အာဏာရှင်စနစ်ကို ဘဝဖြင့်ရင်း၍ အန်တုပြခဲ့သည့် စက်ဗိုလ်

အာဏာရှင်စနစ်ကို ဘဝဖြင့်ရင်း၍ အန်တုပြခဲ့သည့် စက်ဗိုလ်

မန္တလေးဘူတာကြီးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောနေသည့် ဦးဝင်းကိုဦး (ဓာတ်ပုံ – ပေးပို့)

စက်ခေါင်းမောင်းအရာရှိ ရာထူးနှင့် အဆောင်အယောင်စွန့်ကာ ဝရမ်းပြေးဘဝဖြင့် ဈေးရောင်း၍ ရုန်းကန်နေသည့် ဦးဝင်းကိုဦးကို လူတစ်စုက အသက်သေဆုံးသည်အထိ ဝိုင်းရိုက်ခဲ့ကြသည်

By Myanmar Now

မန္တလေးမြို့ ဩဂုတ်လ မနက်ခင်း၏ စက်မှုရပ်ကွက် ဈေးတစ်ခုတွင် ချိန်ခွင်ကိုင်ထားသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး အသံစာစာဖြင့် အော်ဟစ်ကာ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ နန်းကြီး၊ နန်းပြား စသည့် မုန့်ဖတ်များ ရောင်းနေသည်။

ဈေးဝယ်များကို အပြုံးချိုချိုဖြင့် မိတ်ဖွဲ့တတ်ပြီး သွက်လက်ချက်ချာစွာ စျေးရောင်းသည့် ထိုအမျိုးသားမှာ ဖေဖော်ဝါရီ ၁ စစ်အာဏာမသိမ်းမီက မြန်မာ့မီးရထားလုပ်ငန်းခွင်အတွင်း စက်ဗိုလ်ဟု ခေါ်ဝေါ်သော စက်ခေါင်းမောင်းအရာရှိ ဦးဝင်းကိုဦး ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းမှုကို ၁၉၈၈ တွင် တစ်ကြိမ်ကြုံဖူးသူဖြစ်၍ ၂၀၂၁ ၌ ထပ်မံကြုံရချိန်တွင် တိုင်းပြည်အတွက် တွေးပင် မတွေးဝံ့သည့် အဘက်ဘက်မှ ဆိုးယုတ်မှုများ တကျော့ပြန်လာတော့မည်ကို ရိပ်စားမိခဲ့ပြီး ရရာနည်းလမ်းဖြင့် ဆန့်ကျင်မည်ဟု ၎င်းက ဆုံးဖြတ်သည်။

အာဏာသိမ်းပြီးနောက် တစ်လအကြာ မတ်လတွင် လုပ်သက် ၂၅နှစ်ရှိ မြန်မာ့မီးရထားဝန်ထမ်းဘဝကို စစ်အာဏာရှင် အုပ်စိုးနေသ၍ စွန့်လွှတ်လိုက်တော့မည်ဟု ဦးဝင်းကိုဦးက သန္နိဋ္ဌာန်ချလိုက်သည်။

“နည်းနည်းတော့ တွေဝေတာပေါ့၊ မိသားစုနဲ့လေ၊ ဒီကထွက်ရရင် နေစရာမှမရှိတာ၊ ဒါပေမဲ့ ထွက်ပေးခဲ့တယ်။ ဘယ်လိုဒုက္ခရောက်ရောက် စက်ဆုပ်လို့၊ ရွံရှာလို့၊ သူတို့နဲ့အလုပ်မလုပ်ချင်လို့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို အသိအမှတ်မပြုနိုင်၍ အလုပ်မဆင်းဟု ငြင်းဆန်ခဲ့ကြသည့် အစိုးရဌာနများစာရင်းတွင် ဦးဝင်းကိုဦးတို့ဌာနမှာ ထိပ်ဆုံး၌ ရှိနေသည်။

မန္တလေးတွင် စက်ခေါင်းမောင်းနှင့် ခရီးစဉ်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃၁၉ ဦး ရှိသည့်အနက် ၂၈၅ဦးမှာ အလုပ်မှ နုတ်ထွက်ထားကြသည်ဟု ၎င်းက ပြောသည်။

