စစ်အာဏာရှင်ဖြုတ်ချရေး လူဝတ်လဲ၍ PDF ထဲဝင်သည့် သံဃာအရေအတွက်တိုးလာ

06 September 2021

စစ်အာဏာရှင်ဖြုတ်ချရေး လူဝတ်လဲ၍ PDF ထဲဝင်သည့် သံဃာအရေအတွက်တိုးလာ

မန္တလေးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သံဃာတော်များဆန္ဒထုတ်ဖော်ခဲ့စဉ်။ (ဓာတ်ပုံ – Myanmar Now)

စစ်ခေါင်းဆောင်များ၏ လုပ်ရပ်ကို တရားဓမ္မဖြင့် ဟန့်တားရန် မဖြစ်တော့သဖြင့် လူဝတ်လဲကာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်လာခြင်းဖြစ်ကြောင်း ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူများက ဆိုသည်

By Myanmar Now

စစ်အာဏာရှင်ကို တရားဓမ္မဖြင့် ဖျောင်းဖျရန် မဖြစ်နိုင်တော့သဖြင့် ရဟန်းဘဝကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသည့် သံဃာ ၁၀ ပါးထက်မနည်း ရှိနေပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူအချို့က ပြောသည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်သူဟု တဖွဖွပြောလေ့ရှိသော စစ်ခေါင်းဆောင်များသည် အာဏာသိမ်းပြီးချိန်မှစတင်ကာ ရဟန်းသံဃာများကိုပင်မချန် နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက်နေသဖြင့် လူဝတ်လဲကာ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်လာသည့်သံဃာတိုးလာခြင်းဖြစ်ကြောင်း ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူ ကိုမောင်မောင်သော်က ပြောသည်။

၎င်းသည် မန္တလေးမြို့တွင် သီတင်းသုံးနေထိုင်သည့် ရဟန်းသိက္ခာ ၁၁ ဝါရှိ သံဃာတစ်ပါးဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေးသံဃာ့သပိတ်စစ်ကြောင်းတွင် ပုံမှန်ပါဝင်ခဲ့ရာမှ မခံမရပ်ဖြစ်လာသည့်အဆုံး လွတ်မြောက်နယ်မြေသွားရောက်ကာ စစ်သင်တန်းတက်ရောက်ခဲ့သူဖြစ်သည်။

ကိုရင်လေးတွေ ဖယောင်းတိုင်လေးတွေနဲ့ ဒီအတိုင်းပဲ ဆုတောင်းပွဲလုပ်တာမျိုးပဲ။ ငြိမ်းချမ်းအောင်လို့ ဆုတောင်းပြီး မေတ္တာသုတ်လေးရွတ်တာ။ ဒါမျိုးတွေကိုဗျာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဖယောင်းတိုင်းတွေကို တက်နင်းချေဖျက်၊ အဲဒီလိုမျိုးတွေ လုပ်သွားတာမျိုးတွေ” ဟု ၎င်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသော စစ်သားများ၏ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူပုံကို ကိုမောင်မောင်သော်က ပြောသည်။

ဆက်လက်၍ “ပြီးတော့ ကျောင်းတိုက်ထဲကို သေနတ်ကြီးတွေနဲ့ ဟေ့ကောင်တွေဆိုပြီး ဒါမျိုးဗျာ။ ရဟန်းသံဃာတွေရဲ့ မျက်စိရှေ့၊ နားရှေ့ကို သေနတ်ပြောင်းကြီးတွေနဲ့ ချိန်ပြီး ဝင်လာတာမျိုးတွေ” ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးမြို့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းတွင် ပုံမှန်ပါဝင်လေ့ရှိသူ သံဃာသုံးပါးနှင့် အခြားနှစ်ပါးသည် လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိပြီး စစ်သင်တန်းတက်ရောက်လျက်ရှိကြောင်း စစ်ကောင်စီရန်ကြောင့် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင် သီတင်းသုံးနေရသည့် အရှင်ရာဇိန္ဒက မိန့်သည်။

သံဃသမဂ္ဂသပိတ်စစ်ကြောင်းတွင် ပါဝင်စဉ် မေလအတွင်းက စစ်ကောင်စီ၏ ကားဖြင့် တိုက်ကာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် တစ်လခန့်အကြာတွင် ပြန်လွတ်လာပြီးနောက်တွင် လွတ်မြောက်နယ်မြေတစ်ခုသို့ ပြောင်းရွှေ့သီတင်းသုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက မိန့်သည်။

“သပိတ်စစ်ကြောင်းနဲ့ ဆက်နေရင်တော့ လုံးပါးပါးဖို့ပဲ ရှိတယ်ဆိုပြီးတော့ လွတ်မြောက်နယ်မြေတစ်ခုကို ထွက်ပြီးတော့ လက်နက်ကိုင်ဖို့အတွက်ကို ရွေးချယ်ခဲ့တယ်ပေါ့” ဟု စစ်သင်တန်းတက်နေသူ သံဃာတစ်ပါးအကြောင်းလည်း အရှင်ရာဇိန္ဒက မိန့်သည်။

လူဝတ်လဲပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် သံဃာများတွင် ရန်ကုန်မြို့မှ ရဟန်းနှစ်ပါးလည်းပါဝင်ကြောင်း၊ ဧပြီလအတွင်း ရောက်လာကာ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) ထဲ ဝင်ရောက်ခဲ့ကြောင်း စစ်သင်တန်းပေးနေသူတစ်ဦးထံမှ သိရသည်။

လူဝတ်လဲကာ အခြားလွတ်မြောက်နယ်တစ်ခုသို့ ရောက်ရှိနေသည့် ရန်ကုန်မှ သံဃာနှစ်ပါးမှာ လှိုင်သာယာမြို့နယ်မှ အရှင်ကေသရနှင့် အရှင်ဥက္ကံသတို့ဖြစ်ပြီး ဧပြီလအတွင်းက ရဟန်းဘဝကို စွန့်လွှတ်ခဲ့ကြောင်း၊ လက်ရှိတွင် စစ်သင်တန်းတက်ရောက်လျက်ရှိကြောင်း အရှင်ဥက္ကံသက Myanmar Now ကို ပြောသည်။

စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြုံရသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ သံဃာအချို့ သည်လည်း လူဝတ်လဲ၍ PDF ထဲဝင်ကာ စစ်သင်တန်းတက်နေပြီဖြစ်ကြောင်း ၎င်းတို့ကို အစားအသောက်နှင့် ဆေးဝါး ထောက်ပံ့နေသည့် သီရိလင်္ကာနိုင်ငံတွင် ပဋိယတ္တိစာပေသင်ကြားနေသော သံဃာတစ်ပါးက မိန့်သည်။

“ဘုန်းဘုန်းတို့လို သာမန်ရဟန်းတစ်ပါးအနေနဲ့ ဘာသာတရားကို ခြေကိုင်လက်ကိုင်လုပ်ပြီးတော့ သူတို့ (စစ်တပ်)ကို ကယ်နိုင်စွမ်းမရှိဘူး ဒီအချိန်မှာ။ ဒါကြောင့်မို့လို့ လုပ်လို့ရနိုင်တဲ့ ကာကွယ်လို့ရတဲ့ဟာကိုပဲ ရွေးရတယ်လို့ပဲ ပြောချင်တယ်”ဟု အထက်ပါ သံဃာတော်က မိန့်သည်။

သံဃာဘဝကို စွန့်၍ လက်နက်ကိုင်တော်လှန်ရန် ရွေးချယ်ကြသည်မှာ မိမိတို့ကို ဆွမ်း၊ကွမ်း လှူဖွယ်ဝတ္ထုများ လှူဒါန်းနေသည့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနေသည့် စစ်တပ်ကြောင့်ဖြစ်သည်ဟု မန္တလေးမြို့တွင် နေ့စဉ်ဆန္ဒပြနေသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းတွင် ပါဝင်နေဆဲ သံဃာတစ်ပါးက မှတ်ချက်ပြုသည်။

“ဒီလိုမျိုးလူတွေ(စစ်ခေါင်းဆောင်များ)ကို ဘယ်သူက တရားဟောလို့ အကျွတ်တရားရမှာလဲ။ အသိတရားရမှာလဲ။ ဘယ်ဆရာတော် တရားဟောနိုင်မလဲ။ သူတို့ကို ပြည်သူဘက် ပြန်ငဲ့ကြည့်အောင်လို့ တရားဟောမယ့် ဆရာတော်လည်း မရှိနိုင်ဘူး။ ရှိရင်လည်း နားထောင်မှာမဟုတ်ဘူး”ဟု အထက်ပါ သံဃာတော်က မိန့်သည်။

စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်း နေ့စဉ် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် မန္တလေးမြို့တစ်ခုတည်း၏ စာရင်းအရပင် သံဃာတော် အပါး ၂၀ ထက်မနည်း အဖမ်းခံထားရဆဲဖြစ်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia