CDF နှင့် ပူးပေါင်းသည့် စစ်ကောင်စီတပ်သား ၈ ဦးအထိ ရှိလာ

23 September 2021

CDF နှင့် ပူးပေါင်းသည့် စစ်ကောင်စီတပ်သား ၈ ဦးအထိ ရှိလာ

မတ်လ ၃ ရက်နေ့က ရန်ကုန်တွင် တွေ့ရသည့် စစ်ကောင်စီတပ်သားများ။ 

စစ်တပ်မှ ၈ ဦး လက်နက်နှင့်တကွ လာရောက်ပူးပေါင်းခဲ့သည်ဟု ဟားခါးနှင့် မင်းတပ်မှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ပြောသည်။

By Myanmar Now

ဆုငွေပေးမည်၊ လုံခြုံရာသို့ ပို့ဆောင်ပေးမည်ဟူသော ဖိတ်ခေါ်မှုကြောင့် ၂ လအတွင်း လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သား ၈ ဦးအထိ ရှိကြောင်း ဟားခါးနှင့် မင်းတပ်မှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များက ပြောသည်။

ဟားခါး CDF က လက်နက်ငယ်နှင့် ကျည်ဆန်များ ယူဆောင်လာသည့် တပ်သားကို ဆုငွေ ကျပ်သိန်း ၅၀၊ လက်နက်ကြီးနှင့် ကျည်ဆန်များ ယူဆောင်လာပါက ကျပ်သိန်း ၁၀၀၊ ပြည်သူများပိုင်ဆိုင်သည့် ဌာနဆိုင်ရာမော်တော်ယာဉ် ယူဆောင်ပြီး ပူးပေါင်းပါက ကျပ်သိန်း ၅၀ ဆုငွေပေးအပ်မည်ဟု စက်တင်ဘာ ၁၆ တွင် ကြေညာချက်ထုတ်ထားသည်။

ထိုသို့ ထုတ်ပြန်ခြင်းမှာ ထိရောက်မှုရှိသည်ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လက်နက်နဲ့ ပူးပေါင်းတာကတော့ ကျွန်တော်တို့ကတိအတိုင်း သိန်း ၅၀ ပေးပြီးတော့ ကတိအတိုင်း ပေးတာ။ လက်နက်နဲ့ ထွက်လာပြီး CDF ဟားခါးနဲ့ ပူးပေါင်းတဲ့သူက ၃ ယောက်ရှိပြီ” ဟု သူက ဆက်ပြောသည်။

ဟားခါးမြို့နယ်မှ ၂ ဦး၊ တခြားမြို့နယ်မှ ၁ ဦး ဖြစ်ကြောင်း၊ တပ်သားအဆင့်များဖြစ်သည်ဆိုသည့် အချက်မှအပ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း သူက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်တချို့လည်း CDM လှုပ်ရှားမှုတွင် ပါဝင်လာပြီး အများစုမှာ လက်နက်မဲ့ ပူးပေါင်းလာကြခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“လုံခြုံတဲ့နေရာ အရောက်ပို့ပေးတယ်။ ရွာဘက်ပြန်ချင်တယ်ဆိုရင်လည်း ရွာဘက်ပြန်ခိုင်းတယ်။ ဒါမှမဟုတ် အိန္ဒိယဘက်၊ မီဇိုရမ်ဘက်သွားချင်တယ်ဆိုရင်လည်း ပို့ပေးတာပေါ့။ လုံခြုံတဲ့နေရာအထိ ပို့ပေးတယ်။ CDM Support တွေလည်း ချိတ်ဆက်ပြီးတော့ လက်ဆောင်တွေ စီစဉ်သွားပေးတယ်” ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDM ရဲ အရေအတွက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စီးပွားရေးဘဏ်တွင် လုံခြုံရေးတာဝန်ကျသည့် စစ်သားတစ်ဦး လက်နက်နှင့်တကွ အာဏာဖီဆန်လာသည့်အတွက် စက်တင်ဘာ ၁၉ တွင် CDF (ဟားခါး)ထံ လွှဲပြောင်းပေးခဲ့သည်ဟု MPDF (မုံရွာ PDF) ကိုယ်စားပြုအဖြစ် သံမဏိနှင့်အဖွဲ့သားများက ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မင်းတပ်အခြေအနေ

