24 September 2021
ရန်ကုန်မြို့တွင် ဆန္ဒပြနေသူများ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက ဖမ်းဆီးနေသည်ကို ဧပြီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)
မဟာအောင်မြေမြို့နယ်မှ ကျောက်လုပ်ငန်းလုပ်ကိုင်သူ ညဘက်တွင် ဖမ်းဆီးခံရပြီး မနက် ၆ နာရီခွဲခန့်တွင် လမ်းမထက် သေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောသည်။
By Myanmar Now
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့်လမ်း ၄၀ ကြား စိန်ပန်းကမ်းနားလမ်းပေါ်၌ ယနေ့ (စက်တင်ဘာ ၂၄) မနက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အားပေးထောက်ခံသူ အမျိုးသားတစ်ဦး အသတ်ခံထားရသည်ကို တွေ့ရှိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယမန်နေ့ ညသန်းခေါင် ၁၂ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်နေ အသက် ၅၀ အရွယ် ဦးပေါက်ကြီး ဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်သားများ အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးကို ဖျက်ဆီးကာ ကားဖြင့် ခေါ်ဆောင်သွားခဲ့ကာ နောက်တစ်နေ့ လမ်းမပေါ်တွင် ထိုသို့ အလောင်းသာ ပြန်တွေ့ရခြင်း ဖြစ်သည်။
“ကိုပေါက်ကြီး၊ ကိုပေါက်ကြီးဆိုပြီး အော်ခေါ်တယ်။ ဖွင့်မပေးတော့ တံခါးဖျက်ဝင်တော့ အတွင်းတံခါး ဖွင့်ပေးလိုက်ရတယ်။ အဲဒီမှာ မေးစရာရှိလို့၊ ခဏဆိုပြီး ခေါ်သွားတာ”ဟု မိသားစုနီးစပ်သူ အမျိုးသားက ဆိုသည်။
“ကလစ်ဆိုင်ကယ်တစ်စီးနဲ့ ဖုန်း ပါသွားတယ်။ ခုမနက်ကျ အသတ်ခံထားရတယ်။ ပစ္စည်းတွေလည်း ပြန်မရဘူး” ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသူ၏ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းသော်လည်း မှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။
သေဆုံးသူမှာ NLD ပါတီကို အမာခံထောက်ခံအားပေးသည့် ကျောက်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံထားရကာ လည်ပင်းကိုလည်း ဓားဖြင့် လှီးထားသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများအဆိုအရ သိရသည်။
“သူ့မိသားစုဝင်တွေက ရဲစခန်းကို မေးတဲ့အခါ သူတို့က ညတွင်းချင်းပြန်လွှတ်ပေးလိုက်တာလို့ ပြောတာ ကြားရတယ်”ဟု ထိုရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့မနက် ၆ နာရီခွဲခန့်တွင် ဦးပေါက်ကြီးရုပ်အလောင်းကို မဟာလူမှုရေးအသင်းက ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယခုအခါ နေအိမ်သို့ ပြန်သယ်ဆောင်ထားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူ့ကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်၊ သတ်ဖြတ်သူ မည်သူဖြစ်နိုင်ပြီး အမှုဖွင့်ထားခြင်း ရှိမရှိ မေးမြန်းရန် ကြိုးပမ်းသော်လည်း မဟာအောင်မြေရဲစခန်းက တယ်လီဖုန်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.