စမ်းချောင်း၊ မြေနီကုန်း ပစ်ခတ်မှုက သေဆုံးခဲ့သူ သူနာပြု မခင်ခင်ကြွယ်အတွက် မိသားစု ကုသိုလ်ပြုလုပ်

စမ်းချောင်း၊ မြေနီကုန်း ပစ်ခတ်မှုက သေဆုံးခဲ့သူ သူနာပြု မခင်ခင်ကြွယ်အတွက် မိသားစု ကုသိုလ်ပြုလုပ်

SOCIAL MEDIA

“ထွက်လို့သေတာ မဟုတ်ဘူးနော်၊ သေအောင် ပစ်သတ်နေလို့ သေတာ ထိုင်ငိုနေလို့ ပြီးမယ့်ပွဲ မဟုတ်ဘူး။ တိုက်ရမယ့်ပွဲ…” ဆိုတဲ့ စာသားတွေကို သူနာပြုဆရာမတစ်ဦးက ရေးသားခဲ့ပါတယ်။

By BBC News

မတ်လ ၂၉ရက်နေ့က လှိုင်မြို့နယ်ထဲက စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာ သေနတ်နဲ ပစ်ခတ်ခံရလို့ ဒဏ်ရာရနေတဲ့လူနာကို လမ်းပေါ်မှာတင် ကုသမှုလုပ်ပေးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဆိုရှယ်မီဒီယာမှာတင်ရင်း ရေးခဲ့တာပါ။

ဒီစာရေးခဲ့သူကတော့ စက်တင်ဘာ ၂၅ ရက်က စမ်းချောင်း၊ မြေနီကုန်းတံတားအနီး ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ အသက် ၂၄ နှစ် အရွယ် သူနာပြု မခင်ခင်ကြွယ်ဖြစ်ပါတယ်။

အဲဒီ ပစ်ခတ်မှုက သေဆုံးသူ လေးဦးကို တိုက်ပေါ်ကနေဆွဲချပြီး လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက ပစ်သတ်လို့ သေဆုံးတယ်ဆိုတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမီဒီယာတစ်ခုကနေ ပျံ့နှံ့လာခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဒီမြေနီကုန်းဖြစ်စဥ်ဟာ မခင်ခင်ကြွယ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်တယ်၊ ဒီပစ်ခတ်မှုမှာ မခင်ခင်ကြွယ်တို့လေးဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့တယ်လို့ ပြောထားပါတယ်။

အစောဆုံး CDM လုပ်သူတွေထဲက သူနာပြုတစ်ဦး

SOCIAL MEDIA

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ထဲက ကမာမတ်စံပြ ကျေးရွာမှာနေထိုင်တဲ့ မခင်ခင်ကြွယ်ဟာ မိသားစုဝင် ၅ဦးရှိပြီး ညီအစ်မသုံးယောက်ထဲက ဒုတိယမြောက်သမီး ဖြစ်ပါတယ်။

“ငယ်ငယ်လေးကတည်းကဆရာဝန်ဖြစ်ချင်တာ။ ဆယ်တန်းအောင်ပြီးတော့ အမှတ်မမီတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ အီးမေဂျာနဲ့ကျောင်းတက်တယ်၊ ဆေးကုပေးချင်တဲ့ ဝါသနာကရှိတော့ ရန်ကုန်သူနာပြုကျောင်းမှာ ဆက်တက်တယ်။ လူတွေကို သိပ်ကူညီတတ်တဲ့သူ၊ အရမ်းလည်း ပျော်ပျော်နေတတ်သလို သူ့ကြည့်လိုက်ရင်း အမြဲအေးအေးဆေးဆေးပဲ နေတာ” လို့ မခင်ခင်ကြွယ်ရဲ့အကြောင်းကို ငယ်သူငယ်ချင်းတစ်ဦးက ပြောပြပါတယ်။

“အဲ့လိုလူက အာဏာသိမ်းပြီးတဲ့နောက်တနေ့မှာပဲ ငါ CDM လုပ်တော့မယ်။ အာဏာရှင်တွေလက်အောက်မှာ ဘာအလုပ်မှ မလုပ်နိုင်ဘူးဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းဆက်ပြောခဲ့သေးတယ်” လို့ သူက ပြန်ပြောပြပါတယ်။

မခင်ခင်ကြွယ်ဟာ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နေ့စဉ်မပျက်ထွက်ခဲ့ရင်း လမ်းပေါ်မှာ သေနတ်ဒဏ်ရာနဲ့လူနာတွေကိုတော့ ကုသပေးနေခဲ့ပါတယ်။

မိခင်ကို နှစ်သိမ့်ခဲ့ထားခဲ့သူ

SOCIAL MEDIA

သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီဘက်က ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်လာချိန်မှာတော့ မြေပြင်သပိတ်မှာပါဝင်တဲ့ မခင်ခင်ကြွယ်တို့လူငယ်တွေဟာ ပြောက်ကျားသပိတ်တွေထွက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

“သပိတ်ထွက်တိုင်းပါတယ်။ လမ်းပေါ်မထွက်နိုင်ရင် သူက ကင်းထောက်လုပ်ပေးတယ်။ … ညီမတို့အဖွဲ့ သပိတ်ထွက်ရင် စောင့်ကြည့်ပေးတဲ့ အထဲပါခဲ့တယ်” လို့ သပိတ်စစ်ကြောင်းတွေ အတူတူထွက်ခဲ့တဲ့ အမျိုးသမီးငယ်က သူသိသမျှ မခင်ခင်ကြွယ်တို့အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

ရန်ကုန်မြို့မှာအဖမ်းအဆီး အစစ်အဆေးတွေကြား သတင်းတွေဖတ်မိရင်း အဝေးက သမီးလတ်ဖြစ်သူ ဘာတွေလုပ်နေလဲ သေချာမသိပေမယ့် စိတ်ပူနေတဲ့ မိခင်ဖြစ်သူကတော့ အိမ်ပြန်လာဖို့ဖုန်းဆက်ခေါ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြန်ပြောပြပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးဖုန်းပြောချိန်မှာတော့ “ပြန်မလာနိုင်သေးဘူး အမေ ဒါနဲ့သေဖို့ကံပါလာရင် ဒါနဲ့သေမှာပဲ”လို့ အမေကို သူက နှစ်သိမ့်စကားပြောခဲ့တယ်လို့ ပြန်ပြောကြပါတယ်။

SOCIAL MEDIA

မိသားစုဝင်တွေ လုံခြုံရေး

မြေနီကုန်း ပစ်ခတ်မှုမှာ သေဆုံးသူတစ်ဦးဖြစ်တဲ့ ဒေါက်တာဇင်လင်းရဲ့ ဇနီးကို စစ်ကောင်စီက ခေါ်ယူဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ဒေါက်တာဇင်လင်းရဲ့ဇနီးကို လုံခြုံရေးအရ ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး သူဟာ ပြစ်မှုကြီးကြီးမားမားကျူးလွန်ထားတာမရှိဘူးလို့လည်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

ခရမ်းမြို့ ကမာမတ်ရွာမှာနေထိုင်တဲ့ မခင်ခင်ကြွယ်တို့မိသားစုဆီကိုလည်း စက်တင်ဘာ ၂၉ ရက်နေ့ညမှာ စစ်ကောင်စီဘက်က လာရောက်စုံစမ်းစစ်ဆေးတာတွေ ရှိခဲ့ပေမယ့် လုံခြုံရေးအရစိတ်ပူရတာမျိုးမရှိဘူးလို့လည်း မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

အလောင်းပြန်မတွေ့ခဲ့တဲ့နာရေး

မခင်ခင်ကြွယ်ရဲ့မိသားစုတွေကတော့ သူသေဆုံးကြောင်းကို စစ်ကောင်စီက အကြောင်းကြားလာတဲ့ ၂၉ ရက် ညပိုင်းမှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပေမယ့် ရက်လည်ကိုတော့ ဒီကနေ့ အောက်တိုဘာ ၂ရက်နေ့ကို သတ်မှတ်ပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

” အမေဖြစ်သူနဲ့မိသားစုတွေကတော့ ရူးမတတ်ပါပဲ။ အလောင်းလည်း မမြင်ရ၊ ဗီဒီယိုဖိုင်ရော ဆုံးသွားတဲ့ ပုံတွေရော အမေဖြစ်သူကို မပြထားဘူး” လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးကတည်း ဝါသနာပါတဲ့အလုပ်ကို စွန့်လွှတ်ခဲ့တဲ့ မခင်ခင်ကြွယ်ဟာ သူငယ်ချင်းတွေကို အမြဲပြောဖြစ်တဲ့စကားကတော့ “အမေစုပြန်လာမှ အလုပ်ပြန်လုပ်မယ်”ဆိုတဲ့စကားပါပဲ။

အခုတော့ သူခေါ်တဲ့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ကလည်း နေအိမ်ကိုမပြန်လာနိုင်သေးသလို မခင်ခင်ကြွယ်ဟာလည်း ဘယ်တော့မှ အိမ်ကိုမပြန်နိုင်တော့ပါဘူး။


Original Post: BBC News

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia