အင်္ဂပူတွင် ဖခင်ကိုမတွေ့၍ ကလေးသုံးဦးကို စစ်ကောင်စီ ဖမ်းဆီး

အင်္ဂပူတွင် ဖခင်ကိုမတွေ့၍ ကလေးသုံးဦးကို စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်မြို့ပေါ်၌ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတစ်ဦးကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက ဖမ်းသွားစဉ်။ (ဓာတ်ပုံ – Myanmar Now)

ဆိုက္ကားနင်း၊ ငါးဖမ်းသည့် အမျိုးသား၏ အသက် ၁၇၊ ၁၃၊ ၁၁ အရွယ် သားသုံးဦးကို ဓားစာခံအဖြစ် ဖမ်းသွားသည်မှာ သုံးရက်ရှိပြီဖြစ်သော်လည်း တစ်ဦးသာ ပြန်လွတ်လာသည်

By Myanmar Now

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၌ နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဦးရွှေဝင်းကို မတွေ့၍ သားများဖြစ်သည့် အသက် ၁၇၊ ၁၃၊ ၁၁ အရွယ် သုံးဦးကို ဩဂုတ် ၃၀ ရက်တွင် စစ်ကောင်စီက ဖမ်းသွားသည်ဟု ဒေသခံ နှစ်ဦးက ပြောသည်။

ဦးရွှေဝင်းကို အမှုဖွင့် ဝရမ်းထုတ်ထားသည်ဟု မကြားမိကြောင်း၊ ဩဂုတ် ၃၁ တွင် ၁၃ နှစ်အရွယ် တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ကလေးများမှာ အင်္ဂပူရဲစခန်းတွင် ရှိနေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“(ဦးရွှေဝင်း) သူက နေ့တိုင်းနီးပါး ငါးရှာ၊ ဖားရှာတော့ ထွက်တယ်။ အခု အဲဒီဦးလေး ဘယ်မှာရှိတယ်ဆိုတာတော့ သေချာ တိတိကျကျမသိရပါဘူး။ အမေဖြစ်သူကတော့ အိမ်မှာရှိတယ်။ ဘာမှသိပ်ပြီး မလုပ်တတ် မကိုင်တတ်ဘူး။ ငိုပဲငိုနေတယ် ပြောပါတယ်”ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသည့် ဦးရွှေဝင်းသည် ဆိုက္ကားနင်းခြင်းကဲ့သို့သော ဝင်ငွေနည်းသည့် လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနေရသူဖြစ်သည်ဟု ဆိုသည်။

“အရင်တုန်းကတော့ (သူတို့အိမ်မှာ)ပါတီဆိုင်းဘုတ်ထောင်တာ။ (ရွေးကောက်ပွဲ) အောင်နိုင်ရေးတွေမှာ လိုက်လှည့်တာ။ နည်းနည်း အားတက်သရောလုပ်တဲ့သူတွေပေါ့။ အတန်းပညာ၊ အရည်အချင်းတော့ သိပ်မရှိဘူး။ ပိုက်ဆံအရလည်း ချို့တဲ့တယ်။ မိသားစုအင်အားအရလည်း ချို့တဲ့တယ်” အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

ထိုဖြစ်ရပ်မတိုင်မီ ဩဂုတ် ၂၂ရက်က မြို့သိမ်းတိုက်ပွဲစတော့မည်ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များကို လက်နက်နှင့်တကွ လာရောက်ပူးပေါင်းရန် အင်္ဂပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Facebook တွင် ရေးသားထုတ်ပြန် တိုက်တွန်းသည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။

“သတိပေးစာထုတ်ပြီးနောက်ပိုင်းမှာ မြို့ပေါ်မှာစစ်တယ်။ သွားတာလာတာစစ်တယ်။ ဒဏ်ရိုက်တာတွေ လုပ်တယ်။ စစ်ကောင်စီသတင်းပေးတွေက သူတို့ကို နည်းနည်း ကလန်ကဆန်လုပ်မယ့်သူဆိုရင် အဲဒီအိမ်တွေကို ဧည့်စာရင်းစစ်တာမျိုးတွေလုပ်တယ်။ သေနတ်ဖောက်တာတွေက တောဘက်နယ်တွေမှာ လုပ်တယ်။ မြို့ပေါ်မှာတော့ သိပ်မလုပ်ဘူး” ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

ဦးရွှေဝင်းကို ရှာဖွေနေခြင်း၊ ကလေးနှစ်ဦးကို ဖမ်းဆီးထားခြင်းတို့နှင့် စပ်လျဉ်း၍  တယ်လီဖုန်းဖြင့် မေးမြန်းနိုင်ရန် အင်္ဂပူမြို့နယ်ရဲစခန်းကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စက်တင်ဘာ ၁ စာရင်းအရ စစ်ကောင်စီက ပြည်သူ ၆၁၀၇ ဦးထက် မနည်းကို ဖမ်းထားသည်။

AAPP ကို တရားမဝင်ဟု ကြေညာပြီး စာရင်းများမှာ ချဲ့ကားလွန်းသည်ဟု ဝေဖန်လေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ ပုံမှန်သတင်းထုတ်ပြန်လေ့မရှိပေ။

English version.


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia