28 August 2021
(အပေါ် ဝဲမှယာ) ကိုစိုးပိုင် ခေါ် ကိုကျော်ခိုင်ဝင်း၊ ဦးသိန်းမင်းထွန်း၊ ဦးကံထောက်။ (အောက်ဝဲမှယာ) ကိုသက်နိုင်စိုး၊ ကိုစန်းဝင်းအောင်နှင့် ဆလိုင်းဗန်ဘာဝီထန်
By ဧရာဝတီ
အသက် ၇၂ နှစ်အရွယ် အမျိုးသားကြီးတဦးနှင့် ၁၀ နှစ်အရွယ်ယောင်္ကျားလေးတဦးအပါအဝင် အရပ်သား အနည်းဆုံး ၁၂ ဦးကို စစ်ကောင်စီတပ်များက တပတ်အတွင်း သတ်ဖြတ်လိုက်သည်။
ကြာသပတေးနေ့ညတွင် စစ်ကောင်စီတပ်များသည် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးတခုအနီးရှိ ၁၂၂ လမ်းတွင် လမ်းသွားလမ်းလာများကို သိမ်းကြုံးပစ်ခတ်သောကြောင့် အသက် ၄၂ နှစ်အရွယ် ဈေးသည် ဦးသိန်းမင်းထွန်းကို လည်ပင်းတွင် ထိမှန်သည်။ သူ၏အလောင်းကို လမ်းကြားတခုတွင်တွေ့ရပြီး စစ်သားများက ယူဆောင်သွားကာ နာရေးအတွက် သောကြာနေ့တွင် မိသားစုထံပြန်ပေးသည်။
လမ်းသွားလမ်းလာများနှင့် လမ်းဘေးဈေးသည်များ ထွက်ပြေးရပြီး ထိုသို့ ရန်ညိုးရန်စမဲ့ ပစ်ခတ်ခြင်းမှာ အရက်မူးနေသူများ၏ ရန်စကားများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။ စစ်သားများသည် ရပ်ထားသော ကားများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေများပြောသည်။
ဗုဒ္ဓဟူးနေ့ကလည်း အနည်းဆုံး အရပ်သား ၃ ဦးသတ်ဖြတ်ခံရသည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုအတင်း အသက် ၁၀ နှစ်အရွယ် ဆလိုင်း ဗန်ဘာဝီထန် သေဆုံးသည်။ ဗုဒ္ဓဟူးနေ့ညက ဖြစ်ပွားသည့် အရပ်သားကာကွယ်ရေးတပ်များ နှင့် ပစ်ခတ်မှုအတွင်း ထိုကလေးငယ်သေဆုံးရခြင်းဖြစ်သည်။ သူ့ကို လည်ပင်းတွင် ကျည်ဆံထိမှန်ပြီး အခြားအရပ်သားများလည်း ဒဏ်ရာရသွားသည်ဟု နယ်မြေခံ သတင်းဌာနများက ဖေါ်ပြသည်။
စစ်ကိုင်းတိုင်း မုံရွာတွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် ပရဟိတသမား ကိုသက်နိုင်စိုးသည်လည်း ဖမ်းဆီးခံထားရပြီး ၂၄ နာရီမပြည့်မီ သေဆုံးသည်။ သူ့ကို အင်္ဂါနေ့တွင် ဖမ်းဆီးပြီး ဗုဒ္ဓဟူးနေ့ရောက်သောအခါ သူသေဆုံးသွားကြောင်း သူ၏မိခင်ကို အကြောင်းကြားသည်ဟု ဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သူသည် ကိုဗစ်နိုင်တင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်များက ပြောသော်လည်း သူ၏အလောင်းတွင် ပါးတွင် စီးကရက်မီးဖြင့် တို့ထားသည့် ဒဏ်ရာများ၊ နားအတွင်းမှ ထွက်နေသော သွေးများနှင့် ခေါင်းတွင် သေလောက်အောင် ရိုက်နှက်ထားသည့် ဒဏ်ရာပါလာကြောင်း သူ၏မိခင်က သတင်းဌာနများသို့ ပြောသည်။
ရန်ကုန်ရှိ ကောင်းမှုဆောင် ပရဟိတ အသင်းမှ အသက် ၁၉ နှစ်အရွယ် ကိုစန်းဝင်းအောင်သည်လည်း စစ်တပ်က စစ်ဆေးမေးမြန်းမှုများ ပြုလုပ်စဉ် ဗုဒ္ဓဟူးနေ့တွင် သေဆုံးသည်။ သြဂုတ်လ ၂၂ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသောကြောင့် သူ့ကို စစ်မေးနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။
စစ်တပ်က သူ၏အလောင်းကို ငွေဖြင့် ရွေးယူခိုင်းကြောင်း မိသားစုနှင့် နီးကပ်သည့် ရင်းမြစ်တခုက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ မိသားစုမှာ ငွေကြေးမတတ်နိုင်သောကြောင့် အလောင်းကို ပြန်မရသေးကြောင်း သိရသည်။ ကိုစန်းဝင်းအောင်သည် ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားနေချိန်တွင် ဖျားနားသူများနှင့် လိုအပ်သူများကို ကူညီရန် ထိုပရဟိတလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။
ကိုစိုးပိုင်ခေါ် ကိုကျော်ခိုင်ဝင်းသည် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ ကျူရှင်ဆရာဖြစ်ပြီး သူ့ကို စစ်ကောင်စီတပ်များက သြဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးပြီး နောက်တနေ့တွင် သူသေဆုံးကြောင်း မိသားစုထံ အကြောင်းကြားသည်။
ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ ကိုမင်းအောင်ကို ဖမ်းဆီးသည့်နေ့တွင်ပင် စစ်ကြောရေးစခန်းတွင် သေသည်အထိ ညှင်းပမ်းနှိပ်စက်လိုက်ကြောင်း ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးမှုများနှင့်ဖမ်းဆီးမှုများကို လေ့လာစောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေါ်ပြသည်။ အင်္ဂါနေ့က မိခင်အိမ်မှအပြန် ခရမ်းရဲစခန်းရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် သူ့ကို စစ်ကောင်စီတပ်များက ဖမ်းဆီးခြင်းဖြစ်သည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းကြား ကျေးရွာကို ဝင်ရောက်စီးနင်းစဉ်အတွင်း အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သော ဦးကံထောက်ကို သြဂုတ်လ ၁၈ ရက်နေ့တွင် သေသည်အထိ ထိုးကြိတ်ကန်ကြောက်ကြသည်။ စနေနေ့တွင် သူသေဆုံးသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များက အရပ်သားအနည်းဆုံး ၁၀၁၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကြောင်း AAPP ၏အဆိုအရသိရသည်။ သေဆုံးသူများတွင် လမ်းသွားလမ်းလာများ၊ ကလေးများ၊ ဆန္ဒပြသူများ၊ ဆန္ဒပြပွဲများကို ဖြိုခွဲစဉ် ဒဏ်ရာရသွားသည့် ဆန္ဒပြသူများကို ကူညီသည့် ဆေးဝန်ထမ်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ ပါဝင်သည်။
Original Post: The Irrawaddy
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.