ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

By ဧရာဝတီ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာအနီး ယမန်နေ့ (စက်တင်ဘာ ၉ ရက်) က စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားရာ မြင်သားကျေးရွာ ဒေသခံ ၁၇ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်များသည် ရွာထိပ်သို့ ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ရာ ရွာတံတားအရှေ့ဘက်တွင် စောင့်နေသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဘက်မှ တူမီးသေနတ်များဖြင့်  ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြောင်း မြင်သားကျေးရွာ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “သူတို့ရွာထဲကို တရကြမ်းဝင်တယ်။ လူငယ်လေးတွေက အပေါက်ဝမှာ စောင့်နေတာ။ တံတားက အရှေ့ဘက်၊ အနောက် ဘက်ပေါ့။ ကျနော်တို့ လူငယ်တွေက တံတားအရှေ့ဘက်ကနေ စောင့်နေတာ။ အဲဒီမှာ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ အကုန် ပစ်သတ်သွားတာ။ အနည်းဆုံး လူငယ် ၁၆ ယောက် သေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ တိုက်ပွဲဖြစ်ပွားရာ မြင်သားကျေးရွာ (ဓာတ်ပုံ-CJ)  

ဆက်လက်၍ ၎င်းက “သူတို့က ရွာကို လက်နက်ကြီးတွေပစ်ပြီး ဝင်လာတော့ လူငယ်တွေကလည်း ဘာဖြစ်မှန်းမသိတော့ ရှိတဲ့ တူမီးနဲ့ ထွက်ပြီး ခုခံရတာပေါ့။ ရွာမှာလုပ်ထားတဲ့ ရွာကာကွယ်ရေး အဖွဲ့လေးပေါ့။ PDF သဘောမျိုးပေါ့ဗျာ” ဟု ပြော သည်။

စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြင်သားကျေးရွာဘက်တွင် PDF တပ်ဖွဲ့ လှုပ်ရှားနေကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များက သွားရောက် စစ်ဆေးရာ မြင်သားကျေးရွာအနီးသို့ အရောက်တွင် လူ ၅၀ ခန့်က လက် နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “လူ ၅၀ လောက်က လက်နက်ငယ်တွေနဲ့ ဝိုင်းပြီးတော့ ပစ်ခတ်တယ်။ တပ်ဘက်က စစ်သည် ၁ ဦး ကျသွားတယ်။ ဟို ဘက်ကတော့ အလောင်းတွေရယ်၊ သေနတ် စုစုပေါင်း ၂၃ လက်နဲ့ လက်လုပ်စိန်ပြောင်း ၈ လက် အဲဒါ ရလိုက်တယ်” ဟု ပြောသည်။

အလောင်း အရေအတွက်ကို မပြောနိုင်ကြောင်းနှင့် ရွာထဲတွင် တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဘဲ ရွာအဝင်၌ တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီဘက်က ရှင်းလင်းသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ တိုက်ပွဲဖြစ်ပွားရာ မြင်သားကျေးရွာ (ဓာတ်ပုံ-CJ)  

ဒေသခံများကမူ တိုက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိသူများပါ အသတ်ခံရကြောင်း ဧရာဝတီကို ပြောသည်။

ဒေသခံတဦးက “အလောင်းတွေကို မီးရှို့တော့မှာ။ အားလုံး ၁၇ လောင်း။ အငယ်ဆုံးက ၁၆ နှစ်ပါတယ်။ အဘိုးကြီး တယောက် ပါတယ်။ အဘိုးကြီးက အိမ်ထဲမှာနေတုန်း လက်နက်ကြီးမှန်ပြီး သေတာ။ လက်ပြတ်သွားတယ်။ ပွဲချင်းပြီးပဲ။ အသက် ၅၀ နှစ်လောက်အရွယ် ဦးထွန်းဝေဆိုတဲ့လူကို ခေါင်းဆောင်ဆိုပြီး လက်ပြန်ကြိုးတုပ်ပြီးတော့မှ သတ်တာ။ သူက တစည ပါတီဝင် တယောက်ပါ” ဟု ပြောသည်။

ဒေသခံ အမျိုးသမီးတဦးကလည်း နံနက်ပိုင်းတွင် ပစ်ခတ်သံများ ကြားသဖြင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက် ကြီးရွယ်အိုများမှာ ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ခဲ့ကြကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် စစ်သား ၁၅ ဦးခန့် ယင်းဘုန်း ကြီးကျောင်းသို့ ရောက်ရှိလာကြောင်း ပြောပြသည်။

၎င်းက “ကျမတို့ ဘုန်းကြီးကျောင်းထဲကို သေနတ်တွေ ပစ်ဖောက်ပြီးတော့မှ ဝင်လာတယ်။ ထွက်လာခိုင်းတယ်။ ထွက်မလာရင် သူတို့ဝင်လာပြီး တွေ့တာနဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ အပြင်ကနေ အော်တော့ ကြောက်လို့ ထွက်ကြရတယ်။ အပြင်ကို ခေါ်ထုတ်ပြီး ဒူးထောက်ခိုင်းပြီး နေလှန်းထားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ တိုက်ပွဲဖြစ်ပွားရာ မြင်သားကျေးရွာ (ဓာတ်ပုံ-CJ)  

အသက်အရွယ် ကြီးသူပါမကျန် အမျိုးသမီးနှင့် ကလေးငယ် အားလုံးကို နေပူထဲတွင် ဒူးထောက်ထိုင်ခိုင်းပြီး ဖုန်းများပေး ရန် ပြောဆိုကာ ဖုန်းအလုံး ၅၀ ခန့်ကို သိမ်းဆည်းပြီးနောက် ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ဒေသခံတဦးက “ပြီးလည်း ပြီးရော အထက်အမိန့်အရဆိုပြီး ဖုန်းတွေ အကုန်လုံး အလုံး ၅၀ လောက်ကို ခွဲသွားတယ်။ ကြမ်းပြင်မှာချပြီး မကွဲမချင်း ရိုက်ခွဲသွားကြတယ်။ လုံးဝ ပုန်းနေတဲ့ အရွယ်ကောင်းတဲ့ ယောကျာ်းတွေကိုတော့ အရှေ့ကနေ သွားခိုင်းပြီး လက်နက်တွေ ထမ်းခိုင်းဖို့ ခေါ်သွားတယ်” ဟု ပြောသည်။

နောက်ပိုင်းတွင် ဖမ်းဆီးသွားသူများ အားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျေးရွာထဲရှိ လူနေအိမ်တချို့ကို စစ်ကောင်စီ တပ်က မီးရှို့ခဲ့ရာ ယမန်နေ့က နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ယနေ့တွင် နေအိမ် ၄ လုံး ထပ်မံ မီးရှို့ဖျက်ဆီးခံရ ကြောင်း သိရသည်။

ယမန်နေ့က မီးလောင်နေသည်ကို အဝေးကသာ မြင်ရပြီး ဘုန်းကြီးကျောင်းထဲတွင် ရှိနေသူများကို ရွာထဲသို့ ခြေတလှမ်း လှမ်းပါက ပစ်သတ်မည်ဟု ပြောဆိုသဖြင့် သွားမကြည့်ရဲခဲ့ကြောင်း၊ ယနေ့တွင် ရွာထဲရှိ အကြီးဆုံး ကုန်စုံဆိုင်ကြီးပါ မီးရှို့ ခံရသဖြင့် ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များ တိုက်ပွဲဖြစ်ပွားရာ မြင်သားကျေးရွာ (ဓာတ်ပုံ-CJ)  

ဒေသခံတဦးက “သူတို့ ပြောတာက ငါတို့ဟာငါတို့ အေးအေးဆေးဆေး လာတာတဲ့။ ဒီဘက်ကနေ မိုင်းထောင်ထား သလို မျိုး ပြောတယ်။ နင်တို့ရွာ သူပုန်ရွာ ဆိုပြီးတော့ တရွာလုံးကို ပြာကျအောင် လုပ်မယ်ဆိုပြီး ပြောတာ။ မနေ့က ၁၆ လုံး ရှို့ တယ်။ ဒီမနက် ၄ လုံး ထပ်ရှို့တယ်။ ကျနော်တို့ကို အချိန် ၂ နာရီ ပေးတယ်။ ၂ နာရီအတွင်း သယ်ချင်တာ သယ်ခိုင်းတယ်” ဟု ဆိုသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲရှိ မြင်သားကျေးရွာသည် မြစ်သားမြစ်နံဘေးတွင် တည်ရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ရွာကြီး တရွာလည်း ဖြစ်သည်။

ယခင်က စစ်သားများသည် ယင်းကျေးရွာအနီး ပတ်ဝန်းကျင်မှ ဖြတ်သန်းသွားလာခဲ့ဖူးသော်လည်း ယခုကဲ့သို့ ရွာကို အကြမ်းဖက်ခဲ့ခြင်းမျိုး မရှိကြောင်း၊ ယခုအခါ ဒေသခံတချို့မှာ ၎င်းတို့၏ နေအိမ်တွင် မနေရဲသောကြောင့် အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်းနှင့် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။


Original Post: The Irrawaddy

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia