06 October 2021
ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်တွင် ကျောင်းသားသမဂ္ဂအလံလွှင့်ထူပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေကြသူများ
၁၅ နှစ်အရွယ် ကျောင်းသားကို ဖမ်းဆီးပြီး ၂ ရက်အကြာတွင် စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်သို့ သွားရောက်ပြီး မွှေနှောက်ရှာဖွေခဲ့သည်။
By Myanmar Now
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို စစ်ကောင်စီတပ်များက အောက်တိုဘာ ၃ ညနေတွင် နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
အသက် ၁၅ နှစ်အရွယ် ကိုထွန်းအောင်ကျော်ကို ဇဗ္ဗူသီရိမြို့နယ်နေအိမ်တွင် ရဲ ၂ ဦး၊ အုပ်ချုပ်ရေးမှူး ၂ ဦး တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“ကလေးက အသက်လည်းမပြည့်သေးတော့ မေးစရာရှိလို့ ခဏလေးလိုက်ခဲ့ပါ။ ပြီးရင် ပြန်လွှတ်ပေးပါမယ်။ အဲဒီလို ခေါ်သွားတာ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဇဗ္ဗူသီရိမြို့နယ် အမှတ် (၃) ရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့ပြင် ယမန်နေ့ (အောက်တိုဘာ ၅) ည ၁၀ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုထွန်းအောင်ကျော်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေကြသည်ဟု ၎င်းက ဆက်ပြောသည်။
ကိုထွန်းအောင်ကျော် ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်၍ Myanmar Now က ဇဗ္ဗူသီရိ အမှတ် (၃) ရဲစခန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိသေးပေ။
မေလ ၂ တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် နေပြည်တော်ကျောင်းသားများသမဂ္ဂ ဦးဆောင်သူ ကိုရန်ပိုင်သည် နှိပ်စက်ညှဉ်းပန်းခံရပြီး အောက်တိုဘာ ၁ တွင် သေဆုံးခဲ့သည်ဟု နေပြည်တော်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ယနေ့ထုတ်ပြန်သည့် စာရင်းများအရ အရပ်သားပြည်သူ ၇၁၀၄ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရပြီး ၁၁၅၈ ဦးထက်မနည်း ပစ်သတ်ခံရ၊ နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်။
စစ်ကောင်စီက ၎င်းတို့ကို အန်တုနေသည့် ကျောင်းသားသမဂ္ဂများကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး စက်တင် ဘာ ၁၉ ညနေကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျောက်တိုင်ရွာအနီး ပသီဆည်တွင် ဆန္ဒပြရန် ပြင်ဆင်နေသည့် ကျောင်းသား ၄ ဦးကို ဖမ်းဆီးခဲ့သည်။
စက်တင်ဘာ ၁၄ ၌ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင် ဒဂုံတက္ကသိုလ်ကျောင်းသား/ ကျောင်းသူ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းစစ်စဉ် ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားသမဂ္ဂတာဝန်ရှိသူ အရေအတွက်ကို အတိအကျမသိရသေးပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.