08 September 2021
မုံရွာတွင် ဇွန်လက တွေ့ရသည့် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု
စစ်ကောင်စီက ၂ နှစ်အရွယ် ကလေးနှင့် မိခင်ကို ဖမ်းပြီးနောက် ဖခင်ဖြစ်သူ MATA အဖွဲ့ဝင် ကိုကျော်မင်းထွဋ်၊ ဦးလေးဖြစ်သူ ကိုကျော်မင်းအောင်နှင့် အခြားတစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။
By Myanmar Now
စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာမဟာမိတ်အဖွဲ့ (MATA) အဖွဲ့ဝင် ကိုကျော်မင်းထွဋ်နှင့် မိသားစုဝင် ၃ ဦး၊ အခြားတစ်ဦးတို့ ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း မိတ်ဆွေများထံမှ သိရသည်။
ဖမ်းဆီးခံရသည့်အကြောင်းအရင်း မသိရသေးကြောင်း လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးသည့် MATA အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။
“အခုလောလောဆယ်အထိကတော့ သူတို့ရဲ့အခြေအနေ သတင်းကို ဘာမှမရသေးဘူးဖြစ်နေတယ်။ သူတို့ရဲ့အသက်အန္တရာယ် စိုးရိမ်နေရတယ် “ ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၅ တွင် ကိုကျော်မင်းထွဋ်၏ ဇနီး ဒေါ်ခင်စောလှိုင်နှင့်အသက် ၂ နှစ်အရွယ် သားဖြစ်သူတို့ မုံရွာမြို့တွင် ဖမ်းဆီးခံရသည်။
ထို့နောက် စက်တင်ဘာ ၆ ညနေပိုင်း မုံရွာမြို့၊ နန္ဒာဝန်ရပ်ကွက်နေအိမ်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူဖြစ်သည့် ကိုကျော်မင်းထွဋ် ၊ ၎င်း၏ညီ ကိုကျော်မင်းအောင်နှင့် အခြားတစ်ဦးကိုပါ ဖမ်းဆီးသွားသည်ဟု MATA အဖွဲ့က ယင်းနေ့မှာပင် ထုတ်ပြန်ခဲ့သည်။
ဇနီးနှင့် ကလေးကို ဓားစာခံအဖြစ် ဦးစွာ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ MATA အဖွဲ့ဝင်ဟောင်း အမျိုးသားက ပြောသည်။
“ကျွန်တော်တို့ သုံးသပ်တာက သူ့ရဲ့ဇနီးနဲ့ ကလေးကို အရင် အိမ်မှာလာဖမ်းတယ်။ လာဖမ်းပြီးမှ သူတို့ကို ကလေးနဲ့ မိန်းမကို အကျပ်ကိုင်ပြီးတော့ သူတို့ ညီအစ်ကိုနှစ်ယောက်ကို လာအဖမ်းခံခိုင်းတယ်လို့ လောလောဆယ် သုံးသပ်လို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ခုနောက်ပိုင်းဖမ်းဆီးမှုတွေမှာ သက်ဆိုင်သူတွေကို မမိရင် မိသားစုဝင်တွေကို အကျပ်ကိုင်ပြီးတော့ ဖမ်းတာဆီးတာတွေလည်း တွေ့နေတော့ ကျွန်တော်တို့လည်း အဲ့ဒီအပေါ်မှာ စိုးရိမ်နေတာပါ” ဟု ထိုအမျိုးသားက ဆိုသည်။
MATA မြန်မာအဖွဲ့ကလည်း ကိုကျော်မင်းထွဋ်၏ ဇနီးနှင့် ကလေးငယ်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများနှင့် သွေဖည်ပြီး အကျည်းတန်သည့် လုပ်ရပ်ဖြစ်သည်ဟု ထုတ်ပြန်သည်။
ကိုကျော်မင်းထွဋ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ MATA အဖွဲ့ဝင်ဖြစ်ပြီး သဘာဝသယံဇာတဆိုင်ရာ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးလုပ်ငန်း (EITI) လုပ်ငန်းစဉ်၌ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက်သည့်နည်းလမ်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူဖြစ်ကြောင်း MATA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း EITI လုပ်ငန်းစဉ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ချောင်းဦးမြို့နယ် ဆန္ဒပြလူငယ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ဇွန် ၈ နက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ -က ဖြင့် အမှု ၅ မှု အဖွင့်ခံထားရကာ လက်ချောင်းများကျိုးသည်အထိ နှိပ်စက်ညှဉ်းပန်းခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုကျော်မင်းထွဋ်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် MATA အဖွဲ့က တောင်းဆိုထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့များ၊ သတင်းမီဒီယာများ၊ ၎င်းတို့ကို ဆန့်ကျင်သူ အရပ်သားများကို ဖမ်းဆီးနေသည်။
ရာဇ၀တ်သားအများအပြားကို လွတ်ရက်မစေ့ခင်မှာပင် ထောင်အသီးသီးမှ ပြန်လွှတ်ပေးခဲ့ရာ ဆန့်ကျင်သူများကို အကျဉ်းချရန် ထောင်အတွင်း နေရာများစွာ ထွက်လာသည်။
ဆန့်ကျင်သူအများအပြားကိုလည်း ပြန်လွှတ်ပေးပြီးဖြစ်သော်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက လက်လှမ်းမီသမျှ စုံစမ်းလေ့လာချက်အရ ၆၃၁၃ ဦး ဆက်လက် ချုပ်နှောင်ခံထားရဆဲဖြစ်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.