15 October 2021
နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် ၂၀၁၉ ခုနှစ်အတွင်း တွေ့ရသည့် ရှေ့နေ ဦးခင်မောင်ဇော်။ (ဓာတ်ပုံ – Myanmar Now)
အာဏာသိမ်းသည့်နေ့ နံနက်ပိုင်းက စစ်တပ်၏ ခြိမ်းခြောက်အကျပ်ကိုင်မှုများအကြောင်း သမ္မတဦးဝင်းမြင့်၏ တရားခွင်ထွက်ဆိုချက်ကို ကမ္ဘာသိသတင်းပြန်ကြားပြီးနောက်တွင် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်၏ ပြောရေးဆိုခွင့် ကန့်သတ်ခံလိုက်ရသည်။
By Myanmar Now
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုများတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်ကို မီဒီယာအပါအဝင် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်၍ တရားခွင်ဆိုင်ရာကိစ္စ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်သည်။
နေပြည်တော်၊ ပျဉ်းမနားမြို့တွင် နေထိုင်သည့် ဦးခင်မောင်ဇော်၏ ပြောဆိုချက်များမှာ ပုဂ္ဂိုလ်တစ်ဦးဦးအား နှောက်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှုံးမှု၊ အများပြည်သူတို့၏ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်စေနိုင်သည်ဆိုကာ နောက်ထပ် အမိန့်တစ်စုံတရာ မထုတ်မချင်း ပြောခွင့်မရှိဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁၄ ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ဆင့်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းက အတည်ပြုသည်။
ဦးခင်မောင်ဇော်အနေဖြင့် ပြည်တွင်းပြည်ပမီဒီယာများအပါအဝင် သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ စသည့် မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်ပြောဆိုခြင်း မပြုရန် စစ်ကောင်စီက ကန့်သတ်လိုက်ခြင်းခြင်းဖြစ်သည်။
ထိုမတိုင်မီ နှစ်ရက်ဖြစ်သည့် အောက်တိုဘာ ၁၂ ရုံးချိန်၌ အာဏာသိမ်းသည့်နေ့က စစ်တပ်က ဖိအားပေးခြိမ်းခြောက်ခဲ့ပုံများနှင့် ပတ်သက်၍ သမ္မတဦးဝင်းမြင့်၏ ထွက်ဆိုချက်ကို ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က ကမ္ဘာသိ သတင်းပြန်ကြားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်ကို စစ်ကောင်စီက ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်ခြင်းနှင့် ပတ်သက်၍ တရားရုံးများမှာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်ကို မမေ့သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့မှ တရားရေးဝန်ကြီး ဦးသိန်းဦးက ဆိုသည်။
စစ်ကောင်စီ၏ တရားခွင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခေါင်းဆောင်များဖြစ်ကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန်ပြောဆိုမှုမှန်သမျှကို ပြည်သူများသိရှိရန် ရှေ့နေများက ထင်မြင်ယူဆချက်မပါဘဲ ပြန်ကြားခွင့်ရှိကြောင်းလည်း ဦးသိန်းဦးက ထောက်ပြသည်။
“တရားခွင်မှာ အာဏာရှိတာက တရားသူကြီး။ ထွေအုပ်က ပြောတယ်ဆိုလို့ရှိရင် ထွေအုပ်တောင် ပြန်ပြီး တရားရုံးက အရေးယူရမှာ။ ဒါ တရားခွင်နဲ့ ပတ်သက်တဲ့ကိစ္စ ထွေအုပ်နဲ့ ဘာမှမဆိုင်ဘူး” ဟု ၎င်းက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ငါးဦးပါ ရှေ့နေအဖွဲ့ထံမှ မှတ်ချက်တစ်စုံတရာ မရသေးသလို စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါ။
ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီကတည်းက ဖမ်းခံထားရသည့် ဦးဝင်းမြင့်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) အပြင် ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မဖြင့်ပါ တရားစွဲထားသည်။
ဒေါ်အောင်ဆန်းစုကြည်မှာမူ ပြစ်ဒဏ်ကြီးလေးသည့် အဂတိမှုများအပါအဝင် စုစုပေါင်း ပုဒ်မ ၁၁ ခုဖြင့် တရားရင်ဆိုင်နေရသည်။
မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း အတည်မပြုနိုင်သေးသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အတွက် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ခြံအမှတ် ၁ တွင် သီးသန့်တရားရုံးဖွင့်ကာ အမှုအလိုက် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အဆင့် တရားသူကြီးက လာရောက်ရုံးထိုင်ကြားနာသည်။
ထိုသီးသန့်တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ်လျှင် လေးရက်၊ ဦးဝင်းမြင့်က တစ်ပတ်လျှင် နှစ်ရက် စစ်ဆေးခံနေရပြီး ဦးခင်မောင်ဇော်ဦးဆောင်သည့် ငါးဦးပါရှေ့နေအဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေသည်။
ဦးခင်မောင်ဇော်နည်းတူ ထိုငါဦးပါရှေ့နေအဖွဲ့ဝင် ဒေါ်စန်းမာလာညွန့်ကို စစ်ကောင်စီက လွန်ခဲ့သည့် နှစ်လကျော်က အလားတူပိတ်ပင်ခဲ့သည်။ ၎င်းသည် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် စားသောက်ဖွယ်ရာများ ပုံမှန်ပို့ပေးနေသူဖြစ်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.