17 August 2021
ဖေဖော်ဝါရီလဆန်းပိုင်းက တပ်မ ၇၇ မှ စစ်သားနှစ်ဦးကို ရန်ကုန်မြို့တွင် တွေ့ရှိရစဉ်။ (ဓာတ်ပုံ − EPA/EFE)
“အခုအချိန်မှာသာ ထွက်ပြေးခွင့်ရမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အလံတိုင်ပဲ ကျန်ခဲ့လိမ့်မယ်” ဟု တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက မှတ်ချက်ပြုသည်
By Myanmar Now
အာဏာသိမ်းပြီး ခြောက်လကျော်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် တပ်မတော်သား ၁၅၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း တပ်ကို စွန့်ခွာလိုသူများကို အကူအညီပေးနေသည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
တပ်ကို စွန့်ခွာလာသည့် တပ်မတော်သား ၁၅၀၀ ခန့်တွင် အများစုမှာ တပ်သားအဆင့်နှင့် တပ်ကြပ်ကြီးအဆင့်ဖြစ်ပြီး ဒုဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ အရာရှိများလည်း ရာဂဏန်းမျှပါဝင်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ (CDM စစ်သား)ကို သေချာစိစစ်နေတဲ့အပိုင်းကလည်း ရှိတဲ့အခါကျတော့ အကုန်လုံးကတော့ တိုက်ခိုက်ရေးဘက်ကို မသွားနိုင်သေးဘူး။ ဒါပေမယ့် တတ်နိုင်တဲ့နေရာကနေ ပါဝင်ကြမယ်ဆိုတဲ့အချိန်မှာ အများစုက တိုက်ခိုက်ရေးဘက်ကို အားသန်တဲ့သူတွေ အများကြီးပဲ ရှိပါတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
ဇွန်လဆန်းအထိ CDM တွင် ပါဝင်သူ တပ်မတော်သား ၈၀၀ ခန့်သာရှိရာမှ နှစ်လအတွင်း ထက်ဝက်ခန့် ထိုးတက်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီးလင်းထက်အောင်သည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ခြေမြန်တပ်ရင်း ၅၂၈ တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလဆန်းပိုင်း၌ CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။
လက်ရှိတွင် ၎င်းသည် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်လိုသည့် စစ်သားများ CDM ဝင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်ပေးခြင်း၊ တပ်တွင်းရှိ တပ်မတော်သားအချို့ဖြင့် ချိတ်ဆက်၍ တော်လှန်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်ကောင်စီဘက်တော်သားများက “ဖရဲသီး”ဟု ခိုင်းနှိုင်းခေါ်ဆို၍ ရှာဖွေဖိနှိပ်ရန် ကြိုးပမ်းခံရသည့် CDM ဝင်လိုသည့် စစ်သားအများအပြား တပ်အတွင်းရှိနေသေးပြီး ဆက်သွယ်မှုများကို နေ့စဉ်မပြတ် လက်ခံရရှိနေကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
“ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ဟာတွေကျတော့ သူတို့ စစ်ကောင်စီကို လက်မခံကြတော့တဲ့ ပုံစံတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အထက်ခေါင်းဆောင်တွေကို သူတို့ လုံးဝ မယုံကြည်တော့တဲ့ အပိုင်းတွေလည်းရှိတော့ ဒီလိုလူတွေက တဖြည်းဖြည်းများလာတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ကိုဗစ်နိုင်တင်းအကြောင်းပြ၍ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များကို တပ်ဝန်းပြင်ပသို့ သွားလာခွင့်ကို ကန့်သတ်ထိန်းချုပ်ထားသည်ဟုလည်း ဆိုသည်။
“ထွက်ပြေးခွင့်ရမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အလံတိုင်ပဲ ကျန်ခဲ့လိမ့်မယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ တပ်ရင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီးတစ်ဦးက ဆိုသည်။ တပ်မှ နုတ်ထွက်ရန် စာတင်ထားသည်မှာ ခြောက်လကျော်ရှိလာပြီဖြစ်သော်လည်း ထွက်ခွင့်မရသေးကြောင်းလည်း ၎င်းဗိုလ်ကြီးက ပြောသည်။
တပ်မတော်မှ နုတ်ထွက်လိုသည့် တပ်မတော်သားအများအပြားရှိနေသည်ဆိုသော အချက်ကို ဗိုလ်ကြီးလင်းထက်အောင်ကလည်း ထောက်ခံသည်။
“တကယ်တမ်းတာ ထွက်ခွင့်သာပေးလိုက်ကြည့် DSA ကနေ မနေ့တနေ့ကမှ ကျောင်းဆင်းသွားတဲ့ကောင်တောင်မှ ဒီနေ့ထွက်ခွင့်တင်ဆိုရင် တင်မှာဗျ။ ဒါကြောင့်မို့လို့ နောက်ဆုံး အလံတိုင်နဲ့ တပ်ချုပ်ပဲ ကျန်မယ်ဆိုတာတော့ မှန်တဲ့စကားပဲဗျ”ဟု ၎င်းက ပြောသည်။
CDM တပ်မတော်သားအများစုသည် လွတ်မြောက်နယ်မြေများသို့ ရောက်ရှိနေပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိကာ လက်တွဲရမည့် အဖွဲ့အစည်းများနှင့် ယုံကြည်မှုတည်ဆောက်နေဆဲဖြစ်သည်ဟုလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
ပြည်သူ့လစာယူထားသည့် တပ်မတော်သားများအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များထံ ဆက်လက်သစ္စာခံမနေဘဲ ပြည်သူဘက်မှ ရပ်တည်ကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ခ) မောင်တင်သစ်က တိုက်တွန်းပြောဆိုထားသည်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှိရာ ထွက်နိုင်ရင် ထွက်လာပေါ့။ ထွက်မလာနိုင်သေးရင် စစ်ကောင်စီကို မနာခံနဲ့၊ ပြည်သူကို မနှိပ်စက်နဲ့၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို ခံမတိုက်နဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ကူညီကြဆိုတာပါပဲ”ဟု ဦးရည်မွန်က ယခုလဆန်းပိုင်းတွင် Myanmar Now ကို ပြောထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ရန် လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည်ဆိုပါက တစ်ဦးလျှင် ကျပ်သိန်း ၅၀ ပေးမည့်အပြင် သွားလိုရာအရပ်ကို လုံခြုံစွာ သွားလာနိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CDF) က ဩဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ချင်းပြည်နယ်တွင် ပြည်သူနှင့်အတူ ရပ်တည်ရန် ပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်းရှိကြောင်းလည်း CDF အဖွဲ့ဝင်တစ်ဦးက ပြောကြားထားသည်။
Original Post: Myanmar Now
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.