PDF ဟု စွပ်စွဲအဖမ်းခံရသည့် သူနာပြု နှစ်ဦးအတွက် မိသားစုက စိတ်ပူနေ

PDF ဟု စွပ်စွဲအဖမ်းခံရသည့် သူနာပြု နှစ်ဦးအတွက် မိသားစုက စိတ်ပူနေ

PDF အဖြစ် ဖမ်းဆီးခံထားရသည့် အသက် ၂၁ နှစ်အရွယ် သူနာပြုတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဥ္ဇာထွန်း။ (ဓာတ်ပုံ-Supplied)

ဖမ်းခံထားရသည်မှာ တစ်လကြာပြီဖြစ်သော ပရဟိတသူနာပြု လူငယ် နှစ်ဦး မည်သည့်နေရာတွင် ရောက်နေကြောင်းကို  မိသားစုက စုံစမ်းနေဆဲဖြစ်သည်

By Myanmar Now

လူငယ် သူနာပြု ၂ ဦးကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များဟု ဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားရာ တစ်လနီးပါးကြာမြင့်သည်အထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များက စိတ်ပူနေကြသည်။

ဩဂုတ် ၂  တွင် အသက် ၂၁ နှစ်အရွယ် သူနာပြုတက္ကသိုလ် တတိယနှစ်ကျောင်းသူ မသဥ္ဇာထွန်း၊ အသက်၂၅ နှစ်အရွယ် သူနာပြု ကိုစည်သူလွင်တို့ မန္တလေးမြို့မှ အလှူရှင်များ စစ်ဘေးရှောင်တို့အတွက် ပေးပို့သည့်ဆေးဝါးများကို မကွေးတိုင်း၊ ကံမမြို့ကားဂိတ်၌  သွားရောက်ထုတ်ယူစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ဖမ်းထားတဲ့ကလေးတွေ အဆက်အသွယ်လေး ရချင်ပါတယ်။ ဘယ်လိုစားရတာမှန်း မသိ၊ ဘယ်လိုနေရတာဆိုတာလေးလည်း သိချင်ပါတယ်။ ကလေးနဲ့လည်း အဆက်အသွယ်ရချင်လို့ တစ်နေ့ ဖုန်းလာမလား၊ တစ်နေ့ ဖုန်းလာမလား။ အဲဒါပဲ မျှော်နေရတာ” ဟု မသဉ္ဇာထွန်း၏ မိခင်က ငိုလျက် ပြောသည်။

မသဉ္ဇာထွန်းမှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့ခဲ့သည် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာဇာတိ ဖြစ်ပြီး စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကင်းမရွာအပါအဝင် ရွာပေါင်း ၇ ရွာ ခန့်မှ ရှောင်တိမ်းနေသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ဖြစ်သည်။

“လူနာတွေက ကူညီပါဦး၊ တတ်သလောက်ဆိုတော့ သူ(မသဉ္ဇာထွန်း) ကလည်း မနေသာတော့ သူကလည်း ကျောင်းတက်နေတုန်းဆိုတော့ နားမလည်တော့ သူ့ဆရာကိုပဲ လှမ်းလှမ်းမေးတယ်။ ဖုန်းနဲ့။ ဆေးပေးတယ်။ တစ်နေ့ကို (ဆေးအကူအညီတောင်းသူ) ၄၊ ၅၊ ၁၀ ဦး ကတော့ အနည်းဆုံးပဲ။ မနားရဘူး သူ့မှာ” ဟု မိခင်က ဆိုသည်။

ရွာမီးရှို့ခံထားရ၍ လက်ရှိတွင် ၎င်းကိုယ်တိုင်သည်လည်း အခြားနေရာသို့ တိမ်းရှောင်နေရသည်။

မသဥ္ဇာထွန်းနှင့်အတူ ဖမ်းဆီးခံရသော ကိုစည်သူလွင်သည် လုပ်သက် ၅ နှစ်ရှိ သူနာပြုဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် မန္တလေးတိုင်း၊ ပြင်ဦးလွင် ကုတင် ၃၀၀ ဆေးရုံလုပ်ငန်းခွင်တွင် လုပ်ကိုင်ခြင်း မပြုတော့ပေ။

ထို့နောက် ကင်းမရွာအပါအဝင် စစ်တပ်ဒဏ်ခံခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေရသူများ ရှိသည့် ဒေသခံများသို့ သွားရောက်၍  ကူညီလုပ်အားပေးနေသူ ဖြစ်သည်။

ကိုစည်သူလွင် ဖမ်းဆီးခံရပြီးနောက် ပေါက်မြို့နယ်ရဲစခန်းတွင် သွားရောက် မေးမြန်း စုံစမ်းသော်လည်း မည်သည့်သတင်းအချက်အလက်မှ မရခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ဥပဒေမဲ့တာပေါ့ဗျာ။ သက်ဆိုင်ရာ ရပိုင်ခွင့်တွေ ဘာမှ မရှိဘူး။ ကိုဗစ်ချည်းပဲ လွှဲချနေတာ သူတို့က မဆက်သွယ်တဲ့အပြင် သွားဆက်သွယ်တောင် မရဖြစ်နေတာ” ဟု ကိုစည်သူလွင်၏ ဖခင်က ပြောသည်။

၎င်းတို့နှစ်ဦးနှင့်အတူ ဆေးပစ္စည်းသယ်ရန် အဖော်လိုက်ပါလာသူ ရွာသားနှစ်ဦးလည်း ယင်းနေ့က အဖမ်းခံရပြီး ၎င်းတို့ပါ အဆက်အသွယ်ပြတ်တောက်နေသည်။

ထိုသို့ ဖမ်းဆီးစဉ် စစ်ဘေးရှောင်များအတွက် လှူဒါန်းလိုက်သော ကျပ် ၁၀ သိန်းခန့်​တန်ဖိုးရှိသည့် ဆေးဝါးပစ္စည်းများပါ စစ်ကောင်စီက သိမ်းယူလိုက်သည်ဟု ဖမ်းဆီးခံရသူ နှစ်ဦး၏ လုပ်ဖော်ကိုင်ဘက် သူနာပြုတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများအတွက် အားဆေးများ၊ အကယ်ကယ်ဆေးများ၊ ကိုဗစ်နိုင်တင်းကူးစက်ရောဂါနှင့် ရာသီတုပ်ကွေးအတွက် လိုအပ်သောဆေးဝါးများ အသိမ်းခံရသည်ဟု ခေတ်အခြေအနေဆိုးကြောင့်  အမည်မဖော်လိုသူ အဆိုပါ သူနာပြုက ပြောသည်။

လက်ရှိတွင် စစ်ရှောင်ရွာ ၇ ရွာခန့်မှ လူဦးရေ ၂၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် များစွာခက်ခဲနေကြောင်း သူက ဆိုသည်။

မသဥ္ဇာထွန်း၊ ကိုစည်သူလွင်တို့ကို လက်နက်များဖြင့် ဖမ်းဆီးမိပြီး PDF အဖွဲ့ဝင်များအဖြစ် စစ်ကောင်စီက ဩဂုတ် ၂၈ တွင် သတင်းထုတ်ပြန်ခဲ့ပြီး မိသားစုဝင်များဘက်ကမူ ထိုနှစ်ဦးသည် ပရဟိတသူနာပြုများသာဖြစ်ကြောင်း ပြောသည်။

“အတတ်နိုင်ဆုံး လွှတ်ပေးပါလို့ပဲ ပြောချင်ပါတယ်။ ဒီလိုမျိုး ဆေးတွေ နောက်မကုရပါဘူးဆိုရင်လည်း မကုဘူးပေါ့။ လူအပ်ရင်ပြီးရော၊ မိဘနဲ့အတူ နေရရင်ပြီးရော”  ဟု သဥ္ဇာထွန်း၏ မိခင်က ပြောသည်။

အဆိုပါ နှစ်ဦးကို PDF အဖွဲ့ဝင်များအဖြစ် ဝန်ခံပြောကြားသည့် ရုပ်သံဖိုင်များကို စစ်ကောင်စီ၏ ဝါဒဖြန့် မြဝတီရုပ်သံ၌ စစ်ကောင်စီက ထုတ်လွှင့်ခဲ့သည်။

ဖမ်းဆီးထားပြီးနောက် မိသားစုဝင်များထံ အကြောင်းကြားသင့်ပြီး ၎င်းတို့ မည်သည့်နေရာတွင် မည်ကဲ့သို့ အရေးယူခံသည်ကို သိရှိလိုကြောင်း၊ လိုအပ်သော စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ပေးပို့လိုကြောင်း ဖမ်းခံရသူများ၏ မိသားစုဝင်များက ပြောသည်။

စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးခဲ့သော လူ ၇၀၀၀ ကျော်အနက် ၈၂ ရာခိုင်နှုန်းကို မည်သည့်နေရာတွင် ထိန်းသိမ်းကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မိသားစုက လိုက်လံစုံစမ်းနိုင်မှသာ သိရှိရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၃၀ (အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မ အစအနပျောက်ဆုံးစေမှု ဒဏ်ခံရသူများနေ့) ၌ သတင်းထုတ်ပြန်သည်။

ဖမ်းဆီးထားသူများထဲတွင် ကျန်းမာရေးဝန်ထမ်း ၇၈ ဦး ပါဝင်ပြီး ဆရာဝန် ၃ ဦးမှာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သည်ဟု AAPP စာရင်းအရ သိရသည်။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia