30 August 2021
ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၁
ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မအစအနပျောက်ဆုံးစေမှုဒဏ် ခံရသူများနေ့၌ စစ်တပ်အာဏာသိမ်းချိန်ကတည်းက မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်လျက်ရှိနေသည့် ၎င်းတို့ ၏ လူမဆန်သော ကျူးလွန်မှုများထဲတွင် ပါဝင်လျက်ရှိသော ပြည်သူများအား အတင်းအဓမ္မ အစအန ပျောက်ဆုံးစေမှုများကို နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သတိမူ၍ အရေးယူမှုများ ပြုလုပ်ရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ တောင်းဆိုလိုက်သည်။
အာဏာသိမ်းမှု စတင်သည့် ဖေဖော်ဝါရီလကတည်းက အတင်းအဓမ္မ အစအနပျောက်ဆုံးစေမှုများမှာ ယခု အချိန်ထိ ဖြစ်ပေါ်နေဆဲဖြစ်ပြီး AAPP ၏ အချက်အလက်များအရ စစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူများထဲမှ (၈၂) ရာခိုင်နှုန်းမှာ မည်သည့်နေရာတွင် ထိန်းသိမ်းခံထားရသလဲဆိုသည်ကို မသိရှိရပေ။ ထိုကဲ့သို့ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ခံထားရသူများအား မည်သည့်နေရာတွင် ထိန်းသိမ်း ထားကြောင်းကို စစ်အုပ်စုမှ ထုတ်ဖော်ပြောကြားရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် တောင်းဆိုရန် လိုအပ်သည်။
စစ်တပ်အာဏာသိမ်းချိန်မှ စတင်၍ ယနေ့အချိန်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၇၆၂၇) ဦးရှိခဲ့ရာ စစ်အုပ်စု အနေဖြင့် ဖမ်းဆီးခံများကို မည်သည့်နေရာတွင် ချုပ်နှောင်ထိန်းသိမ်းထားကြောင်းကို ထုတ်ဖော်ပြောဆိုမှု လုံးဝမပြုလုပ်ခဲ့ပေ။ မိသားစုကိုယ်တိုင်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရှေ့နေများ၊ မီဒီယာများ စသည်တို့၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖမ်းဆီးခံရသူအချို့မှာ မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိရခြင်းဖြစ်သည်။
AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်မှ “ မြန်မာနိုင်ငံ စစ်အာဏာရှင်အဆက်ဆက်မှာ ဖမ်းဆီးထိန်းသိမ်းတာ၊ ထောင်ပြောင်းတာတွေကို ကာယကံရှင်များရဲ့ မိသားစုများကို ဘယ်သောအခါမှ အသိပေးတာမရှိခဲ့ဘူး။ မိသားစုများက ထောင်တွေ၊ ရဲစခန်းတွေကို သွားရောက်စုံစမ်း မေးမြန်းတာ၊ အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေကတဆင့် စုံစမ်းမေးမြန်းတာတွေကို အချိန်ကုန်၊ ငွေကုန်၊ လူပန်းခံပြီး ခက်ခက်ခဲခဲ စုံစမ်းကြရတယ်။ တစ်ခါတရံ မီဒီယာတွေကမှ တဆင့်သိကြရတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဒီကနေ့အထိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကို မထုတ်ပြန်တဲ့အပြင် ရှေ့နေတွေနဲ့တွေ့ခွင့်ကိုပါ ပိတ်ပင်တာတွေလုပ်လာခဲ့တယ်။ ဒီလို ရည်ရွယ်ချက်ရှိရှိ အစအနပျောက်ဆုံးစေခြင်းဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်တာ ဖြစ်ပြီး နိုင်ငံတကာဥပဒေတွေကိုလည်း စိန်ခေါ်ရာ ရောက်ပါတယ်” ဟု မှတ်ချက်ပြုသည်။
ရောမစာချုပ် (၂၀၀၂) ၌ အာဏာပိုင်များအနေဖြင့် ထိန်းသိမ်းချုပ်နှောင်ထားသည့် တစ်စုံတစ်ဦးကို အချိန် ကာလကြာမြှင့်စွာ ဥပဒေ၏ အကာအကွယ်ပေးမှုမှ ကင်းလွတ်စေရန် ရည်ရွယ်ချက်ဖြင့် မည်သည့်နေရာတွင် ရှိနေသည်ကို ထုတ်ဖော်ပြောဆိုခြင်း၊ လွတ်လပ်မှုဆုံးရှုံးနေခြင်းတို့ကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းသည် အတင်းအဓမ္မ အစအနပျောက်ဆုံးစေမှုမြောက်သည်ဟု ပြဌာန်းထားသည်။
စစ်အုပ်စုအနေဖြင့် အလိုရှိသူကို ဖမ်းမမိသည့်အခြေအနေမျိုးတွင် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းများလည်း ပြုလုပ်လျက်ရှိနေသလို ထိုဓားစာခံများကို မည်သည့်နေရာတွင် ထိန်းသိမ်းထား ကြောင်းလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ထိုအထဲတွင် အရွယ်မရောက်သေးသည့် လူမမယ်ကလေး သူငယ်များပင် ပါဝင်သည်။ ညအချိန်ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခြင်း သို့မဟုတ် ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခြင်း ခံရသူများသည် လျို့ဝှက်သောနေရာများတွင် ထိန်းသိမ်းချုပ်နှောင်ခံနေကြရသည်။ ထို့အပြင် ဖမ်းဆီးခံရပြီး နောက် စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ မည်သူမှ မသိလိုက်ရဘဲ အသက်သေဆုံးသွား ရမှုပင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ကို မြန်မာပြည်သူများမှာ နေစဉ်နှင့်အမျှ ရင်ဆိုင်နေကြရသည်။
AAPP ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “အတင်းအဓမ္မ အစအနပျောက်ဆုံးစေမှုတွေဟာ အာဏာရှင်စနစ်ကို အသက်သွင်းပြီး သူတို့ကိုဆန့်ကျင်နေမှုတွေ ရပ်တန့်စေဖို့ အကြမ်းဖက်စစ်အုပ်စုက မြန်မာတနိုင်ငံလုံးအနှံ့ ကြောက်ရွံ့မှုတွေကို တိုးလာအောင် ဖန်တီးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီလိုလုပ်ရပ် ဟာ အထိန်းသိမ်းခံနေရသူတွေကို ခြိမ်းခြောက်နေတာတင်မကဘဲ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကိုပါ ထိခိုက်နစ်နာခံစားရအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ချစ်ခင်ရသူတစ်ဦးဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ တရားဝင်အသိမပေးဘဲ ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ထားခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု အသွင်တစ်ခုဖြစ်သလို ရုပ်ပိုင်းဆိုင်ရာအရပါ ဖိစီးနှိပ်စက်ခြင်း မြောက်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ အသုံးပြုကျူးလွန်နေတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အဆိုးရွားဆုံး ရာဇဝတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ဆိုသည်။
ရောမစာချုပ်၏ အပိုဒ် ၇ (ဈ) တွင် အတင်းအဓမ္မ အစအနပျောက်ဆုံးစေခြင်းကို စနစ်တကျနှင့် ကျယ်ကျယ် ပြန်ပြန့် ကျူးလွန်လာပါက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု၏ အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းပြဌာန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လ (၁) ရက်၊ ၂၀၀၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအတွင်း ကျူးလွန် ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို အရေးယူနိုင်ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ တရားစီရင်မှုများကို လက်ခံမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့သည်။ အတင်းအဓမ္မ အစအနပျောက်ဆုံးစေခြင်းသည် ရောမစာချုပ်အရ အပ်နှင်းထားသော တရားစီရင်ပိုင်ခွင့်အတွင်း၌ တည်ရှိ ပြီး အကြမ်းဖက်စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် နိုင်ငံရေးအရ တရားဝင်အစိုးရတစ်ရပ် အဖြစ် အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရေးယူခံရခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်နိုင်ရန် အပါအဝင် နိုင်ငံတကာတာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရားများကို ခိုင်မာအားကောင်းစေခြင်း ပင် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
စတိတ်မန့်အပြည့်အစုံ ဒေါင်းလော့ရယူရန် Burmese Forced Disappearances by the Military Junta
Download PDF in Burmese.
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.