လက်နက်နှင့်တကွ ပူးပေါင်းပါက ဆုငွေ သိန်း ၅၀ ပေးအပ်မည်ဟု သြဂုတ်လဆန်း၌ အစောဆုံးထုတ်ပြန်ခဲ့သည့် CDF (မင်းတပ်) ထံ လက်နက်ယူလာပြီး ဆက်သွယ်ပူးပေါင်းသူ စစ်သား ၅ ဦးခန့် ရှိကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၎င်းစစ်သား ၅ ဦး မှာ ဩဂုတ်နှင့် စက်တင်ဘာအတွင်း လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး ရာထူးအဆင့် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ်စတင်ရန် ကြေညာခဲ့သည့် စင်တင်ဘာ ၇ တွင် စစ်ကောင်စီထောက်တိုင်များဖြစ်သည့် စစ်သား၊ ရဲနှင့် ဝန်ထမ်းများ အမြန်ဆုံးလာရောက်ပူးပေါင်းရန် တိုက်တွန်းအပြီး ထိုသို့ ပူးပေါင်းလာခြင်း ဖြစ်သည်။

“NUG ကနေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ပူးပေါင်းတာတွေရှိတယ်။ NUG ထုတ်ပြန်လိုက်လို့ ပိုပူးပေါင်းလာတာရယ်လို့တော့ မဟုတ်ဘူး။ သူတို့ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ထွက်လာရတာ မလွယ်ကူတာလည်း ပါမှာပေါ့။ သူတို့လည်း လက်နက်ပါရင်တော့ ထွက်လာဖို့ တော်တော် ခဲယဉ်းတယ် ” ဟု CDF (မင်းတပ်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

CDM တွင် ပါဝင်ထားသည့် ဗိုလ်ကြီးညီသုတက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်တကွ စွန့်ခွာလာပါက ချက်ချင်းလိုက်လံဖမ်းဆီးခံရနိုင်ပြီး သွားလာရေးအတွက် အခက်အခဲရှိနိုင်သည်ဟု ဆိုသည်။

“ပစ္စည်းပါတဲ့အတွက်ကြောင့် သူသည် ကားစီးတဲ့အခါမှာ ကိုယ်ပိုင်ယာဉ်မဟုတ်ဘဲ အများနဲ့စီးတဲ့ ယာဉ်မျိုးမှာဆို သူ့အတွက် အဆင်မပြေတာမျိုးရှိနိုင်တယ်။ အခက်အခဲတွေတော့ ရှိတာပေါ့။ ရှေ့တန်းစခန်းတို့၊ လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ထွက်တာမျိုးမဟုတ်ဘူးဆိုရင်တော့ တပ်ရင်းက ထွက်လာတဲ့သူ တော်တော်များများကတော့ လက်နက်မပါဘဲနဲ့ စျေးဝယ်ထွက်မယ်၊ အပြင်ထွက်ဖို့ ပုံစံမျိုးစုံနဲ့ ထွက်ရင်းနဲ့မှ ထွက်လာကြတာများပါတယ်” ဟု သူက ဆိုသည်။

၎င်းအနေဖြင့် လက်နက်နှင့်တကွ လာရောက်ပူးပေါင်းပါက ဆုငွေချီးမြှင့်မည့် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် ကြိုဆိုကြောင်း၊ အများအပြားပါဝင်လာနိုင်ရန် မျှော်လင့်မထားနိုင်သော်လည်း စစ်ပွဲဖြစ်လာပါက ပြည်သူကို ပြန်လည်မတိုက်ခိုက်လိုသည့် စစ်သားများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်စေနိုင်ကြောင်း အာဏာဖီဆန်မည့် စစ်သားများကို တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပေးနေသည့် ဗိုလ်ကြီးညီသုတက ပြောသည်။

“ဒီ(ထုတ်ပြန်ချက်၊ သဘောထားတွေ) ရဲ့အကျိုးဆက်သည် တကယ်တမ်းရင်ဆိုင်တိုက်တဲ့အခါမှာ ငါတို့ကတော့ ပြည်သူတွေကို ပြန်မတိုက်တော့ဘူးဆိုတဲ့ စစ်သားတွေအနေနဲ့ သူ့ရဲ့လက်နက်နဲ့အတူ ပြည်သူ့ဘက်ကို အလင်းဝင်ဖို့အတွက် အခြေအနေဖြစ်လာမဲ့အခွင့်အရေး ပေးထားတာဖြစ်တဲ့အတွက် ရင်ဆိုင်တိုက်ပွဲတွေမှာ ဒီကြေညာချက်တွေရဲ့ ထိရောက်မှုက ပိုပြီးတော့ မြင်သာမှာဖြစ်ပါတယ်”ဟု ဗိုလ်ကြီးညီသုတက Myanmar Now ကို ပြောသည်။

လက်နက်စျေးနှုန်း

သာမန်စစ်သည်တစ်ဦးတွင် လက်နက်ငယ် (ရိုင်ဖယ်) တစ်လက်၊ ပွိုင့် 5.56 ကျည်တောင့် ၂၄၀ နှင့် လက်ပစ်ဗုံးတစ်လုံး၊ နင်းမိုင်းတစ်လုံးရှိသည်ဟု CDM ဗိုလ်ကြီးထွန်းမြတ်အောင်က Myanmar Now ကို ပြောထားသည်။

MA 2 ချေမှုန်းရေးရိုင်ဖယ် (စက်ကလေး) ကိုင်ဆောင်ရသည့် စစ်သားဆိုလျှင် ၄င်းနှင့်အတူ ပွိုင့် 5.56 ကျည်တောင့် ၄၀၀ ကျော်ပါဝင်ကြောင်း၊ Machine Gun (စက်လတ်) သုံးသူဆိုပါက ပွိုင့် 7.62 ကျည်တောင့် ၁၅၀၀ ထိ တပါတည်းသယ်ဆောင်ထားနိုင်ကြောင်း သူက ဆက်ပြောသည်။

စစ်သားတစ်ဦးအတွက် စစ်ကောင်စီတပ်က ထုတ်ပေးထားသည့် လက်နက်ခဲယမ်းတန်ဖိုးမှာ အနိမ့်ဆုံး ကျပ် ၁၀ သိန်းမှ အမြင့်ဆုံး ၁၅ သိန်း ဝန်းကျင်ထိရှိသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များအနေဖြင့် မှောင်ခိုလမ်းကြောင်းမှ ဝယ်ယူလျှင် ပျမ်းမျှ ကျပ်သိန်း ၅၀ အထိ တန်ကြေးပေးနေရသည်ဟု ၎င်းက ဆိုသည်။

အာဏာဖီဆန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် တချို့မှာ လက်နက်ကိုင်တော်လှန်ရေးတွင် ဆက်လက်ပါဝင်လိုသည့် ဆန္ဒရှိသော်လည်း လက်နက်ခဲယမ်းအခက်အခဲကြောင့် လက်ရှိအချိန်ထိ ထည့်သွင်းတိုက်ခိုက်စေခြင်း မရှိသေးဘဲ စောင့်ကြည့်အကဲဖြတ်နေဆဲသာဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။

အာဏာသိမ်းပြီး ၆ လကျော်အတွင်း CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်မတော်သား ၁၅၀၀ ကျော်လာပြီး အများစုမှာ တပ်သားအဆင့်နှင့် တပ်ကြပ်ကြီးအဆင့်ဖြစ်ကြောင်း၊ ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ အရာရှိများလည်း ၁၀၀ ကျော် ပါဝင်ကြောင်း တပ်ကို စွန့်ခွာလိုသူတို့ကို ကူညီပေးနေသည့် CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောထားသည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia