23 August 2021
ဦးကံထောက်၏ ရုပ်အလောင်းကို မသင်္ဂြိုဟ်မီ ဩဂုတ် ၂၁ က တွေ့မြင်ရစဉ် ။ (ဓာတ်ပုံ-နှမ်းခါးလူငယ်အဖွဲ့)
ဂန့်ဂေါမြို့၊ နှမ်းခါးရွာကို ဒုတိယအကြိမ်ဝင်သည့် စစ်တပ်က အဘိုးအိုတစ်ဦးကို နှိပ်စက်ရုံသာမက အိမ် ၂၀ ကျော်မှ တန်ဖိုးကြီးပစ္စည်းများ ခိုးယူကြသည်ဟု ဒေသခံတို့ထံမှ သိရပြီး စစ်တပ်ထံမှ တုံ့ပြန်ချက် မရပေ။
By Myanmar Now
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတွင် စစ်တပ်က လာရောက်တပ်စွဲပြီး ရွာအတွင်း မွှေနှောက်ဖျက်ဆီးနေချိန် အသက် ၇၂ နှစ်အရွယ် အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး ရရှိသောဒဏ်ရာများဖြင့် ဩဂုတ် ၂၁ တွင် သေဆုံးခဲ့သည်။
ဩဂုတ် ၁၈ ၊ ညနေ ၄ နာရီတွင် နှင်းခါးကျေးရွာအတွင်း စစ်ထရပ်ကား ၄ စီးဖြင့် စစ်သားများ ရောက်ရှိလာသောကြောင့် လူငယ်၊ လူလတ်ပိုင်း ရွာသူရွာသားများက နီးစပ်ရာတောတွင်းသို့ ထွက်ပြေးခဲ့ရာ ကျန်းမာရေးမကောင်းသူ ဦးကံထောက်မှာ ရွာအတွင်း ကျန်ခဲ့ရာမှ ထိုသို့ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး၊ ဒေသခံတစ်ဦးတို့က အသီးသီးပြောသည်။
“အကုန်တောထဲရှောင်တာပေါ့။ သူတို့(စစ်တပ်) က ကျန်းမာရေးလည်းမကောင်း၊ အသက်ကြီးတဲ့သူကျတော့လည်း မလုပ်လောက်ဘူးဆိုပြီး ခန့်မှန်းကြတာပေါ့။ လူလတ်ပိုင်းတွေ အဓိကလုပ်တယ်ပဲ ထင်ကြလို့ပေါ့” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၈ တွင် ကလေး-ဂန့်ဂေါကားလမ်းတွင် ဖြတ်သန်းသွားသည့် စစ်ကား အစီး ၄၀ ကျော်ပါ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သားအများအပြား သေဆုံးခဲ့ပြီးနောက် စစ်တပ်က ကလေး-ဂန့်ဂေါလမ်းတစ်လျှောက် ကျေးရွာများအား ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကာ နှင်းခါးကျေးရွာသည် ယင်းကားလမ်းမဘေးမှ ရွာ ဖြစ်သည်။
ထို့နောက် စစ်တပ်က ဩဂုတ် ၁၉ မွန်းလွဲ ၂ နာရီကျော်တွင် နှင်းခါးကျေးရွာမှ ပြန်ထွက်ခွာသွားကြောင်း၊ ရွာသူရွာသားများက ရွာအတွင်း ပြန်လာချိန်မှ ဦးကံထောက်ကို ဒဏ်ရာများဖြင့် တွေ့ရှိသဖြင့် စစ်တပ်ပြန်လာဝင်လာမည် စိုးရိမ်၍ တောထဲသို့ ရွှေ့ပြောင်းကုသပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“သူက ဒဏ်ရာတွေနဲ့ တစ်ညလုံးနဲ့ မနက်တစ်ပိုင်း နေခဲ့ရတယ်။ ဒူးတွေမှာလည်း ပြဲလို့၊ တရွတ်တိုက် ဆွဲထားပုံပေါ်တယ်။ နေတဲ့အိမ်နားလောက်မှာ ရိုက်ခံရတာ။ အိမ်နားဝန်းကျင်မှာ ပုန်းနေတဲ့သူတွေပြောတာတော့ ရိုက်ခံရတာ အော်နေတာ ကြားနေရတယ်လို့ ပြောတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
ထို့နောက် စစ်တပ် ပြန်မလာသေးသောကြောင့် ဩဂုတ် ၂၀၊ ညနေ ၄ နာရီခန့်တွင် ရွာထဲသို့ ပို့ဆောင်၍ ဆေးကုသမှုပေးခဲ့သော်လည်း ဩဂုတ် ၂၁ မနက် ၁ နာရီဝန်းကျင်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးကံထောက်မှာ ဒဏ်ရာများပြင်းထန်သဖြင့် ရိုက်နှက်ခံရသည့် ဖြစ်စဉ်အသေးစိတ်ကို မေးမြန်း၍ မရနိုင်ခဲ့ကြောင်း အထက်ပါအမျိုးသားက ပြောသည်။
Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံတွင် ဦးကံထောက်မှာ မျက်လုံးနှစ်ဖက် ညိုမည်းနေပြီး၊ ဒူးပြဲဒဏ်ရာနှင့် ဘယ်ဖက်လက်မောင်းတစ်ဖက် ညိုမည်းနေသည်ကို တွေ့ရှိရသည်။
ဩဂုတ် ၂၁ မနက်ပိုင်းတွင် ဦးကံထောက်၏ ရုပ်အလောင်းကို နှမ်းခါးလူငယ်အဖွဲ့နှင့် ရွာသူရွာသားက သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်တပ်က မွှေနှောက်သွားစဉ် ရွာအတွင်း နေအိမ် ၂၀ ကျော်မှ ကျေးရွာသားများ၏ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားခဲ့ကြသည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။
“ရွှေတွေ၊ ငွေတွေ၊ တီဗီတွေ အကုန်လုံး ပစ္စည်းတွေ သိမ်းကျုံးယူသွားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ဂန့်ဂေါမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
ပြီးခဲ့သည့် ဇွန်လအတွင်း နှမ်းခါးနှင့် ရဲလှရွာသားများကို စစ်ကောင်စီတပ်က သတ်ဖြတ်၊ မီးရှို့သည့်ဖြစ်စဉ်တွင် အသက်အရွယ်ကြီးရင့်သူ၊ ကျန်းမာရေးမကောင်းသူများကိုပါမချန် ဒုက္ခပေးခဲ့၍ ဒေသခံအများအပြား နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အသက်အရွယ်ကြီးရင့်သူများ၊ မီးနေသည်နှင့် မွေးကင်းစကလေးပါမကျန် ရွာလုံးကျွတ် တိမ်းရှောင်နေခဲ့ကြရသည်။
မေလကုန်ကတည်းက နှမ်းခါး၊ ရဲလှ၊ ချောင်းခွ၊ တောင်ခင်ရမ်း၊ ရွှေဘို၊ သင်တော၊ အလယ်ရွာ၊ ရွာမ အစရှိသည့် ကျေးရွာ ၁၃ ရွာကို စစ်ကောင်စီတပ်ဖွဲ့က တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းခဲ့သည်။
အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ပြည်သူ ၁၀၀၉ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး ဖြစ်သည်၊ ၇၄၀၁ ဦး ဆက်လက်ဖမ်းဆီးခံထားရသည်ဟု လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်နေသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများ က ဆိုသည်။
စစ်ကောင်စီက ထိုကိန်းဂဏန်းမှာ မှားယွင်းနေသည်ဟု ပြောလေ့ရှိသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.