ရိုဟင်ဂျာတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ရန် မြန်မာ CSO များက တောင်းဆိုခြင်း

ရိုဟင်ဂျာတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ရန် မြန်မာ CSO များက တောင်းဆိုခြင်း

ရိုဟင်ဂျာတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ရန် မြန်မာ CSO များက တောင်းဆိုခြင်း

[၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့] ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ (CSO) ၄၅ ဖွဲ့က ကတိပြုလိုက်သည်။ ဤပူးတွဲထုတ်ပြန်ကြေညာချက်ကို လွန်ခဲ့သောလေးနှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။

“မိမိတို့သည် ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်စွာရပ်တည်ပြီး ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက် ၎င်းတို့၏ ကြီးမားလှသော ရုန်းကန်လှုပ်ရှားရမှုများနှင့်အတူ ရပ်တည်လျက် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိ‌ရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး၊ မြန်မာစစ်တပ်မှ ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခွင့်ကို အဆုံးသတ်ရေးတို့အတွက် တောင်းဆိုလိုက်သည်။“ ဟု CSO များက ဆိုသည်။

“လေးနှစ်ကြာပြီးဖြစ်ပေမယ့်လို့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေးဟာ ရှက်ဖွယ် ကောင်းလောက်ပင် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်လှတဲ့ ရာဇဝတ်မှုတွေအတွက် တစ်ဦးတစ်ယောက်မှ ပြစ်ဒဏ်ပေးခံရတာ မရှိသေးဘူး။” ဟု ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။ “လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုသားတွေဟာ အပြစ်ပေး အရေးယူခံရမှု လုံးဝမရှိတဲ့အတွက် အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ် နေတာဖြစ်တယ်။ သူတို့ လုံးဝရပ်တန့်သွားအောင် တားဆီးရပါမယ်။ ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်လက်ထိန်းထားမယ့်အစား မတူကွဲပြား စုံလင်မှုကို အားသာချက်အဖြစ်ပြောင်းယူပြီး လူသားမျိုးနွယ်အတွက် သွေးစည်းညီညွတ်စွာဖြင့် အားလုံးပါဝင်မှုရှိတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးကို လုပ်ဆောင်ရမှာဖြစ်တယ်။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း လူမျိုးတုံးသတ်ဖြတ်သည့် အကြမ်းဖက်မှုလှိုင်းလုံးကြောင့် ရိုဟင်ဂျာ ၈၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ ထိုနိုင်ငံတွင် ရိုဟင်ဂျာ ဒုက္ခသည်ဦးရေ ၁.၁ သန်းကျော်ကို လက်ခံထားရသည်။ မကြာသေးမီက စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ရိုဟင်ဂျာတို့၏ နေရပ်ပြန်နိုင်ရေး အလားအလာကို အမှောင်ကျစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များသည် ငွေကြေးထောက်ပံ့မှု မလုံလောက်သော ဒုက္ခသည်စခန်းများတွင် ပြည့်ကျပ်သိပ်သည်းစွာ နေထိုင်နေရပြီး မီးဘေး၊ ရေဘေး၊ COVID-19 ကပ်ရောဂါဘေးနှင့် လုံခြုံမှုနှင့် သင့်လျော်မှုမရှိသော ဘာရှန်ချာ (Banshar Chan) ကျွန်းသို့ ပြောင်းရွှေ့ခံရမည့်ဘေးများကို ရင်ဆိုင်ရင်း အခြေအနေများ ဆက်လက်ယိုယွင်းလာနေသည်။

“နွေဦးတော်လှန်ရေးရဲ့ ပြီးခဲ့တဲ့လ‌တွေထဲမှာ အမျိုးသမီးတွေဟာ ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးနဲ့ လူ့အခွင့်အရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲတွေရဲ့ ရှေ့တန်းမှာ ရှိနေခဲ့ပါတယ်။” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ နော်ဆဲဆဲက ပြောသည်။ “မတူကွဲပြားစုံလင်မှုကို တန်ဖိုးထားပြီး စစ်တပ်ကြီးစိုးမှုနဲ့ အမျိုးသမီးခွဲခြားနှိမ်ချဖိနှိပ်တဲ့ဝါဒ ကင်းရှင်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ရိုဟင်ဂျာအမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒီအတွက် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ရိုဟင်ဂျာအမျိုးသမီးတွေ ပါဝင်ကိုယ်စားပြုရပါမယ်။” ဟု ၎င်းကဆက်ပြောသည်။

ပူးတွဲထုတ်ပြန်ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အနေဖြင့် ၎င်းတို့၏ အာဏာကိုအသုံးပြု၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် “အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခု” ကဲ့သို့သော လူမျိုးခွဲခြားရေး နှင့် လူမျိုးကွဲမုန်းတီးရေးဥပဒေများကို ဖျက်သိမ်းပစ်ရန် တောင်းဆိုထားသည်။ ထိုအမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခုသည် လိင်ကွဲပြားမှုနှင့် လိင်သဘောထားခံယူမှုကွဲပြားမှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေသည့်အပြင် ဆယ်စုနှစ်နှင့်ချီသော စစ်တပ်အုပ်စိုးမှုမှ ဖြစ်တည်လာခဲ့သည့် အမျိုးသမီးခွဲခြားနှိမ်ချ ဖိနှိပ်သည့်ဝါဒနှင့် ဖိုဝါဒကြီးစိုးရေးစနစ်ကိုလည်း အကျိုးပြုနေသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။” ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးက ပြောသည်။ “လွန်ခဲ့တဲ့လေးနှစ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုက မြန်မာစစ်တပ်ရဲ့ စနစ်တကျနဲ့ ရက်စက်ကြမ်းကြုတ်မှုကို စဉ်ဆက်မပြတ် ကျူးလွန်နေတဲ့ သရုပ်လက္ခဏာကို ဖော်ပြနေတာဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေရဲ့ မရေမတွက်နိုင်တဲ့ ကျူးလွန်ခံရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေး နဲ့ စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်နေခွင့် ရနေမှုကို အဆုံးသတ်ဖို့အတွက် ရနိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

စစ်အုပ်စု၏ ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှု၏ အရင်းအမြစ်မှာ စစ်တပ်မှ ပြစ်ဒဏ် ကင်းလွတ်ခွင့် လုံးဝရနေခြင်းကြောင့်ဖြစ်သည်။ “တရားမျှတမှုရရှိရေးနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ၏ တက်ကြွမှု မရှိခြင်း၊ အချို့နေရာများတွင် လုပ်ဆောင်ချက်လုံးဝကင်းမဲ့နေခြင်းတို့က စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုအတင့်ရဲလာစေပြီး ယနေ့အထိ ဆက်လက်ကျူးလွန်နေစေသည်။ စစ်တပ်၏ ချိုးဖောက်မှုများနှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည် ဖြစ်သည်။” ဟု CSO များကဆိုသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ လုပ်ဆောင်သွားရန် ယင်းပူးတွဲထုတ်ပြန် ကြေညာချက်တွင် တောင်းဆိုထားပြီး ထိုအထဲတွင် နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့်  အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အရ အမှုဖွင့်ထားသော အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတို့ကို ထောက်ခံအားပေးခြင်းများပါဝင်သည်။ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအတွက် အထူးခုံရုံး (Ad-hoc Tribunal) တစ်ခု တည်ထောင်ရေး သို့မဟုတ် မြန်မာနိုင်ငံအခြေအနေကို ICC သို့ လွှဲပြောင်းရေး အလားအလာများအပါအဝင် အခြားတာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေးနည်းလမ်းများကို ကြိုးပမ်းလုပ်ဆောင်သွားရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားသည်။

ထိုမျှသာမက ထိုပူးတွဲထုတ်ပြန်ကြေညာချက်တွင် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရေး သေချာစွာ လုပ်ဆောင်နိုင်‌‌ရေး ICC ၏ ရောမသဘောတူစာချုပ်ကို ချက်ချင်းလက်မှတ်ရေးထိုးရန်လည်း NUG ကို တိုက်တွန်းထားသည်။

အယ်ဒီတာများသို့မှတ်ချက်

  • မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှု အဆုံးသတ်ရေးနှင့် ရိုဟင်ဂျာများ၏ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး တောင်းဆိုသော အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅ ဖွဲ့၏ ပူးတွဲထုတ်ပြန် ကြေညာချက်ကို ဤနေရာတွင် ရယူဖတ်ရှုနိုင်သည်။

— ဆုံး —

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ [email protected]
  • ကိုဟန်ကြီး၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ [email protected]

***ပြန်လည်ပြင်ဆင်ချက် – အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅ ဖွဲ့ဟု ပြန်လည်ပြင်ဆင်ထားပါသည်။


သတင်းထုတ်ပြန်ချက် PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

အရပ်ဘက်လူထုအဖွဲ့အစည်း ၄၅ ဖွဲ့၏ ပူးတွဲထုတ်ပြန် ကြေညာချက် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia