16 September 2021
ညီအစ်ကိုများ ဖြစ်ကြသော ကိုနိုင်ဇော်ကြည်ဝင်း၊ ကိုသူဇော်ကြည်ဝင်း၊ ကိုရန်နိုင်ကြည်ဝင်း၊ ရန်နောင်ကြည်ဝင်း။ (ဓာတ်ပုံ-Supplied)
ညီ ၃ ဦး အဖမ်းခံထားရပြီး ကိုယ်တိုင်လည်း တိမ်းရှောင်နေရသည့် ကိုသူဇော်ကြည်ဝင်းက မိသားစုဝင်များ ပြန်လည်ဆုံဆည်းနိုင်မည်ဟု ယုံကြည် မျှော်လင့်နေသည်
By Myanmar Now
ဇနီးဖြစ်သူ ကိုယ်ဝန်အရင့်အမာလွယ်ထားရသော်လည်း ၃၄ နှစ်အရွယ် ကိုသူဇော်ကြည်ဝင်းက ရန်ကုန်မြို့နေအိမ်တွင် ရှိမနေပေ။ စစ်ကောင်စီတပ်၏ ရန်ကြောင့် ဇနီးသည်ကိုသာမက ၄ နှစ်နှင့် ၃ နှစ် အရွယ် သားနှစ်ဦးတို့ကိုပါ ချန်ထားပြီး တိမ်းရှောင်နေရသူဖြစ်သည်။
“ကွဲကွာနေကြတဲ့မိသားစုတွေ ပြန်လည်ပေါင်းစည်းဖို့အတွက် တစ်ခုတည်းသောအရာက တော်လှန်ရေး အောင်ဖို့ပဲ” ဟု အသက် ၃၄ နှစ်အရွယ် ကိုသူဇော်ကြည်ဝင်းက စိတ်အားထက်သန်စွာ ပြောနေသည်။
သူ ပြောသည့် ကွဲကွာနေကြသူများဆိုသည်မှာ သူ့ဇနီးနှင့် သားနှစ်ဦးကိုသာ ဆိုလိုခြင်း မဟုတ်ပါ။ အာဏာသိမ်းစစ်ကောင်စီတပ်က အင်းစိန်ထောင်၊ ပဲခူးထောင်နှင့် ရွှေပြည်သာရဲစခန်းတို့တွင် ဖမ်းဆီးထိန်းသိမ်းထားသော သူ၏ ညီ သုံးဦး၊ ထိုသုံးဦးကို ထောင်ဝင်စာပို့နေရမည့် သူ၏ မိခင်တို့လည်း ပါဝင်သည်။
ကိုသူဇော်ကြည်ဝင်း
ကိုသူဇော်ကြည်ဝင်း၏ ညီများမှာ ၂၇ နှစ်အရွယ် ကိုနိုင်ဇော်ကြည်ဝင်း၊ အသက် ၂၂ အရွယ် အမြွှာများဖြစ်ကြသော ကိုရန်နိုင်ကြည်ဝင်း၊ ကိုရန်နောင်ကြည်ဝင်းတို့ ဖြစ်သည်။
သူတို့တွင် မိခင်သာရှိပြီး ဖခင်က ဆုံးပါးခဲ့ပြီး ဖြစ်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ရွှေပြည်သာမြို့နယ် အလုပ်သမားနှင့် ကျောင်းသားအင်အားစုများကို ဦးဆောင်ခဲ့သဖြင့် ကိုနိုင်ဇော်ကြည်ဝင်းနှင့် ကိုရန်နောင်ကြည်ဝင်းတို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် မပါဝင်သည့် ကိုရန်နိုင်ကြည်ဝင်းကို စစ်ကောင်စီက အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့သည်ဟု သူက Myanmar Now ကို ပြောသည်။
” ဒီအလုပ်လုပ်ရင် ဒါတွေကြုံရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ညီတွေ ပါသွားတဲ့အချိန်မှာ သိပ်ပြီးတော့ မခံစားရဘူး ” ဟု သူက ဆိုသည်။
အဖြစ်အပျက်ကို ဖော့ပြီးသာပြောနေသော်လည်း သူ့မျက်လုံးများက အလေးအနက် တွေးတောနေဟန် မြင်ရသည်။
တပတ်ရစ် (ဘေထုပ်) အဝတ်အထည်များရောင်းချခြင်းဖြင့် အသက်မွေးသူ ကိုသူဇော်ကြည်ဝင်းသည် အာဏာမသိမ်းခင် အစောပိုင်းကာလများကတည်းက ၎င်း၏ ညီဖြစ်သူ နိုင်ဇော်ကြည်ဝင်းနှင့်အတူ ရွှေပြည်သာမြို့နယ် အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
ကိုနိုင်ဇော်ကြည်ဝင်း
ရွှေပြည်သာရှိ စက်ရုံတစ်ရုံတွင် လိုက်ထရပ်ကားမောင်းသည့် ကိုနိုင်ဇော်ကြည်ဝင်းသည် မိသားစုထဲတွင် သီးသန့်နေထိုင်တတ်သူဖြစ်သည်။
“သူက အိမ်မှာလည်း တစ်ယောက်တည်း သူ့ဘာသာသူနေတာ။ ကျွန်တော်နဲ့လည်း သိပ်မရောဘူး” ဟု ကိုသူဇော်ကြည်ဝင်းက ဆိုသည်။
သူတို့နှစ်ဦး အမြင်မတူမှုများရှိသော်လည်း အလုပ်သမားအရေးလှုပ်ရှားမှု၊ နွေဦးတော်လှန်ရေးတို့တွင် တက်တက်ကြွကြွ လုပ်ဆောင်ပုံချင်းတော့ တူကြသည်။
သူ့စက်ရုံမှ အလုပ်သမားတို့၏ အခက်အခဲကို ကူညီတတ်သူ၊ ဖြေရှင်းပေးတတ်သူဟု မှတ်ချက်ပြုသည်။
၂၀၁၅ ဖေဖော်ဝါရီတွင် လုပ်ခလစာတိုးမြှင့်ရေးတောင်းခဲ့ကြသည့် ရွှေပြည်သာမြို့နယ်၊ တညင်းကုန်း အလုပ်သမားဆန္ဒပြပွဲတွင် ညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင် ၁၄ လခန့် ချုပ်နှောင်ခံရသည်။
နွေဦးတော်လှန်ရေးတွင်လည်း ညီအစ်ကိုနှစ်ဦး စိတ်တူကိုယ်တူ ပါဝင်ကြသည်။ ဖေဖော်ဝါရီလမှ စတင်၍ ရွှေပြည်သာရှိ အလုပ်သမားဆန္ဒပြစစ်ကြောင်းတွင် ပါ၀င်ရာ ဧပြီ ၁၀ တွင် ညီဖြစ်သူ အဖမ်းခံရပြီး အင်းစိန်ထောင်သို့ နောက်တစ်ကြိမ် ပြန်ရောက်သွားသည်။
ဇူလိုင် ၂၃ က အင်းစိန်ထောင်အတွင်း ဖြစ်ပွားခဲ့သည့် ထောင်တွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သောကြောင့် ကိုနိုင်ဇော်ကြည်ဝင်း ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများအရေးလှုပ်ရှားနေသူတို့က ပြောသော်လည်း ထောင်အရာရှိများထံမှ ထိုသတင်းအတည်ပြုချက် မရသေးပေ။
၂၂ နှစ်အရွယ် အမြွှာညီအစ်ကို
အငယ်ဆုံး ကိုရန်နောင်ကြည်ဝင်းက ရွှေပြည်သာ အမိုးကြီးကားမှတ်တိုင်အနီး ဆေးမင်ကြောင်ထိုးသည့် အလုပ်ကို လုပ်ကိုင်ကာ ၀င်ငွေကို စုဆောင်းပြီး မိခင်လက်ထဲ ထည့်သူဖြစ်သည်။
၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဖေဖော်ဝါရီလဆန်းမှ စတင်၍ ရွှေပြည်သာမြို့နယ် ကျောင်းသားများကို ဦးဆောင်ခဲ့သည့် ကိုရန်နောင်ကြည်ဝင်းသည် ဧပြီ ၁၆ ရက်နေ့က ပဲခူးတွင် အဖမ်းခံရပြီး ပဲခူးထောင်၌ ထိန်းသိမ်းခံနေရသည်။
၂၀၁၇ ကတည်းက သူ ဝင်ရောက်လှုပ်ရှားခဲ့သည့် ရွှေပြည်သာမြို့နယ်ကျောင်းသားသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ်လည်း တာ၀န်ယူခဲ့ဖူးသည်၊ ၂၀၁၈ တွင် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်ဟု ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။
“သူက ကျွန်တော်တို့နဲ့ အစောပိုင်းကာလ လှုပ်ရှားနေကတည်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်။ အခုကာလမှာလည်း သူ ဖမ်းဆီးခံထားရတာကို စိတ်ပူမိတယ်” ဟု ၎င်းက ဆိုသည်။
သူတို့ အမြွှာညီအစ်ကိုမှာ ရုပ်ချင်းဆင်တူသော်လည်း အသက်မွေးဝမ်းကျောင်းအလုပ်နှင့် ခံယူချက် မတူကြချေ။
ကိုရန်နိုင်ကြည်ဝင်းက သမဂ္ဂများနှင့် မသက်ဆိုင်ခဲ့သလို နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ပါ၀င်ခြင်း မရှိဘဲ စီးပွားရေးကိုသာ အာရုံစိုက်ခဲ့သည်။
ဖုန်းနှင့်ကွန်ပျူတာပြုပြင်ရေးလုပ်ငန်းရှိရာ လှိုင်သာယာမြို့နယ်တွင် နေထိုင်ရာမှ ဇူလိုင် ၁ တွင် ရွှေပြည်သာရှိ မိခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံစဉ် စစ်ကောင်စီတပ်က ဖမ်းကာ ရဲစခန်း၌ ချုပ်နှောင်ထားခြင်း ဖြစ်သည်ဟု အစ်ကိုအကြီးဆုံးက ပြောသည်။
“သူ့ကို ဆန္ဒပြပွဲထဲ ပါတယ်ဆိုပြီး ဘာမှမဆိုင်ဘဲနဲ့ ဖမ်းသွားတာ။ ကျွန်တော်တို့တွေကြောင့် ဖြစ်မယ်ထင်တာပဲ” ဟု ကိုသူဇော်ကြည်ဝင်းက ဆိုသည်။
စက်တင်ဘာ ၁၄ တွင်မူ ရွှေပြည်သာရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုရန်နိုင်ကြည်ဝင်းကို ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်ဟု ရဲစခန်းမှတဆင့် သိရသည်ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က စစ်ဗိုလ်ချုပ်များသည် အများပြည်သူကို ဖိနှိပ်ရာတွင် မိသားစု၀င်များကိုပါ ပစ်မှတ်ထားတတ်သည်ဟု မှတ်ချက်ပြုသည်။
“တစ်ခုသေချာတာက အရင်တုန်းကလည်း ဒီစစ်တပ်ပဲ လူသတ်ခဲ့တာ၊ လူတွေကို နှိပ်စက်ခဲ့တာပါပဲ။ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းက မပြောင်းပါဘူး။ အရင်ခေတ်ကလည်း သားကို မတွေ့လို့ အဖေကို ဖမ်းတာရှိခဲ့ဖူးတယ်။ အခုခေတ်လောက်တော့ မများဘူး။ အရင်ခေတ်ကလည်း သားက နိုင်ငံရေးမှာ ပတ်သက်လို့ အဖေ သို့မဟုတ် အစ်မ သို့မဟုတ် ညီတွေကို အစိုးရဌာနတွေကနေ ထုတ်ခဲ့တာ၊ အဖေက နိုင်ငံရေးမှာ ပတ်သက်လို့ သားသမီးကို နိုင်ငံခြားထွက် ပညာသင်ခွင့်မပေးတာတွေ ရှိခဲ့ပါတယ်” ဟု ဦးဘိုကြည်က ပြောသည်။
“ထောင်က ပြန်လွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း ပညာဆက်သင်ခွင့်မပေးခဲ့တာနဲ့ အလုပ်အကိုင်ကောင်းကောင်းရနေခဲ့ရင်တောင် အလုပ်ကနေ ပြန်ဖြုတ်ပစ်အောင် ထောက်လှမ်းရေးက အလုပ်ရှင်ကို ဖိအားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ သို့သော် ယနေ့ရင်ဆိုင်နေရတဲ့ စစ်တပ်ရဲ့ ပြည်သူတွေကို နှိပ်စက်နေတဲ့ နှိပ်စက်မှုက အရင်ကထက် ပိုကြမ်းတမ်း ယုတ်မာပါတယ်”
ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံ၌ နွေဦးတော်လှန်ရေးအတွက် မတ်လ ၄ က ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ-CJ)
ရွှေပြည်သာမှ နွေဦးတော်လှန်ရေး
စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ကိုသူဇော်ကြည်ဝင်း၊ ကိုနိုင်ဇော်ကြည်ဝင်းနှင့် ကိုရန်နောင်ကြည်ဝင်းတို့ ညီအစ်ကိုသုံးဦး ဆုံးဖြတ်လိုက်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်လှုပ်ရှားမှုမှ မရှိသေးသော်လည်း ဖေဖော်ဝါရီ ၃ ညအချိန်တွင် ၎င်းတို့ ညီအကိုသုံးဦးသည် ရွှေပြည်သာ၊ ထန်းခြောက်ပင်လမ်းဆုံတစ်နေရာတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် စာသားများကို ဆေးဖြင့် လိုက်လံရေးဆွဲခဲ့ကြသည်။
“ဘယ်သူဦးဆောင်ဆောင်၊ ဦးဆောင်သူရဲ့နောက်ကို လိုက်ဖို့ ကျွန်တော်တို့ ပြည်သူကို အချက်စပြတာပေါ့” ဟု ကိုသူဇော်ကြည်၀င်းက ပြောသည်။
ဖေဖော်ဝါရီ ၆ တွင် ရန်ကုန်လူထုလှုပ်ရှားမှုများ စတင်ခဲ့ရာ ၎င်းတို့ ညီအစ်ကိုသုံးဦးလည်း ရွှေပြည်သာမြို့နယ် အလုပ်သမားနှင့် ကျောင်းသားများ၏ ဆန္ဒပြပွဲများတွင် နေ့စဉ် ပါဝင်လှုပ်ရှားကြသည်။
ထန်းခြောက်ပင်လမ်းဆုံတွင် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဆန္ဒပြခဲ့ကြသည်။
“အဲဒီဆန္ဒပြပွဲကြီးက အင်အားအတော်များသွားတာ။ အလုပ်သမားမဟုတ်တဲ့ ကျောင်းသားတွေကလည်း ကျွန်တော်တို့နဲ့ လာချိတ်ဆက်တယ်။ အားလုံးစုပေါင်းပြီး သပိတ်စခန်းဖွင့်ကြတယ်” ဟု အစ်ကိုအကြီးဆုံးက ဆိုသည်။
“အတူတူတွဲပြီး တာဝန်ခွဲလုပ်ကြတာများတယ်။ ပြေးရင်တော့ ကျွန်တော်တို့က ဘယ်တော့မှ အတူတူမပြေးဘူး။ ပြီးရင် ဘယ်နေရာမှာ ပြန်ဆုံမယ်ဆိုတာကိုပဲ လက်တို့မှာလိုက်တာပဲ”
ရွှေပြည်သာမြို့နယ်၏ အဓိကဆန္ဒပြစစ်ကြောင်းဖြစ်သော ထန်းခြောက်ပင်လမ်းဆုံမှ အကာအရံများ အားလုံးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ဘူဒိုဇာ(မြေကော်စက်)များဖြင့် ဖြိုဖျက်ခဲ့သည်ကို မတ် ၆ မနက်အစောတွင် တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-Burma Associated Press)
မတ် ၇ မွန်းလွဲတွင် ရွှေပြည်သာ ထန်းခြောက်ပင်လမ်းဆုံတွင် ဆန္ဒပြနေသူ ၁၀၀ ကျော်ခန့် အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည်ဟု ရွှေပြည်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မတ်လ ၈ ၌ Myanmar Now ကို ဖြေကြားခဲ့သည်။
မတ် ၁၄ တွင် စစ်ကောင်စီက ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အကြမ်းဖက်ကိုင်တွယ်ရာ လှိုင်သာယာမြို့နယ်တွင် တစ်ရက်တည်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရွှေပြည်သာမြို့နယ်၌ ၃ ဦး သေဆုံးခဲ့သည်။
၁၉၈၈ စစ်အာဏာသိမ်းမှုအပြီး စစ်တပ်က ၂၃ နှစ်ကြာ အနိုင်ကျင့်အုပ်ချုပ်ကာ စစ်ဗိုလ်ချုပ်များက နိုင်ငံရေးဦးဆောင်မှုတွင် ပါ၀င်စေရန် စီစဉ်ခဲ့ကြသည်။ ယခုနှစ် စစ်တပ်အာဏာသိမ်းမှုသည်လည်း ယခင်အခြေအနေထက် ပိုဆိုးသော ဖိနှိပ်မှုများသို့ ဦးတည်နေသည်။
စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိနေပြီး ဆက်လက်ထိန်းသိမ်းခံနေရသူ ၇၀၀၀ ကျော် ရှိသည်ဟု AAPP အသင်းက စုံစမ်း မှတ်တမ်းတင်ထားသည်။
စစ်ကောင်စီက AAPP ၏ ကိန်းဂဏန်းများမှာ ချဲ့ကားထားခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ကြောင်း ပြောဆိုထားသည်။
ကိုသူဇော်ကြည်၀င်းတို့ ညီအစ်ကိုများကဲ့သို့ တိမ်းရှောင်နေသူ၊ အဖမ်းခံလိုက်ရသူများ ရှိသလို တချို့ကလည်း ဖမ်းဆီးနှိပ်စက်မှု၊ ပစ်ခတ်ခံရမှုတို့နှင့် ရင်ဆိုင်ရလင့်ကစား အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောက်ကျားဆန္ဒပြပွဲ ပြုလုပ်ခြင်းဖြင့် အရှိန်အဟုန်မပျက် ဆက်လက် အန်တုနေကြသည်။
သားများအတွက် အမေ့အိမ်
ရွှေပြည်သာမြို့နယ်တွင် အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်သော သူတို့၏ မိခင် ဒေါ်ခင်ကြည်သည် ကိုဗစ်နိုင်တင်းဒဏ်ခံခဲ့ရပြီး သက်သာလာသည်မှာ မကြာသေးဟု ကြားသိရသည်။
ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက် မြေနီကုန်းတွင် စာအုပ်အဟောင်းများ ရောင်းချခြင်းဖြင့် အသက်မွေးခဲ့ပြီး လွန်ခဲ့သည့် ၄ နှစ်ခန့်မှ စတင်၍ အသုပ်ဆိုင်ဖွင့်လှစ်ခဲ့ကာ လတ်တလောအခြေအနေများတွင် အသုပ်ဆိုင် ပိတ်ထားရသည်။
အသုပ်ဆိုင် ပြန်မဖွင့်နိုင်သေးခင် တူမဖြစ်သူက ကူညီပြုစုနေကြောင်း၊ အထိန်းသိမ်းခံနေရသည့် သားများထံသို့ နားကပ်ပေါင်ကာ ထောင်ဝင်စာပို့နိုင်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။
“စားစရာသောက်စရာ တူမလေးတွေက လာပို့ပေးတယ်။ အဲဒီလိုမျိုး နေစားရတာပေါ့နော်။ သားတွေက အနားမှာ မရှိတော့ ဘာပြောပြော အားငယ်တာပေါ့ကွယ်။ ကြိုးစားပြီးတော့ နေတယ်လေ။ သား ၄ ယောက်ကို တွေ့ချင်သေးတာကိုး” ဟု သူက ဆိုသည်။
ညီအစ်ကိုများ ဆုံစည်းကြသည့် နေရာမှာ သူတို့၏ မိခင်အိမ် ဖြစ်သည်။
ကိုသူဇော်ကြည်ဝင်းက စစ်အာဏာသိမ်းမှုကြောင့် မိသားစု၀င်များ ကွဲကွာသွားရသည့် ဖြစ်ရပ်မျိုး နိုင်ငံအနှံ့တွင် ရှိနေပြီး ပြန်လည်ဆုံစည်းနိုင်ရေးအတွက် တော်လှန်ရေးအောင်မြင်ရန် လိုအပ်ကြောင်း၊ လူတိုင်း မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်တော်လှန်ရန် လိုအပ်ကြောင်း ပြောသည်။ အောင်မြင်မည်ဟုလည်း အကောင်းမြင်ကြောင်း သူက ဆက်ပြောသည်။
“ညီအစ်ကိုတွေ ပြန်ဆုံဖို့ဆိုတာကို ကျွန်တော် မျှော်လင့်တယ်။ ပြန်ဆုံရင်လည်း ကျွန်တော်တို့က အရင်လိုမျိုး အမေ့အိမ်မှာ ဆုံကြမှာ” ဟု ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.