26 September 2021
၂၀၂၀ ဇန်နဝါရီလအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင်၏ နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနီး၌ တွေ့ရသည့် ဒုရဲအုပ်ချယ်ရီထက်။ (ဓာတ်ပုံ − EPA-EFE)
အာဏာသိမ်းပြီးနောက် နေပြည်တော်၌ အကျယ်ချုပ်ချထားသည့် ဒုရဲအုပ် ချယ်ရီထက်ကို စက်တင်ဘာ ၂၃ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။
By Myanmar Now
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ထမ်းဆောင်စဉ် အနီးကပ်လုံခြုံရေးယူခဲ့သည့် ဒုရဲအုပ် ချယ်ရီထက်ကို စစ်ကောင်စီက စက်တင်ဘာ ၂၃ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ဖမ်းဆီးကာ စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။
သတင်းရဲတပ်ဖွဲ့၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ ဒုရဲအုပ်ချယ်ရီထက်သည် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးရှိရာ နေပြည်တော် ဇေယျဌာနီလမ်းပေါ်ရှိ ရုံးအမှတ် ၃၈ (ယခင် လျှပ်စစ်၊စွမ်းအားရုံး) အနောက်ဘက်အဆောင်တွင် အကျယ်ချုပ်ထားခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“သူ့(ချယ်ရီထက်) နာမည်နဲ့ အကောင့်မှာ ရေးတယ်ဆိုပြီး ဖမ်းလိုက်တာ။ သူ့ကို ဖမ်းပြီးတဲ့အထိ အဲဒီအကောင့်က ပို့စ်တွေတက်နေတုန်းပဲ။ အကောင့်အတု ထင်တယ်” ဟု ထိုသူက ပြောသည်။
အသက် ၃၀အရွယ် ဒုရဲအုပ် ချယ်ရီထက် အမှန်တကယ်အသုံးပြုသည်ဟု ယူဆရသည့် Cherry Htet Facebook အကောင့်တွင် စစ်အာဏာသိမ်းပြီးတစ်လကျော်အကြာ မတ် ၃ က အနက်ရောင် Profile ပြောင်းထားသည်မှအပ တစ်စုံတစ်ရာ ရေးသား၊ မျှဝေထားသည်ကို မတွေ့ရပေ။
ဒုရဲအုပ် ချယ်ရီထက်နှင့် နီးစပ်သည့် ရဲတပ်ဖွဲ့ဝင်မဟုတ်သူတစ်ဦးကလည်း စစ်အာဏာသိမ်းပြီးကတည်းက အပြင်ထွက်ခွင့်မပြုဘဲ ရုံးအမှတ် ၃၈ ၌ အကျယ်ချုပ်သဘောထားကာ ရုံးတက်ခိုင်းထားကြောင်း၊ စက်တင်ဘာ ၁၄ တွင်မူ ၎င်း၏ ဖုန်းနှင့် ကွန်ပျူတာကို စစ်တပ်က လာသိမ်းသွားကြောင်း ပြောသည်။
“သေချာပြီဆိုမှ ဖမ်းတာ။ အဖမ်းခံရပြီး (အကောင့်က) မီးစိမ်းနေသေးတယ်” ဟု ချယ်ရီထက်နှင့် နီးစပ်သူက ပြောသည်။
ငယ်ရွယ်ပြီး အရပ်ထောင်ထောင်မောင်းမောင်းနှင့် ရုပ်ရည်ပြေပြစ်သူ ဒုရဲအုပ် ချယ်ရီထက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်အားလုံးနီးပါးတွင် အနီးကပ်လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ရသူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် ဒီဇိုင်းဆွဲထားသည့် ဆွဲကြိုးတစ်ကုံးကို ဒုရဲအုပ် ချယ်ရီထက်၏ ၂၀၂၀ မွေးနေ့တွင် ကိုယ်တိုင်ဝတ်ဆင်ပေး၍ လက်ဆောင်ပေးခဲ့ဖူးသည်။ ဒုရဲအုပ် ချယ်ရီထက်၏ မွေးနေ့အတိအကျကိုမူ အတည်မပြုနိုင်သေးပါ။
အထက်ပါ သတင်းရင်းမြစ်နှစ်ဦး၏ အဆိုအရ ဒုရဲအုပ် ချယ်ရီထက်ကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားကြောင်း၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် ၁ရဲစခန်း သို့မဟုတ် ပျဉ်းမနားမြို့မရဲစခန်း တစ်ခုခုတွင် စစ်ဆေးနေသည်ဟု ယုံကြည်ရကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနကို ယနေ့(စက်တင်ဘာ ၂၆) တွင် အတည်ပြုထားသည်။
ဒုရဲအုပ် ချယ်ရီထက်သည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် ဆက်သွယ်မှုရှိ၍ စုံစမ်းစစ်ဆေးနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။
စစ်ကောင်စီသည် ရဲတပ်ဖွဲ့ဝင်များ၏ Facebook အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီး ဒုရဲအုပ်နှင့် ရဲအုပ်အဆင့်များကို ပို၍ အာရုံစိုက် စိစစ်နေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကလည်း ပြောသည်။
“Facebook) မသုံးဖို့ အဓိကပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁တွင် အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းဆီးချိန်အတွင်း ဒုရဲအုပ် ချယ်ရီထက်နှင့် အနီးကပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိမနေကြောင်း ဇူလိုင်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က အတည်ပြုထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူများအနက် အာဏာသိမ်းပြီး သုံးရက်အကြာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ထွက်ခဲ့သူ ဦးဇော်နိုင်ဝင်းကိုလည်း စစ်ကောင်စီက ထောင် ၇ နှစ်ချထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.