28 August 2021
စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနက် ရောင်မိုးပျံပူဖောင်းများကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့သူများကို ရန်ကုန်မြို့တွင် ဧပြီလဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − EPA/EFE)
စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဖမ်းခံရပြီး ၂၄ နာရီအတွင်း သေဆုံးရသူ ၆၆ ဦးအပြင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရသဖြင့် သေဆုံးရသူများလည်း ရှိနေသည်ဟု AAPP က ဆိုသည်
By Myanmar Now
စစ်ကောင်စီလက်ထဲတွင် သေဆုံးရသူ နိုင်ငံရေးအကျဉ်းသား ၁၁၀ ရှိကာ ဖမ်းဆီးစဉ် ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများနှင့်အတူ ဆေးကုသခွင့် ကောင်းစွာမရသဖြင့် သေဆုံးရသူများလည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုသည်။
ထိုနိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်မှာ အကျဉ်းသားအခွင့်အရေးမရရှိဘဲ နှိပ်စက်ခံရပြီး သေဆုံးရသူများဖြစ်ကာ အများစုမှာ အရပ်သားများဖြစ်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၇ ဦး၊ ဆရာဝန်နှစ်ဦးနှင့် ကျောင်းဆရာသုံးဦးလည်း ပါဝင်ကြောင်း AAPP စာရင်းများအရ သိရသည်။
ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် ၂၄ နာရီအတွင်း သေဆုံးရသူများ
ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် NLD ဥက္ကဋ္ဌဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်လတ်မှာ မတ် ၆ တွင် ဖမ်းဆီးခံရပြီး နောက်တစ်နေ့ နံနက်တွင် မိသားစုကို အလောင်းလာထုတ်ရန် စစ်ကောင်စီက အကြောင်းကြားခဲ့သည်။
ဦးခင်မောင်လတ်ကဲ့သို့ ၂၄ နာရီအတွင်းသေဆုံးရသူ ၆၆ ဦးထိရှိကြောင်း AAPP က ပြုစုထားသည့် စာရင်းအရ သိရသည်။ တချို့ကို ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရ၍ သေဆုံးသည်ဟုလည်း စစ်ကောင်စီက အကြောင်းပြခဲ့သည်။
ညှဉ်းပန်းနှိပ်စက်ခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများတွင် ဦးဇော်မြတ်လင်း၊ ကိုအေးကို၊ ကိုအောင်မြင့်လှိုင်(ခ) ကိုကျေး၊ ကဗျာဆရာ ခက်သီ ခေါ် ကိုဇော်ထွန်း၊ စိုးစံ၊ ကိုမင်းမင်း၊ ကိုမျိုးဇော်ဇော်၊ ဇေယျာလင်း၊ မိုင်နွမ်ဇာထျန်၊ ကိုဇော်ထက် (ခေါ်) ဆလိုင်းဗန်ထာကျုံ၊ ကိုဇင်ကိုထွန်း၊ သက်နိုင်ဦး၊ မျိုးမြင့်သန်း၊ ခင်မောင်ကြည်၊ ကိုထက်ဇော်လင်း(ခေါ်)) ဉာဏ်စူးတို့ သေဆုံးမှုကို Myanmar Now က အတည်ပြုကာ သတင်းရေးသားဖော်ပြခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ရွာသူရွာသား ၂၆ ဦးမှာလည်း ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း အစုအလိုက်အပြုံလိုက် ညှဉ်းပန်းနှိပ်စက်ကာ အသတ်ခံရခြင်းဖြစ်ကြောင်း AAPP က ဆိုသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်လည်း ကျောင်းဖောက်ခွဲမှုသံသယဖြင့် အဖမ်းခံရသူတစ်ဦးဖြစ် သော ကိုမင်းမင်းဆိုသူမှာလည်း ၂၄ နာရီအတွင်း သေဆုံးခဲ့သူဖြစ်သည်။ စစ်အာဏာရှင်ကျဆုံး၍ တော်လှန်ရေးအောင်မြင်ချိန်တွင် အမှန်တရားပေါ်ပေါက်၍ ကျူးလွန်သူများ အပြစ်ခံရစေလိုကြောင်း၊ နစ်နာသူမိသားစုဝင်များကိုလည်း ပြည်သူ့အစိုးရက ကူညီထောက်ပံ့ပေးစေလိုကြောင်း ကိုမင်းမင်း၏ ဆွေမျိုးတစ်ဦးက ပြောသည်။
“နိုင်ငံတကာက ဟိုပိတ်ပင် ဒီကန့်ကွက် အဲဒီလိုပြောတာ မဟုတ်ဘူး။ ကြိုးမိန့်ပေး၊ တန်းစင်တက်၊ ဒါပဲ လိုချင်တာ။ သူတို့အသက်တွေ ပေးဆပ်ရကျိုးနပ်ချင်တယ်” ဟု ကိုမင်းမင်း၏ ဆွေမျိုးဖြစ်သူက ဆိုသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့တွင်လည်း မတ်လအတွင်းက အသက် ၃၉ နှစ်အရွယ် ကလေးသုံးဦးမိခင် ဒေါ်ခင်မာလာဝင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး နောက်တစ်ရက်တွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်။
ဒေါ်ခင်မာလာဝင်းက ဒူးထောက်တောင်းပန်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထို့ပြင် အလောင်းတွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိရသည်ဟုလည်း ဒေသခံတစ်ဦးကို ကိုးကား၍ AAPP ၏ စာရင်းပြုစုချက်၌ ဖော်ပြထားသည်။
ရန်ကုန်၊ ရွှေပေါက္ကံမြို့သစ်နေ အသက် ၃၃ နှစ်အရွယ် အောင်ခန့် (ခေါ်) ပါခန့် ဆိုသူမှာလည်း အဖမ်းခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့သည့်အပြင် အလောင်းကို ကျပ်သုံးသိန်းဖြင့် ရွေးယူခဲ့ရကြောင်း AAPP က ဆိုသည်။
ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ သေဆုံးခဲ့ရသူများအနက် တစ်ဦးဖြစ်သူ မုံရွာအခြေစိုက် ကဗျာဆရာ ကိုခက်သီ။ (ဓာတ်ပုံ − Supplied)
လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် သေဆုံးရသူများ
အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် သေဆုံးရသည့်ဖြစ်စဉ်များလည်း ရှိသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း အသက် ၅၀ အရွယ် ဒေါ်ခင်မာရီ (ခေါ်) ဖွားချိုမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ထဲထဲဝင်ဝင်ပါဝင်သည်ဟု စွပ်စွဲခံရကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုကာ မတ်လအတွင်း ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာ မရသဖြင့် ဇူလိုင် ၂၁ တွင် သေဆုံးခဲ့ရသည်။
ဒေါ်ခင်မာရီမှာ ဆီးချိုရောဂါနှင့် နှလုံးအားနည်းခြင်းကြောင့် မင်းကင်းမြို့အချုပ်ခန်းတွင် ကွယ်လွန်သည်ဟု AAPP စာရင်းက ဆိုသည်။
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းမှာလည်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းကြောင့် ဇူလိုင် ၂၀ တွင် သေဆုံးခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ဩဂုတ် ၂၆ ထိ သေဆုံးသူ ၁၀၁၉ ဦးရှိ ကာ ဖမ်းဆီးခံထားရသူ ၅၉၆၉ ဦး ရှိကြောင်းလည်း AAPP က ထုတ်ပြန်ထားသည်။
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်းသည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရစဉ် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသဖြင့် ကိုဗစ်ကူးစက်ခံရကာ သေဆုံးခဲ့သည်။
AAPP တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့၏ စာရင်းမှာ လက်လှမ်းမီသလောက်သာ ပြုစုထားခြင်းဖြစ်ကာ တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်သဖြင့် အမှန်တကယ်သေဆုံးရသူမှာ စာရင်းထက်ပိုများရန်သာရှိပြီး မလျော့နိုင်ကြောင်း ပြောသည်။
“တစ်ချိန်မှာ တရားမျှတမှုရရှိဖို့ဆိုရင် ဒီလိုအထောက်အထားတွေ မရှိဘဲနဲ့ ဘာမှလုပ်လို့ မရဘူး။ ဒီလို အထောက်အထားတွေ ရှိတော့မှ ဘယ်တုန်းက ဘယ်သူက ဘယ်လိုဖြစ်သွားတယ်။ ဘယ်သူက ကျူးလွန်လိုက်တယ်ဆိုတဲ့ဟာတွေ တကယ့် သက်သေသက္ကာယ ခိုင်ခိုင်မာမာနဲ့ လုပ်နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ယခင်က ပေါ်ပေါက်ခဲ့သည့် ၁၉၈၈ လူထုအရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်များတွင် ယခုကာလကဲ့သို့ သတင်းစီးဆင်းမှု မမြန်ဆန်ခြင်း၊ ဆက်သွယ်ရခက်ခဲခြင်းများကြောင့် နစ်နာဆုံးရှုံးမှုများကို သေချာ မှတ်တမ်းမတင်နိုင်ခဲ့ကြောင်း၊ ၂၀၂၁ တွင်မူ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်နှင့် လက်ချက်များကို သက်သေ၊ အချက်အလက် အတိအကျဖြင့် ကမ္ဘာသိတင်ပြနိုင်ရန် ဆက်လက်စုဆောင်းမည်ဟုလည်း AAPP က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီ၏ ပြည်သူအပေါ် ကျူးလွန်မှုများသည် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်သဖြင့် ကမ္ဘာသိအောင် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
“အနာဂတ်မှာ နောက်တစ်ခါ ဒါမျိုး ဘယ်တော့မှမဖြစ်အောင် ပြင်ဆင်လျက်ရှိပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.