“စစ်တပ်ရဲ့ ပျော့တဲ့နေရာတိုင်းကို ထိုးစစ်ဆင်နိုင်ရင် ကောင်းတာပေါ့”

“စစ်တပ်ရဲ့ ပျော့တဲ့နေရာတိုင်းကို ထိုးစစ်ဆင်နိုင်ရင် ကောင်းတာပေါ့”

ချင်းပြည်တစ်နေရာတွင် စစ်ကောင်စီတပ်သားများကို ချုံခိုတိုက်ခိုက်အပြီး တွေ့ရသော ချင်းဒေသတော်လှန်ရေးသမားများ  

စစ်ကောင်စီတပ်ကို ဖြတ်လေးဖြတ် တန်ပြန်စစ်ဆင်ရန်၊ ရန်သူအားနည်းသည့် နေရာများကို ဝိုင်းဝန်းတိုက်ခိုက်ကြရန် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) အရာရှိတစ်ဦးက တိုက်တွန်းလိုက်သည်။ 

By Myanmar Now

စစ်ကောင်စီတပ်ကို သတင်း၊ ရိက္ခာ၊ ဘဏ္ဍာငွေ၊ တပ်သားသစ်မရရှိစေရေးအတွက် ဖြတ်လေးဖြတ်စစ်ဆင်ကြရန် ဒေသအသီးသီးမှ ပြည်သူများကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က တိုက်တွန်းလိုက်သည်။

လက်နက်ကိုင်ခုခံသူများကိုလည်း စစ်တပ်အားနည်းသည့် နေရာတိုင်းတွင် ထိုးစစ်ဆင်ရန်လည်း တောင်းဆိုလိုက်သည်။

ချင်းတောင်ကို စစ်ကောင်စီတပ် အလုံးအရင်းချီတက်လာပုံ၊ ဖြစ်နိုင်ခြေရှိသည့် ဓာတုလက်နက်အသုံးပြုမှု၊ စစ်ပွဲအတွက် စိတ်ဓာတ်အရေးပါပုံတို့အကြောင်းကို CDF မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက Myanmar Now ကို အောက်တိုဘာ ၁၂ ရက်တွင် ပြောပြထားသည်။

မေး – စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းပြီး ဒေသတချို့ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ ချင်းပြည်နယ် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ – ကျွန်တော်တို့ဘက်မှာလည်း အင်အားဖြည့်လာတာတွေရှိတယ်။ အခုဆိုရင် ဖလမ်းကို စစ်ကား ၅၀ ရယ်၊ တင့်ကား ၂စီးရယ် ဖြည့်လာတယ်။ မနေ့ကလည်း တီးတိန်ဘက်ကို ဖြည့်လာတယ်ဆိုတော့ ထိုးစစ်ဆင်ဖို့ သူတို့ တော်တော်လေး ပြင်ဆင်လာပုံရတယ်။ ဒီဟာကလည်း ကျွန်တော်တို့ ကနဦးသတင်းရရှိထားတဲ့အတိုင်းဆိုရင်တော့ မနက်ဖြန် သန်ဘက်ခါလောက်ဆိုရင် သူတို့ ပြင်ဆင်မှု အပြီးလုပ်ရမယ်လို့ ဗိုလ်ချုပ်သန်းလှိုင်က အဲဒီလို အော်ဒါထုတ်ထားတာရှိတယ်။ နောက်တစ်ခုက အခု သူတို့ပါလာတဲ့ ပစ္စည်းတွေမှာ ဓာတုလက်နက်ခဲယမ်းပေါ့၊ အမှုန့်ကအစ၊ အရည်ကအစ လူတွေကို မူးယစ်စေနိုင်တဲ့ဟာရော၊ ပြီးတော့ မူးလဲစေနိုင်တဲ့ဟာ၊ ပြီးတော့ ကိုယ့်ဟာကိုယ် သတိမရဘဲ အချိန်ကာလတစ်ခုကို ကိုယ့်ကိုယ်ကိုယ် မသိအောင်လုပ်နိုင်တဲ့ ပစ္စည်းတွေပေါ့။ အဲဒါတွေလည်း ပါတယ်လို့ ကျွန်တော်တို့ သိရတယ်။ နောက်ပြီးတော့ ဂျက်လေယာဉ်နဲ့ ဒီနေ့ဆိုရင်တောင် ထန်တလန်ဘက်မှာ တစ်ကြိမ်လောက် ပျံဝဲသွားတာတွေ ရှိတာပေါ့။ သူတို့ ပြင်ဆင်မှုတွေ အဆင့်တိုးလာတယ်လို့ ပြောလို့ရတာပေါ့။

မေး – ချင်းပြည်နယ်ကို သူတို့ လမ်းကြောင်းဘယ်နှခုလောက်က ဝင်လာတာတွေ့ရပါသလဲ။

ဖြေ – အခုက ပထမ ကလေးကနေ တက်လာတဲ့ လမ်းကြောင်းတစ်ခုရယ်၊ ပခုက္ကူ – ကျောက်ထုဘက်ကနေ တက်လာတဲ့ တစ်ခုရယ်၊ နှစ်ခုတက်လာတယ်။

မေး – ဓာတုလက်နက်တွေ အသုံးပြုဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ သတင်းရတယ်လို့ ပြောသွားတော့ အရင်ကရော အဲဒီလက်နက်တွေနဲ့ တိုက်ခိုက်ခံရတာမျိုး ကြုံဖူးပါသလား။

ဖြေ – သူတို့ သုံးဖူးတယ်။ အဲဒီဟာ ခံရတဲ့သူတွေက ခန္ဓာကိုယ်ယားတာတွေ၊ ပြီးတော့ မျက်လုံးနာတာတွေပေါ့၊ နောက်တစ်ခုက အော့အန်တာ မူးလဲသွားတာပေါ့။ ပြီးတော့ အချိန်ကာလတိုအတွင်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ဟာပေါ့ အဲဒီဟာတွေဖြစ်ကြတယ်။ အဲဒီဟာက မင်းတပ်မှာ တွေ့မြင်ရတဲ့ အတွေ့အကြုံပေါ့။ ဒီဟာသုံးတာက မြန်မာနိုင်ငံက Chemical Weapons Treaty ဆိုတဲ့ဟာရှိတယ်၊ အဲဒီမှာ သူတို့က အဖွဲ့ဝင်ဖြစ်တယ်။ ဒါက မလုပ်သင့်တဲ့ဟာတွေပေါ့။

မေး – ချင်းပြည်နယ်ကို အခုလို အင်အားအလုံးအရင်းဖြည့်တင်းပြီး ထိုးစစ်ဆင်ဖို့လုပ်တာ ဘာကြောင့်လို့ သုံးသပ်ပါသလဲ။

ဖြေ –  ဒီဘက်မှာ သူတို့ အကျအဆုံးက အရမ်းများတယ်။ အဲဒါ ပထမအချက်လို့ ထင်မြင်လို့ရတယ်။ နောက် ဒုတိယအချက်က ဒီဘက်မှာ သူတို့ တပ်တွင်းထဲမှာ အချင်းချင်းကြားမှာ သဘောထားကွဲလွဲ တင်းမာမှုတွေရှိတယ်၊ အမိန့်နာခံမှု မရှိတာတွေ။ အဲဒီဟာ ပြဿနာက ဘာလဲဆိုတော့ ဒီဘက်မှာ တပ်အင်အားနည်းလို့ဆိုတဲ့ သတင်းက ကြားရတယ်၊ အဲဒီဟာကို ဖြည့်ပေးလာတဲ့သဘော။ နောက်တစ်ခုက ကျွန်တော်တို့က ပြန်ပြီး ခုခံလာတဲ့ဟာကို လူမျိုးတစ်မျိုးအပေါ် ရန်ငြိုးထားပြီး ထိုးစစ်ဆင်တယ်လို့ သုံးသပ်လို့ရတယ်။ ဒါက လူမျိုးတစ်မျိုးအပေါ် ပြန်ပြီးတော့ မလှုပ်နိုင်အောင် ဒီလို ခြိမ်းခြောက်ထားတဲ့သဘောပေါ့။

မေး – လက်နက်အင်အားတောင့်တင်းပြီး အကြမ်းဖက်ရက်စက်တဲ့ စစ်တပ်က ဒီလို အင်အားအလုံးအရင်းနဲ့ လာတာကို ခုခံဖို့ ပြင်ဆင်ထားပြီးပြီလား။

ဖြေ – ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လုံခြုံမှု၊ ကျွန်တော်တို့ရဲ့လူမျိုးဂုဏ်သိက္ခာ ထိပါးလာတဲ့ဟာတွေကို ကျွန်တော်တို့က ပြန်လည်ခုခံရမှာပဲ။ သူတို့က အင်အားကြီးလို့ အင်အားနည်းလို့ဆိုတဲ့ ပုံစံမျိုးမရှိဘူး။ ကျွန်တော်တို့က ဂုဏ်သိက္ခာရယ်၊ ကိုယ့်လူမျိုးသိက္ခာရယ်၊ ကိုယ့်ရဲ့ လုံခြုံရေးကို ထိပါးလာပြီဆိုရင် ဘယ်လူမျိုးမဆို ပြန်ပြီး ခုခံရမှာပဲ။

သူတို့က ဘယ်လောက်ပဲ အင်အားရှိရှိ၊ ပစ္စည်းရိက္ခာတွေရှိပါစေ ကျွန်တော်တို့ဘက်မှာက စိတ်ဓာတ်၊ စိတ်ဓာတ်ခိုင်မာဖို့ အရေးကြီးဆုံးပါပဲ။ စစ်တိုက်တယ်ဆိုတာ လက်နက်ပါရင်လည်း စိတ်ဓာတ်မမာဘူးဆိုရင် ဘာမှ မဖြစ်ဘူး။ ဒီလို သတ်မှတ်ထားတာပေါ့။ ကျွန်တော်တို့ခေါင်းဆောင်တွေကလည်း အမြဲတမ်းပြောတယ်၊ စစ်တိုက်တယ်ဆိုတာ စိတ်ဓာတ်နဲ့ တိုက်တာပေါ့။ အဲဒီဟာ တစ်ခုရယ်၊ နောက်တစ်ခုက စောစောက ပြောသလို ဒီလူမျိုးစုတစ်စုကို မထနိုင်အောင် ကြိုးနဲ့ချည်ပြီး မလှုပ်နိုင်အောင် လုပ်မယ့်ပုံစံမျိုးနဲ့ အခု ခေတ်သစ် ၂၁ ရာစု လူမျိုးပျက်သုဉ်းရေးလို့ ပြောရမလား၊ ဂျီနိုဆိုက်ပေါ့နော်၊ အဲဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ကို လာလုပ်တဲ့အပေါ် ကျွန်တော်တို့က ဒီအတိုင်း ငြိမ်ပြီးတော့ ရပ်သွားမှာလည်း မဟုတ်ဘူး၊ နောက်လည်းဆုတ်သွားမှာ မဟုတ်ဘူး။ အဲဒီဟာက ကျွန်တော်တို့ ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့အခါကျတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ ရတဲ့နည်းနဲ့ တော်လှန်သွားမှာပဲ။

မေး – အခုလိုအခြေအနေမှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူလူထုတွေနဲ့ အဖွဲ့အစည်းတွေကို ဘာပြောလိုသလဲ။

ဖြေ – ဒီအာဏာရှင်စနစ်ကို တော်လှန်တဲ့နေရာမှာ နောက်မဆုတ်ဘဲ ရှေ့ဆက်ပြီးတော့ ကိုယ့်ဘက်က တတ်နိုင်တဲ့အရာကနေ ပြည်သူတွေအနေနဲ့ သူတို့ အမြဲတမ်းသုံးနေတဲ့ ဖြတ်လေးဖြတ်ကို ကျွန်တော်တို့ တန်ပြန်ပြီးတော့ ဖြတ်လေးဖြတ် ပြန်လုပ်လို့ရတယ်၊ အဲဒီဘက်ကနေ ပူးပေါင်းဆောင်ရွက်ကြပေါ့။ နောက်တစ်ခုက လက်နက်ကိုင်တော်လှန်နေတဲ့သူဆိုရင် စစ်တပ်ရဲ့ ပျော့တဲ့နေရာတိုင်းကို ထိုးစစ်ဆင်နိုင်ရင် ကောင်းတာပေါ့။ အားလုံးအောင်မြင်ဖို့၊ လက်တွဲဖို့ပဲ အရေးကြီးတာပါ။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia