စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ၁၁ ဝါရနေပြီဖြစ်သော ရဟန်းဘဝကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာသူမှာ အရှင်ပညာသီရိတဖြစ်လဲ ကိုမောင်မောင်သော်ဖြစ်သည်
By Myanmar Now
ဓာတ်ပုံပါ နောက်ခံရှုခင်းအရ တောတောင်နက်သည်ဟု ယူဆနိုင်သည်။ သစ်ပင်တစ်ပင်အောက်တွင် ပြောက်ကျားစစ်ဝတ်စုံဖြင့် လူတစ်ဦးထိုင်နေသည်။ လက်တစ်ဖက်ဖြင့် ဗုံးသီးတပ်ထားသော လောင်ချာသေနတ်ကိုင်လျက် အခြားလက်ဖြင့် အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက်သုံးချောင်း ထောင်ပြထားသည်။
လောင်ချာသေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသူ ခပ်ပြောင်ပြောင် မဟာနဖူးပိုင်ရှင်၏ ရုပ်သွင်မှာ တစ်စုံတစ်ရာကို ယတိပြတ်ဆုံးဖြတ်ထားဟန်ရှိသည်။ သူသည် များမကြာမီကမှ ရဟန်းတို့ ရွတ်ဖတ် သရဇ္ဈယ်ရသော ကမ္မဝါကို လက်လွှတ်ခဲ့သူဖြစ်သည်။
“လူသတ်ဖို့ဆိုတာ လူသားတစ်ယောက်အနေနဲ့ ခဲယင်းတဲ့အလုပ်ပါဗျာ။ ဒါပေမဲ့ စနစ်တစ်ခုကို တိုက်တဲ့ပွဲဗျ။ ဒီတိုက်ပွဲမှာ လူသတ်ချင်လည်း သတ်ရမယ်။ မသတ်ချင်လည်း မသတ်ရဘူး။ လူသတ်ရမယ်လို့ ခံယူထားတာ မဟုတ်ဘူး။ ကံဆိုတဲ့အလုပ်တစ်ခုနဲ့ပဲ ဒီစနစ်တစ်ခုကို တိုက်ယူနေကြတယ်” ဟု ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူ မဟာနဖူးပိုင်ရှင်က ဆိုသည်။
သူ၏အမည်မှာ ကိုမောင်မောင်သော်ဖြစ်သည်။ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရဟန်းပျိုဘဝကို စွန့်လွှတ်ခဲ့သူ မန္တလေးမှ ရဟန်းပျိုတစ်ပါးဖြစ်သည်။ ရဟန်းဘွဲ့အမည်မှာ အရှင်ပညာသီရိဖြစ်သည်။ ဗုဒ္ဓတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
မေလလယ်ပိုင်းတွင် ရဟန်းဝါ ၁၁ ဝါ ရနေပြီဖြစ်သော ရဟန်းဘဝကို စွန့်လွှတ်ရန် အရှင်ပညာသီရီ ဆုံးဖြတ်ခဲ့သည်။ အာဏာသိမ်းမှုကိုဆန့်ကျင်သော မန္တလေးမြို့မှ သံဃာ့သပိတ်စစ်ကြောင်းတွင် အရှင်ပညာသီရိ နေ့စဉ်ရက်ဆက် ပါဝင်ဆန္ဒပြခဲ့သည်။ မေလ ၁၆ ရက်နေ့အထိဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် မခံမရပ်နိုင်ဖြစ်လာသည့်အဆုံး လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ရင်းနှီးသည့် ရဟန်းဖော်တစ်ဦးနှင့် တိုင်ပင်ဖြစ်ခဲ့သည်။ မိဘနှစ်ပါးလုံး မရှိတော့သည့်အပြင် မွေးချင်းမောင်နှမများနှင့်လည်း ဝေးကွာနေသူ စာသင်သားရဟန်းတစ်ပါးဖြစ်နေရာ အခြားတိုင်ပင်စရာ လူမရှိပေ။
နောက်ပိုင်းတွင် ပြည်နယ်တစ်ခုရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ သွားရောက်ရန် အဆက်အသွယ်ရသည်။ PDF ထဲဝင်လိုသူ လူငယ်တချို့နှင့်အတူ လက်နက်ကိုင်တော်လှန်ရေး စတင်ရန် အရှင်ပညာသီရိ မန္တလေးမြို့မှထွက်ခဲ့သည်။ ရဟန်းဝတ်ဖြင့် သူတစ်ဦးတည်းသာဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိရာ လွတ်မြောက်နယ်မြေရောက်ရှိရန် သုံးညအိပ် လေးရက်ခရီးကြာ ကားဖြင့် အဆင့်ဆင့်သွားခဲ့ရသည်ဟု ဆိုသည်။ သင်္ကန်းဝတ်ဖြင့်ပင် ခရီးသွားခဲ့ခြင်းဖြစ်ကာ လွတ်မြောက်နယ်မြေမရောက်မီ မြို့တစ်မြို့တွင် လူဝတ်လဲခဲ့သည်ဟု ကိုမောင်မောင်သော်က ပြောသည်။
သာမဏေငယ်များပါမချန် ရဟန်းသံဃာများအပေါ် စစ်သားများ၏ ရိုင်းစိုင်းကြမ်းကြုတ်မှုကို လက်တွေ့ ကြုံခဲ့ရပြီးနောက် ခံပြင်းစိတ်ဖြင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် ဆုံးဖြတ်ဖြစ်ခဲ့သည်ဟု အရှင်ပညာသီရိတစ်ဖြစ်လဲ ကိုမောင်မောင်သော်က ဆိုသည်။
“ကိုရင်လေးတွေ ဖယောင်းတိုင်လေးတွေနဲ့ ဒီတိုင်းပဲ ငြိမ်းချမ်းအောင်လို့ ဆုတောင်းပြီး မေတ္တာသုတ်လေး ရွတ်တာ။ ဒါမျိုးတွေကို ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဖယောင်းတိုင်တွေကို တက်နင်းချေဖျက်။ အဲဒီလိုမျိုးတွေ လုပ်သွားတာ။ ကျောင်းတိုက်ထဲကို သေနတ်ပြောင်းကြီးတွေချိန်ပြီး ဟေ့ကောင်တွေဆိုပြီး ဝင်လာတာမျိုးတွေ။ တော်တော်လေးကို ခံပြင်းသွားတာ” ဟု ၎င်းက ပြောသည်။
“လူထုအကုန်လုံးပေါ့။ ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင်တော့ အထူးအထွေ ဘာမှပြောစရာ မရှိဘူးပေါ့။ ဒါပေမယ့် လူထုအများကြီးအတွက်ဆိုရင်တော့ တော်တော်လေး ဘဝနာစရာကောင်းသလို စိတ်ထဲလည်း ခံပြင်းစရာကောင်းတယ်” ဟုလည်း စစ်အာဏာသိမ်းမှုအပေါ် ရဟန်းလူထွက် ကိုမောင်မောင်သော်က မှတ်ချက်ပြုသည်။
စစ်အာဏာရှင်အောက်တွင် ဖောက်ပြန်နေသော စစ်သားများနှင့် ရဲများကို မြင်တွေ့ရင်းက အရှင်ပညာသီရိ သီတင်းသုံးရာ တောင်မြို့ခေါ် အမရပူရရှိ တောင်သမန်အင်းအနီးမှ နာမည်ကျော်စာသင်တိုက်ကြီးကို ကျောခိုင်းရန် ဖြစ်လာသည်။ (ထိုနာမည်ကျော် စာသင်တိုက်ကြီးမှ အရှင်ပညာသီရိ ပထမကြီးတန်း အောင်မြင်ခဲ့သည်။) ငြိမ်းချမ်းအေးမြသော အရှင်ပညာသီရိ၏ ရဟန်းဘဝကို စစ်အာဏာရှင်က ဖျက်ဆီးခဲ့သည်။
အသက် ၃၁ နှစ်အရွယ် အရှင်ပညာသီရိမှာ ရဟန်းဘဝဖြင့် အရိုးထုတ်မည် စိတ်ကူးခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် မြင့်မြတ်သော ရဟန်းဘဝကို လမ်းခုလတ်တွင် စွန့်လွှတ်ခဲ့ရသည်။ ကမ္မဝါကို လောင်ချာဖြင့် လဲကိုင်ခဲ့ရသည်။
လူမဆန်လှသော စစ်အာဏာရှင်ဖြုတ်ချရေး မဟုတ်ပါခဲ့ပါလျှင် ပါရာဇိကလေးပါး အပါအဝင် ၂၂၇ သွယ်သော သိက္ခာပုဒ်များကို စောင့်ထိန်းရသူ ရဟန်းတစ်ပါးအတွက် လက်နက်ကိုင်လမ်းစဉ်က လွန်စွာ ခက်ခဲမည်ဖြစ်သည်။ သို့သော် ကံကံ၏အကျိုးအားဖြင့် လက်တွေ့ကျရမည်သာဖြစ်ကြောင်း ရဟန်းလူထွက် ကိုမောင်မောင်သော်က ဆိုသည်။
“ကျွန်တော် ခံယူထားတာကတော့ ရဟန်းဖြစ်ရင် ရဟန္တာလိုကျင့်ရမှာပဲ။ တော်လှန်ရေးစစ်သားတစ်ယောက်ဖြစ်ပြီဆိုတဲ့ အခါကျတော့ ဘီလူးလိုကျင့်သင့်ရင် ကျင့်ရမှာပါ။ အဲဒီတော့ လက်တွေ့ဘဝနဲ့ တူညီချင်မှ တူညီမှာ။ အကုန်လုံး လွှတ်ပစ်ရတာပဲ။ ဒါပါပဲ ဘဝဆိုတာက” ဟု သူက ဆိုသည်။
အာဏာရှင်ဖြုတ်ချရေး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရသော်လည်း ကိုမောင်မောင်သော်မှာ ငယ်စဉ်ကတတည်းက ဘာသာရေးစာပေများကို လိုက်စားခဲ့သူဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် လောကီပညာရေးကို အဆုံးသတ်ကာ လောကုတ္တရာအတွက် ၂၀၀၈ ခုနှစ်တွင် သင်္ကန်းစီးခဲ့သည်။
“ဗုဒ္ဓပြောခဲ့တာတွေကရော အဲလိုဟုတ်သလား။ လူအများစုပြောနေကြတဲ့ အမှန်တရားနဲ့ ဗုဒ္ဓတကယ်ပြောခဲ့တဲ့ အမှန်တရား။ ကိုယ်တိုင်ရှာဖွေလေ့လာမှပဲ အမှန်တရားကို သိမှာလေဗျာ။ အဲဒီလိုစိတ်မျိုးနဲ့ပဲ ကျွန်တော် သာသနာ့ဘောင် စဝင်ပြီး ပါဠိစာပေ လေ့လာခဲ့တယ်၊ သာသာရေးစာပေတွေ လေ့လာဖြစ်ခဲ့တယ်” ဟု လူဝတ်ကြောင်ပယ်ကာ ရဟန်းဝတ်ဖြစ်ခဲ့ပုံကို ကိုမောင်မောင်သော်က ရှင်းပြသည်။
နံနက်အိပ်ယာထ ဆွမ်းခံထွက်။ ကျောင်းပြန်ရောက် စာပေခဏလေ့လာ။ ဆွမ်းစား။ ဆွမ်းစားပြီး စာဝါသွားတက်။ ညနေဘက်ကျောင်းပြန်ရောက် ရေမိုးချိုး။ ညပိုင်းဘုရားဝတ်တက်၊ နေ့ခင်းဘက်က လေ့လာထားသည်များ ပြန်လေ့လာ။ ဤသည်ကား အရှင်ပညာသီရိ၏ ငြိမ်းအေးသော ရဟန်းဘဝ နေ့စဉ်ဖြတ်သန်းမှုများဖြစ်သည်။
ရဟန်းဘဝတွင် ဦးဦးဖျားဖျား လှူဒါန်းသည့် ဆွမ်းကွမ်းကို ဘုဉ်းပေးကာ သက်သောင့်သက်သာ နေနိုင်ခဲ့သော်လည်း လူဝတ်ကြောင်ဘဝဖြင့် လက်နက်ကိုင်တော်လှန်ရေးသမားဘဝတွင် အနေအစားက ဆင်းရဲချင်တိုင်း ဆင်းရဲတော့သည်။
တောထဲတောင်ထဲတွင် ပုံမှန်စားရသည်က ထမင်းကြမ်းကြမ်းနှင့် ဟင်းရည်ကျဲကျဲသာဖြစ်သည်။ ပင်တိုင်ဟင်းလျာများမှာ ပဲ၊ အားလူးနှင့် ခရမ်းသီးဖြစ်သည်။ အလှူရှင်ရှင်ပေါ်မူတည်ပြီး အသားငါးဟင်းလျာ စားရသည်။ တခါတရံသာဖြစ်သည်။ အများအားဖြင့် တစ်ပတ်တစ်ကြိမ်ဖြစ်သည်။ တချို့သီတင်းပတ်များတွင်လည်း နှစ်ကြိမ်မှသုံးကြိမ်အထိ စားရတတ်သည်။
“အစားအသောက်နဲ့ ပတ်သက်လို့ ဘဝမျက်ရည်လို့ နာမည်ပေးထားတဲ့ စွန်တန်ဟင်းရည်။ မျက်လုံးထဲမှာ အဲဟင်းရည်ကို သစ်ရွက်ခြောက်ကို ရေနွေးနဲ့ရောသောက်နေတာလို့ မြင်တာပဲ။ ဟင်းဆိုတာ ခရမ်းသီး၊ မုန်ညှင်း၊ ဂေါ်ဖီ၊ တခါတလေ ပဲဟင်းရည်ကျဲနဲ့ ငါးနီတူ။ Ready Made (အသင့်စား) အထုပ်ကြော်ကျွေးတဲ့နေ့တော့ အတော်စားမြိန်တာဗျ။ ငှက်ပျောအူလည်း သုံးခါလောက် ချက်စားလိုက်ရတယ်။ အအိပ်အစား အနေအထိုင်ဆိုတာ ရဟန်းဘဝနဲ့ အကုန်ပြောင်းပြန်ပါ” ဟု ကိုမောင်မောင်သော်က ဆိုသည်။
သင်တန်းတည်နေရာသို့ ရိက္ခာရောက်ရန် အခက်အခဲရှိကြောင်း၊ ဆယ်ယောက်တစ်ဝိုင်း ထမင်းစားရကြောင်းနှင့် ဝက်သားကို ဗြောင်ချက်ကျွေးလေ့မရှိဘဲ ဂေါ်ဖီ၊ မုန့်ညှင်း တစ်ခုခုဖြင့် ရောကျွေးလေ့ရှိကြောင်းလည်း ကိုမောင်မောင်သော်က ဆိုသည်။
သို့သော် အနေအစားဆင်းရဲခြင်းက စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရဟန်းဘဝကိုပင် စွန့်ပစ်လာသူ ကိုမောင်မောင်သော်၏ စိတ်အားထက်သန်မှုကို တားဆီးနိုင်စွမ်း မရှိပေ။
“ရဟန်းဖြစ်ရင် ရဟန်းလို ကျင့်ကြံရမယ်။ တော်လှန်ရေးစစ်သားဖြစ်ရင်တော့ တော်လှန်ရေးလိုပဲ ကျင့်ရမယ်ဆိုပြီးတော့ ခံယူထားတာပေါ့။ အခုဆိုရင်တော့ ကိုယ့်ရိက္ခာ၊ ကိုယ့်လက်နက်အပြည့်အစုံနဲ့ တောတောင်ကို အများကြီး ခရီးသွားလာနေနိုင်ပြီ။ အများကြီး နေသားကျနေပြီ” ဟု ဆိုလာသော ကိုမောင်မောင်သော်၏ အသံတွင် သာသနာ့အနွယ်ဝင် ရဟန်းတစ်ပါး၏ လေယူလေသိမ်းရောစွက်လျက်ရှိသည်။
“လူပေါင်းစုံနဲ့ နေရတဲ့အခါကျတော့ တစ်ခါတလေ အရေးမပါတာမျိုးလေးတွေ ကြုံတွေ့ရတာပေါ့လေ။ မခံချိမခံသာဖြစ်ရတာမျိုးတွေပေါ့။ ဒါပေမဲ့ အခုတော့ အားလုံးနေသားကျသွားပါပြီ။ ခန္ဓာကိုယ်လည်း တော်တော် သန်မာလာပါပြီ” ဟု ကိုမောင်မောင်သော်က ဆိုသည်။
ဓာတ်ပုံများတွင် တွေ့ရသော ကိုမောင်မောင်သော်၏ ရုပ်သွင်မှာ တကယ့်စစ်သားကြီးနှယ်ဖြစ်သည်။ ဗုံးသီးတပ်ဆင်ထားသော လောင်ချာသေနတ်ကို ယုံကြည်ချက်အပြည့်ဖြင့် ကိုင်ထားသည်။ အထက်အောက် ပြောက်ကျားစစ်ဝတ်စုံနှင့် စစ်သုံးရှူးဖိနပ် ဝတ်ဆင်ထားသည်။ အပေါ်မှ ထပ်လျက်ဝတ်ဆင်ထားသော စစ်သုံးဂျက်ကက်တွင် ရေဘူးနှင့် အခြားအသုံးအဆောင်များ ထည့်သွင်းထားသဖြင့် အရှင်ပညာသီရိဘ၀မှ ကိုမောင်မောင်သော်ဖြစ်လာသူ တော်လှန်ရေးစစ်သားအသွင်မှာ ပို၍ ဝင့်ထယ်လျက်ရှိသည်။
သေနတ်ကိုင် တော်လှန်ရေးတပ်သားတစ်ဦးအဖြစ် လွယ်လွယ်ကူကူ ဖြစ်လာသည်တော့ မဟုတ်ပေ။ ကြမ်းတမ်းလှသော သုံးလတာ စစ်သင်တန်းကို အပတ်တကုတ် တက်ခဲ့ရသည်။ ပဋိယတ္တိစာပေနှင့်သာ နပန်းလုံးခဲ့ရသော အရှင်ပညာသီရိအတွက် ပို၍ခက်ခဲ ကြမ်းတမ်းခဲ့မည်မှာ အမှန်ပင်။
စစ်သင်တန်းပေးသည့်နေရာ ရောက်ပြီးနောက်တစ်ရက်မှာပင် နံနက် ၄ နာရီထကာ ပြေးခြင်း၊ ဒိုက်ထိုးခြင်း၊ တန်းဆွဲခြင်း စသော ကိုယ်ကာယလေ့ကျင့်ခန်းများ အပြင်းအထန် ပြုလုပ်ရသည်။ အချိန်အားဖြင့် ပုံမှန် ၄၅ မိနစ်ကြာဖြစ်သည်။ ကာယလေ့ကျင့်ခန်းအပြီး နံနက် ၈ နာရီခန့်သည် နံနက်စာစားချိန်ဖြစ်သည်။
ထို့နောက်တွင် စစ်ရေးပြလေ့ကျင့်ခြင်း အပါအဝင် စစ်လက်နက်တပ်ဆင်ခြင်း၊ အပစ်အခတ်လေ့ကျင့်ခြင်း များကို ဆက်တိုက်လေ့ကျင့်ရသည်။ နေ့ခင်းပိုင်းတွင် တစ်နာရီခန့် နားခွင့်ရရှိသည်။ ညနေပိုင်းတွင် စစ်ရေးဗျူဟာအတွက် လိုအပ်သော စစ်ရေးအခေါ်အဝေါ်များ၊ အခြားဗဟုသုတဖြစ်ဖွယ် သင်ခန်းစာများ သင်ယူရသည်။ တစ်နေ့တာ သင်တန်းပြီးဆုံးချိန်မှာ ည ၉ နာရီဖြစ်သည်။
“သင်တန်းသုံးလစလုံးကတော့ အချိန်ဇယားအတိုင်းပဲပေါ့။ မနက် ၄ နာရီထ၊ နေကုန်နေခမ်းပါ။ သင်တန်း ဆရာကလည်း တော်လှန်ရေးဆိုတာ ပျော်စရာမကောင်းလို့ ပြောမှတော့ တကယ်လည်း ပျော်စရာတော့ မကောင်းပါဘူး။ သင်တန်းပြီးတဲ့နောက်ပိုင်းမှာတော့ ရှေ့တန်းရဲဘော်တွေ ကြုံတွေရတဲ့အတိုင်းပါပဲ” ဟု ကိုမောင်မောင်သော်က ရှင်းပြသည်။
လက်ရှိတွင် အရှင်ပညာသီရိတဖြစ်လဲ ကိုမောင်မောင်သော်မှာ သုံးလတာ စစ်သင်တန်းပြီးမြောက်၍ စစ်ကောင်စီတပ်ရင်းတစ်ခုနှင့် အနီးဆုံးနေရာဖြစ်သည့် ရှေ့တန်းစစ်မြေပြင်ကိုပင် ရောက်ရှိနေပြီဖြစ် သည်။ စစ်သင်တန်းပြီးဆုံးသော်လည်း တောထဲတောင်ထဲ၌ တစ်နည်းတစ်ဖုံ ဒုက္ခဆင်းရဲကြုံတွေ့နေရ ဆဲဖြစ်သည်။
“ဒီဘက် (စစ်သင်တန်းနေရာ) က ဖြုတ်တွေက သေးသေးလေးနဲ့ သွေးတအားစုပ်တာ။ အခုထိလည်း ခြေထောက်တွေက အဖုတွေချည်းပဲ။ အခုရှေ့တန်းမှာလည်း ခြင်ရောဖြုတ်တွေရော ဘာကောင်သေးသေးလေးတွေ မှန်းမသိတာတွေလည်း ကိုက်တယ်” ဟု စစ်မြေပြင်ရောက် ကိုမောင်မောင်သော်က ရှင်းပြသည်။
သို့သော်ငြားလည်း အရှင်ပညာသီရိမည်သော ရဟန်းဘဝကို စွန့်လွှတ်ခဲ့သူ ကိုမောင်မောင်သော်တစ်ယောက် အဖြစ်ချင်ဆုံး တော်လှန်တပ်သားတစ်ဦးဖြစ်လာခဲ့သည်။ ခေတ်အဆက်ဆက်စစ်အာဏာရှင်များကြောင့် တရားမျှတမှု ပျောက်ဆုံးခဲ့ရသည်ဖြစ်ရာ ပြည်သူလူထု၏ တောင့်တမှုနှင့်အတူ ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးလှုပ်ရှားမှုများအပေါ် ယုံကြည်သည်ဟုလည်း အရှင်ပညာသီရိတဖြစ်လဲ ကိုမောင်မောင်သော်က ဆိုသည်။
“အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးဓမ္မလမ်းစဉ်နဲ့ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တာ။ ကျွန်တော်တို့ အဖေတွေအမေတွေ လက်ထက်လည်း တောင်းဆိုခဲ့တာပဲ။ ဒါပေမဲ့ ဒီအာဏာရှင်လူတန်းစားက အမြစ်မပြတ်ဘဲနဲ့ တစ်ခါထပ်ထွက်လာခဲ့တာဆိုတော့ ဒီနိုင်ငံမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မတွေ့ချင်တော့ဘူး” ဟုလည်း ကိုမောင်မောင်သော်က ပြတ်ပြတ်သားသား ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးသမား ကိုမောင်မောင်သော်ဖြစ်လာသူ အရှင်ပညာသီရိ သီတင်းသုံးနေထိုင်ခဲ့ရာ မန္တလေးမြို့တွင် သံဃာတော်အချို့ ဖမ်းဆီးခံထားရသည်။ မြန်မာနိုင်ငံတွင် ပဋိယတ္တိစာသင်တိုက် အများဆုံးတည်ရှိရာ မန္တလေးမြို့တွင် သံဃာတော်များဦးဆောင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း နေ့စဉ်ဖြစ်ပေါ်နေဆဲဖြစ်သည်။
အရှင်ပညာသီရိနည်းတူ ရဟန်းဘဝကို စွန့်လွှတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ တောထဲရောက်ရှိနေသည့် သံဃာတော်မည်ရွေ့မည်မျှ ရှိသည်ကိုမူ မသိရသေးပေ။
Original Post: Myanmar Now