21 September 2021
ကိုမင်းသစ္စာအောင်နှင့် ကိုဝေယံထက်။ (ဓာတ်ပုံ – ပေးပို့)
ကိုဝေယံထက်မှာ ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာနေရပြီး ကိုမင်းသစ္စာအောင်မှာမူ ဘေးလူကူမှ လမ်းလျှောက်နိုင်သည်ဟု မိသားစုဝင်ထံမှ သိရသည်
By Myanmar Now
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို စစ်တပ်က ဝင်စီးစဉ် လေးလွှာအမြင့်မှ ကျကာ ဒဏ်ရာအပြင်းအထန်ရခဲ့သည့် ကိုမင်းသစ္စာအောင်နှင့် ကိုဝေယံထက်တို့ကို မင်္ဂလာဒုံစစ်ဆေးရုံ (ခုတင် ၅၀၀) မှ အင်းစိန်ထောင်သို့ စက်တင်ဘာ ၁၇တွင် ပို့လိုက်ကြောင်း သိရသည်။
အဆိုပါ သတင်းစကားကို ထောင်ပို့ပြီး နှစ်ရက်အကြာ(စက်တင်ဘာ ၁၉) တွင်မှ ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ပြောကြောင်း၊ အင်းစိန်ထောင်ဆေးရုံတွင် ရှိနေသည်ဟု သိရကြောင်း ကိုမင်းသစ္စာအောင်၏ ဖခင် ဦးသိန်းကြိုင်က ပြောသည်။
“သူတို့ကိုယ်တိုင် လူနာတင်ယာဉ်နဲ့ ပို့ခဲ့တာပါတဲ့၊ မင်္ဂလာဒုံကနေ အင်းစိန်ထောင်ဆေးရုံကို။ အဲဒီလို ပြောတာပေါ့။ မြင်တာတော့ မမြင်ရဘူး ကျွန်တော်ကတော့ မြင်ချင်တာပေါ့။ ကိုယ့်သားသမီးကို” ဟု ဦးသိန်းကြိုင်က ပြောသည်။
“ဒဏ်ရာအခြေအနေကတော့ ဝေယံထက်လေးက ဆိုးတယ်ပြောတယ်။ သူက ဒူးခေါင်းနှစ်ဖက်စလုံး ကျိုးသွားတာတဲ့။ မင်းသစ္စာအောင်ကတော့ ခါးပေါ့နော်။ သူက ဆောင့်ကျတဲ့သဘော၊ လမ်းသိပ်မလျှောက်နိုင်သေးဘူး။ စားလို့သောက်လို့ အဆင်ပြေတယ် ပြောတယ်”
ကိုဝေယံထက်၏ မိသားစုနှင့်မူ အဆက်အသွယ်မရသေးပါ။
ဩဂုတ် ၁၀ ရက်က ထိုဖြစ်စဉ်တွင် တိုက်ပေါ်မှကျသည့် လူငယ်ငါးဦးအနက် မဝေဝေမြင့်နှင့် ကိုဝေဇော်ထက်တို့ နေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသည့် ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်၊ ကိုရဲမင်းဦးတို့အပြင် ကိုဖြိုးဝေအောင်၊ ကိုသီဟကောင်းဆက်၊ မပိုးကျော့ကျော့ခန့် တို့ ဖမ်းဆီးခံခဲ့ရသည်။
ဒဏ်ရာရသူတို့ကို မင်္ဂလာဒုံစစ်ဆေးရုံ ခုတင် ၅၀၀နှင့် ခုတင် ၁၀၀၀တို့သို့ စစ်ကောင်စီက ပို့ခဲ့သည်။ ခုတင် ၁၀၀၀တွင် တက်ရောက်ပြီး ၁၀ ရက်အကြာတွင် လမ်းလျှောက်ရာတွင် အခက်အခဲရှိနေဆဲဖြစ်သည့် ကိုရဲမင်းဦးကို ရွှေပြည်သာရှိ စစ်ကြောရေးစခန်း ထိုမှတဆင့် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုထားသည်။
စစ်ဆေးရုံ၌ တစ်လကျော် ကုသခဲ့ရပြီး လွန်ခဲ့သည့် ငါးရက် (စက်တင်ဘာ ၁၇) ကမှ အင်းစိန်ထောင်သို့ ပို့ခံရသည့် ကိုမင်းသစ္စာအောင်မှာ ဘေးလူကူမှ လမ်းလျှောက်နိုင်ကြောင်း၊ ကိုဝေယံထက်မှာ ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာနိုင်သေးကြောင်း ရဲဝန်ထမ်းကို ကိုးကား၍ ဦးသန်းကြိုင်က ပြောသည်။
ယမန်နေ့(စက်တင်ဘာ ၂၀)က အင်းစိန်ထောင်သို့ ထောင်ဝင်စာသွားပို့ရာတွင် ကိုမင်းသစ္စာအောင်နှင့် ကိုဝေယံထက်တို့နှစ်ဦး အကျဉ်းထောင်အတွင်းရှိမရှိ အတိအကျအတည်မပြုနိုင်ခဲ့၍ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း ၎င်းက ဆက်ပြောသည်။
“(ထောင်ဝန်ထမ်းတွေက) လူမတွေ့ရင် မတွေ့တဲ့အကြောင်းကို ကျွန်တော်တို့အကြောင်းပြန်ပေးပါမယ်လို့ ပြောတယ်။ ခုချိန်ထိကတော့ ဘာမှအကြောင်းမပြန်သေးဘူး။ အဲဒါဆိုတော့ ရောက်တယ်လို့ပဲ သတ်မှတ်ရမှာပေါ့” ဟု ဦးသန်းကြိုင်က ဆိုသည်။
ထိုကိစ္စကို အတည်ပြုနိုင်ရန် ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန တာဝန်ရှိသူထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
ဖမ်းဆီးခံရသူများကို ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် ဖောက်ခွဲမှု၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ လက်ဝယ်တွေ့မှု စသည့် ထောင်တစ်သက်ချနိုင်သော ဧရာမပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေသည်။
စက်တင်ဘာ ၁၀ တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂၄ သို့ ပြန်လည်ချိန်းဆိုထားသည်။
၄၄ လမ်းဖြစ်စဉ်တွင် အမိုးပေါ်တက်၍ ပုန်းခိုနိုင်ခဲ့သည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ကံကောင်းထောက်မစွာဖြင့် အသက်ဘေးနှင့် စစ်ကောင်စီ၏ အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.