29 September 2021
သေဆုံးသွားသည့် ကလေးငယ် မာဘုံကို သင်္ဂြိုဟ်ရန်အတွက် သယ်ဆောင်နေစဉ်။ (ဓာတ်ပုံ-KNG)
လက်နက်ကြီးကျည်တစ်လုံး မန်ခါးကျေးရွာအတွင်း ထိမှန်ပေါက်ကွဲရာတွင် ဒဏ်ရာရသူ သားအမိနှစ်ဦးအနက် ဦးခေါင်းထိခိုက်သွားသည့် အသက် ၉ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့သည်
By Myanmar Now
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။
မုံးကိုးမြို့နယ် မန်ခါးကျေးရွာမှ ၉ နှစ်အရွယ် ယောက်ျားလေးဖြစ်သူမှာ စက်တင်ဘာ ၂၇ ညနေပိုင်းက သံလွင်မြစ်တဖက်ကမ်းတွင် တပ်စွဲထားသော စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
မန်ခါးကျေးရွာ နေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ထိမှန်ခဲ့ရာတွင် အိမ်တွင်ရှိနေသည့် မိခင်ဖြစ်သူ ဒေါ်လဘန်ရွယ်တွင် ခြေသလုံးဒဏ်ရာ၊ သားဖြစ်သူမာဘုံမှာ ဦးခေါင်းဒဏ်ရာရခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
ဒဏ်ရာရထားသည့် သားအမိနှစ်ဦးကို အချိန်မီဆေးကုသနိုင်ခြင်းမရှိသဖြင့် ဒဏ်ရာပြင်းထန်သည့် မာဘုံမှာ ယမန်နေ့(၂၈) ညနေ ၄ နာရီခန့်က သေဆုံးခဲ့သဖြင့် ညမရောက်မီ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ထိတဲ့အချိန်ထဲက ကလေးက သတိရတဲ့ အခြေအနေမှာ မဟုတ်တော့ဘူး”ဟု ထိုသူက ပြောသည်။
ဆေးကုသခွင့်မရသေးသဖြင့် ဒေါ်လဘန်ရွယ်၏ ခြေသလုံးတွင် စိုက်ဝင်နေသည့် လက်နက်ကြီးအပိုင်းအစကို ထုတ်ယူနိုင်ခြင်း မရှိသေးသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရဟု ယူဆရကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။
မုံးကိုးမြို့သည် တရုတ်-မြန်မာနယ်စပ်အနီးတွင်ရှိပြီး လက်နက်ကြီးထိမှန်သည့် မန်ခါးရွာမှာ မုံးကိုးမြို့၏ အရှေ့ဘက် ၂၀ မိုင်ခန့် အကွာတွင်ရှိသည်။
လက်နက်ကြီးပစ်ခတ်သည့်နေရာမှာ သံလွင်မြစ်အရှေ့ဘက်ခြမ်း ကိုးကန့်ခရိုင် ဟဲရှန်းနှင့် လုံးခန်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များထံမှ ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေသခံအချို့က ဆိုသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ရှိရာ ထိုဒေသအတွင်းသို့ စက်တင်ဘာလဆန်းပိုင်းမှစကာ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်များရှိမည်ဟု ခန့်မှန်း၍ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။
ထိုဒေသအတွင်း တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်က ကိုးကန့်ဒေသ ဟုန်ရှင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိသည်ဟု MNDAA က ထုတ်ပြန်သည်။
ဒေသအခြေစိုက် The Kokang သတင်းဌာန၏ အဆိုအရ စက်တင်ဘာ ၁၇ တစ်ရက်တည်းတွင် မုံးကိုးမြို့နယ်အတွင်းသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်အင်အားမှာ စစ်ကားကြီး ၁၅စီးစာခန့်ရှိသည်ဟု သိရသည်။
မုံးကိုးဒေသ စစ်ရေးကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးသလို Myanmar Now ကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တိုက်ပွဲများကြောင့် မုံးကိုးမြို့တွင် စစ်ရှောင်အများအပြားရှိနေပြီး မုံးကိုးနှင့် မူဆယ်မြို့ကြားရှိ ပန်ဆိုင်းမြို့နယ်၌ပင် စစ်ရှောင် ၁၄၀၀ ခန့်ရှိသည်ဟု အကူအညီပေးရေးလုပ်ဆောင်နေသူအချို့က ပြောသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.