ထိုသူများအားလုံးကို စစ်ကောင်စီက နေအိမ်လိုင်းခန်းများမှ မတ်လမှစ၍ ဖယ်ရှားခိုင်းရာတွင် ဦးဝင်းကိုဦးလည်း ပါဝင်ခဲ့ပြီး မန္တလေး၊ သိုးခြံဘူတာဝန်ထမ်းအိမ်ရာမှ ထွက်ခွာပေးခဲ့ရသည်။

ထိုအထဲတွင် ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်လေ့ရှိ၊ ဟောပြောလေ့ရှိသည့် ဦးဝင်းကိုဦးသည် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅  –  က ဖြင့်ပါ ဝရမ်းထုတ်ခံရသည်။

ဝရမ်းထုတ်သည့် ကိစ္စ အတိအကျသိလိုသော်လည်း ဖမ်းဆီးခံရမည်စိုး၍  စုံစမ်းခြင်းမပြုဘဲ သိုသိပ်စွာ နေထိုင်ခဲ့ရကြောင်း ဦးဝင်းကိုဦးက ပြောသည်။

ဇနီးဖြစ်သူက စက်ချုပ်၊ ၎င်းက စက်ဗိုလ်ဘဝဖြင့် တက္ကသိုလ်ကျောင်းသားသားတစ်ဦး၊ အိမ်ထောင်သည် သမီးတစ်ဦးရှိသည့် မိသားစုမှာ ချောင်ချောင်လည်လည်ဖြစ်နေရာမှ စိန်ခေါ်မှုအသစ်များ ရုတ်တရက်ပေါ်လာခဲ့ရသည်။

ဝန်ထမ်းလိုင်းခန်းမှ ဆင်းပြီးနောက် မိသားစုဝင်တစ်ဦး၏ နေအိမ်၌ သွားရောက်နေထိုင်ကာ စားဝတ်နေရေးပြေလည်ရုံသာရှိသည့် မုန့်ဖတ်ရောင်းသည့် အလုပ်ကို စိတ်တထင့်ထင့်ဖြင့် လုပ်ကိုင်ခဲ့ရကြောင်း ဦးဝင်းကိုဦးက ဆိုသည်။

“စစချင်းတော့ ရှက်တာပေါ့၊ ငိုချင်တယ်၊ ကိုယ်မကျွမ်းကျင်တဲ့လုပ်ငန်းလည်းဖြစ်တော့ အခက်အခဲတွေနဲ့ပေါ့၊  နောက်တော့ ဝင်ငွေလေးလည်းရလာရော တဖြည်းဖြည်းပျော်လာတယ်” ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ ဈေးတစ်ခုအတွင်း တွေ့ရသည့် ဦးဝင်းကိုဦး။ (ဓာတ်ပုံ – ပေးပို့)

အထက်ပါ ကိစ္စများကို ဦးဝင်းကိုဦးက ဩဂုတ်လအတွင်း ပြောပြခဲ့ခြင်းဖြစ်ပြီး ဝရမ်းပြေးဘဝဖြင့် ပုန်းလျှိုးနေထိုင်ရသော သူ၏ လုံခြုံရေးအတွက် Myanmar Now က ထုတ်ဖော်တင်ဆက်မှု မပြုခဲ့ပါ။

ယခုတွင်မူ ပြည်သူက မဲပေးရွေးချယ်သည့် အစိုးရလက်ထက်ပြန်ရောက်လျှင် စက်ခေါင်းပြန်မောင်းမည်ဟု ပြောပြခဲ့သည့် ဦးဝင်းကိုဦးမှာ သူလိုလားတောင့်တသည့် စစ်အာဏာရှင်စနစ်ကျဆုံးချိန်ကို မြင်တွေ့ရမည် မဟုတ်တော့ပါ။

စက်တင်ဘာ ၉ ရက် နံနက် ၅ နာရီခန့်တွင် အော်ဒါမှာထားသည့် နေရာသို့ သွားပို့ရင်း လမ်းတွင် လူ ၈ ဦးခန့်က ဝိုင်းရိုက် ဆိုင်ကယ်လု၍ ဦးနှောက်အတွင်း သွေးဝင်သည့် ဒဏ်ဖြင့် စက်တင်ဘာ ၁၉ ညနေ ၆ နာရီခွဲတွင် ကွယ်လွန်သွားပြီဖြစ်သည်။

ကွယ်လွန်သူ ဦးဝင်းကိုဦးကိုယ်တိုင်က အာဏာဖီဆန်ရပ်တည်ပြခဲ့သူဖြစ်၍ စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့ကို အားမကိုးလို၊ စကားမပြောလိုသဖြင့် ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ်အသေးစိတ်ကို မိသားစုက မပြောပေ။

ဦးခေါင်းနောက်စေ့ကွဲ၊ နံရိုး၊ ခြေ၊ လက် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရခဲ့ပြီး ကွယ်လွန်ချိန်အထိ သတိလစ် မေ့မြောနေသည့် ဦးဝင်းကိုဦး၏ အသက်ကို ကယ်နိုင်ရန် ပုဂ္ဂလိကဆေးရုံသို့ ပို့ဆောင်၍ ၁၀ ရက်ကြာ ကုသခဲ့သေးသော်လည်း လက်လွှတ်ရသည်ဟု မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“(စက်တင်ဘာ ၁၈) ကျတော့ အခြေအနေမကောင်းတော့လို့ ဆေးရုံက ဆင်းလာပြီး အိမ်မှာပဲ ဆုံးသွားတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ရဲတပ်ဖွဲ့က လူသေမှုကဲ့သို့သော အမှုကြီးများအတွက် စုံစမ်းစစ်ဆေးမှုပင်မရှိ၊ လျစ်လျူရှုထားသည့် ထိုဖြစ်စဉ်မှာ ရိုးသားမှုမရှိနိုင်ဟု ဦးဝင်းကိုဦးနှင့် ရင်းနှီးပြီး လုံခြုံရေးအရ အမည်နှင့် ကိုယ်ရေးအချက်အလက် ထုတ်ဖော်မပြောလိုသည့် အမျိုးသားတစ်ဦးက သုံးသပ်သည်။

“ဆိုင်ကယ်လိုချင်လို့ လုတာ မဖြစ်နိုင်ဘူး။ ဆိုင်ကယ်လိုချင်ရင် ဒီလောက်ရက်ရက်စက်စက် လုပ်စရာမှ မလိုတာ။ ခုက မသေမချင်းရိုက်သတ်ခဲ့တဲ့ ပုံစံပါပဲ၊ သူက မီးရထားဝန်ထမ်းတွေ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ဖို့ ဦးဆောင်ခဲ့သူထဲပါတော့ စောင့်ကြည့်လုပ်ကြံတာလည်းဖြစ်နိုင်တာပဲ”ဟု ၎င်းက ပြောသည်။

မိသားစုကမူ သေဆုံးမှုအပေါ် မည်သည့်မှတ်ချက်မျှ မပေးပါ။

ဈေးအရောင်းအဝယ်ကိစ္စမဟုတ်လျှင် ပြင်ပသို့ သွားလာခြင်းမပြုသည့် ဦးဝင်းကိုဦးမှာ ဘဝ၏ နောက်ဆုံးအချိန်ရောက်မှန်းမသိ ရောက်နေချိန်တွင် အောက်ပါစကားရပ်ကို မကြာခဏပြောခဲ့သည်ဟု မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“တတွတ်တွတ်ပြောတာက သူ တော်လှန်ရေးအောင်ချင်တယ်၊ မီးရထားပြန်မောင်းချင်လိုက်တာတို့၊ ငါ့မြေးနှစ်ယောက် ကျောင်းပို့ချင်တယ်တို့ အဲဒီလို အမြဲပြောတယ်” ဟု ထိုမိသားစုဝင်က ပြောသည်။

ဦးဝင်းကိုဦး၏ ရုပ်အလောင်းကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက တောင်အင်း မြောက်အင်းသုဿန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်သည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia