14 October 2021
တောင်ငူလေတပ်စခန်းဌာနချုပ်မှ အမျိုးသမီးအရာရှိများ ပြုစုထားသည့် စစ်တပ်၏ နေ့စဉ်ဝါဒဖြန့်သတင်းအမှား ဖြန့်ဝေမှုစာရင်း။ (ဓာတ်ပုံ − Supplied)
တောင်ငူလေတပ်စခန်းဌာနချုပ်မှ အမျိုးသမီးအရာရှိများ ပြုစုထားသည့်စာအရ သတင်းအမှားနှင့် ဝါဒဖြန့်သတင်းများ မည်သို့ဖြန့်ဝေကြောင်း အထက်ကို နေ့စဉ်တင်ပြနေရသည်ဟု သိရသည်။
By Myanmar Now
အာဏာသိမ်းစစ်ကောင်စီက ၎င်းကိုဆန့်ကျင်သူ အင်အားစုများ သွေးကွဲစေမည့် ဝါဒဖြန့်သတင်းအမှားများကို Facebook လူမှုကွန်ရက်တွင် နေ့စဉ်ဖြန့်ဝေစေလျက်ရှိရာ တပ်တွင်းရှိ အမျိုးသမီးများပါမကျန် ထိုသို့ဖြန့်ဝေပေးနေရကြောင်း တောင်ငူလေတပ်စခန်းဌာနချုပ်မှ အမျိုးသမီးအရာရှိများ ပြုစုထားသည့် စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော တပ်အရာရှိများထံမှ ရရှိသည့် ထိုစာရွက်စာတမ်းများအရ တပ်တွင်းရှိ အမျိုးသမီးအရာရှိများ ဦးဆောင်ကာ နေ့စဉ်သတင်းအမှားများ၊ ဝါဒဖြန့်သတင်းများ ဖြန့်ဝေနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် စစ်ကောင်စီက သတင်းအမှားများဖြန့်ဝေစေရာ၌ ဖြန့်ဝေသည့်အကြိမ်ရေ၊ Like , Comment, Share စသည့် ဆောင်ရွက်ချက်များကို နေ့စဉ်စာရင်းပြုစုကာ အထက်ကို အစီရင်ခံတင်ပြရသည်ကို တွေ့ရသည်။
တောင်ငူလေတပ်စခန်းဌာနချုပ်ရှိ အမျိုးသမီးအရာရှိများက စာရင်းပြုစုကာ အထက်ကို တင်ပြသည့် စာတစ်စောင်တွင် တစ်ပတ်အတွင်း Facebook Post ၁၅ ခု ရေးတင်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
တပ်တွင်းရှိ အမျိုးသမီးများကို ၎င်းတို့၏ မူလတာဝန်ထက် ယခုကဲ့သို့ ဝါဒဖြန့်သတင်းမှားများ ဖြန့်ဝေခိုင်းနေခြင်းမှာ စစ်ကောင်စီက ပြည်သူ့တော်လှန်ရေးကို စနစ်တကျပုံဖျက်နေခြင်းဖြစ်ကြောင်း တပ်မတော် CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးညီသုတက ပြောသည်။
“စစ်သားတွေရဲ့ စိတ်ထဲမှာ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ ဆောင်ရွက်မှုတွေကို အမြင်မှားစေဖို့၊ အသိမှားစေဖို့ ပုံမှားရိုက်နေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တန်ပြန်ဝါဒဖြန့်တာတွေကို လုပ်တဲ့အတွက် အထဲမှာရှိနေတဲ့ စစ်သားတွေဟာ အချက်အလက်အမှားတွေ၊ အယူအဆအမှားတွေ သူတို့ဦးနှောက်ထဲမှာ ဖုံးလွှမ်းသွားတာ” ဟု ၎င်းက ပြောသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီးညီသုတမှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးလက်အောက်ခံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ် မတ်လအတွင်း CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။
စစ်တပ်၏ ဝါဒဖြန့်ယန္တရားကို အဓိကထိန်းကျောင်းရာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးညီသုတသည် CDM လှုပ်ရှားမှုတွင် ပါဝင်သူ တပ်မတော်သားများစုဖွဲ့ထားသည့် ပြည်သူ့စစ်သားအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်။
ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် ၅၄ အတွင်းမှ ရွှေချောင်းနှင့် ဒေါ်လာများ ဖမ်းမိသည်ဆိုသော သတင်းအမှားကို စစ်တပ်အသိုင်းအဝိုင်း၏ Facebook စာမျက်နှာများနှင့် Telegram လူမှုကွန်ရက်၌ ယခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့သည်။
Facebook လူမှုကွန်ရက်နှင့် Telegram ၌ စစ်တပ်အသိုင်းအဝိုင်းက ဖြန့်ဝေနေသည့် သတင်းအမှားများ။
စစ်တပ်အသိုင်းအဝိုင်းက ဖြန့်ဝေခဲ့သည့် နောက်ထပ်သတင်းအမှားတစ်ခုမှာ “တော်လှန်ရေး မအောင်မြင်နိုင်တော့ကြောင်း၊ လူငယ်တွေ တော်လှန်ရေးဆက်မလုပ်ဖို့” အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုးက ပြောကြားဆိုသော သတင်းဖြစ်သည်။
အဆိုပါစာမှာ အတုဖြစ်ကြောင်း၊ ဘယ်တုန်းကမျှ ထိုသို့ရေးမတင်ခဲ့ဖူးကြောင်း ဒေါက်တာဇော်ဝေစိုးက ၎င်း၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၁၃ ရက်က ရှင်းချက်ထုတ်ထားသည်။
စစ်ကောင်စီက အာဏာသိမ်းသည့် ဖေဖော်ဝါရီလကတည်းကပင် စစ်တိုင်းမှူးများဦးဆောင်ကာ နေ့စဉ် ဝါဒဖြန့်စေခဲ့ကြောင်း၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တစ်ခုလျှင် သတင်းအမှားနှင့် ဝါဒဖြန့်သတင်းများ တင်ရန် အနည်းဆုံး Facebook Page သုံးခု ဖွင့်ခိုင်းထားကြောင်း နောက်ထပ် CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“တပ်ရင်းတပ်ဖွဲ့တွေကို တောက်လျှောက်လုပ်ခိုင်းတာ။ အထဲထဲက ကျန်ခဲ့တဲ့ အဖွဲ့တွေကို တမင်သက်သက် (ဝါဒ) မှိုင်းတိုက်နေတာ။ သူတို့ ဒီလောက်ကောင်းအောင် လုပ်ပေးနေတာကို တစ်ဖက် ဒေါ်လာစားမီဒီယာတွေက လျှောက်ဖွတယ်တို့ အဲ့လိုမျိုးတွေဗျာ”ဟု ၎င်းက ပြောသည်။
စစ်တိုင်းများအလိုက် အထက်အရာရှိများဦးဆောင်ကာ ထိုသို့ သတင်းအကြောင်းအရာ အမှားများဖြန့်ဝေရာတွင် Facebook တွင် လက်အောက်ငယ်သားများက မဖြစ်မနေ Like ဝင်ပေးကြရပြီး၊ ပျက်ကွက်ပါက အဆဲပင်ခံရသည်ဟုလည်း ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“Like ကိုပါ ဓားပြလိုက်တိုက်တာ။ တပ်တွင်း အလှူငွေထည့်သလိုပေါ့ဗျာ။ မဖြစ်မနေကို Like ထည့်နေရတာ။ ရှက်တောင် ရှက်တယ်လို့။ သူတို့က ပြောလိုက်တာ ကိစ္စမရှိဘူး။ ကျွန်တော်တို့က လက်အောက်ကို ဆက်ဖြန့်ရမှာဆိုတော့”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် မတ်လအတွင်း CDM တွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်မှာ မိသားစုလုံခြုံရေးကြောင့် ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းအမည်နှင့် တက်ရောက်ခဲ့သည့် စစ်တက္ကသိုလ်အပတ်စဉ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
အာဏာသိမ်းမှုကြောင့် ပြည်တွင်း၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြင်းအထန်ဆန့်ကျင်မှုများကိုသာမက နိုင်ငံတကာ၏ ဖိအားပေးအရေးယူမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ၎င်းတို့အနေဖြင့် မီဒီယာပိုင်းအားနည်းခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသတင်းဌာနကို ထုတ်ဖော်ပြောဆိုထားသည်။
အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အစ္စရေးထောက်လှမ်းရေးဟောင်းဦးဆောင်သည့် ကနေဒါအခြေစိုက် လော်ဘီအုပ်စုကိုပင် စစ်ကောင်စီက ငှားရမ်းခဲ့သည်။ သို့သော် အမေရိကန်နှင့် ကနေဒါအာဏာပိုင်များက ဒဏ်ခတ်အရေးယူမှုများကြောင့် မတ်လအတွင်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ချုပ်ဆိုခဲ့သည့် ဒေါ်လာ ၂ သန်းတန် စာချုပ်ကို လော်ဘီအုပ်စုက စွန့်လွှတ်ခဲ့သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.