၀ ကျော်၊ တရားရင်ဆိုင်နေရသူ ၄၃၀၀ ကျော် စာရင်းတွင် ကျန်းမာရေးမကောင်းသူ ဦးမြအေးကို ပါဝင်စေချင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပါလာမယ်လို့လည်း မျှော်လင့်တယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းသွားတာဆိုတော့ ဘာမှ လုပ်ထားတာလည်း မရှိဘူးလေ” ဟု ဦးသက်နောင်က ပြောသည်။

ဦးမြအေးသည် ၁၉၈၈ ခုနှစ်မှ စတင်သည့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများတွင် ကျောင်းသားခေါင်းဆောင်အဖြစ် အစဉ်တစိုက် ပါဝင်ခဲ့သူဖြစ်ပြီး အာဏာရှင်ဟောင်း၊ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် ၁၉၈၉ နှင့် ၂၀၀၇ ခုနှစ် တို့တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရဖူးသူဖြစ်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia