စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်း၍ ရန်ကုန်တွင် ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် အကြမ်းဖက်စီးနင်း၍ ရန်ကုန်တွင် ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

လူငယ်များ ပြုတ်ကျသေဆုံး၊ ဒဏ်ရာရနေသည်ကို ယနေ့ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်မှ အထပ်မြင့်တိုက်ခန်းကို စစ်ကောင်စီတပ်က စီးနင်းစဉ် လူငယ် ၅ ဦးက တိုက် ၃ လွှာမှ ခုန်ချခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်

By Myanmar Now

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း၌ ယနေ့ (ဩဂုတ် ၁၀) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ တိုက်ခေါင်မိုးပေါ် ထွက်ပြေးသည့် လူငယ်များထဲမှ ၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရသွားကြောင်း ထိုလမ်းအတွင်း နေထိုင်သူများက ပြောသည်။

အထပ်မြင့်တိုက်ခန်းတစ်ခုကို လက်နက်ကိုင် ရဲ၊ စစ်သား၊ အရပ်ဝတ် အင်အား ၂၀ ကျော်က ပစ်ခတ်ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးရာမှ ထိုသို့ ဖြစ်ပွားခဲ့ကြောင်း ၎င်းလမ်း၌ နေထိုင်သူတစ်ဦးက ပြောသည်။

“ကောင်လေးတွေက ခေါင်မိုးပေါ်တက်ပြီး ပြေးတယ်ဗျ။ ပြေးကြတဲ့အချိန်မှာ အဲဒီတိုက်က တိုက်ခန်း ၄ ခန်းစာလောက်ပဲ ပြေးစရာနေရာ ရှိတယ်ဗျ။ ကြည့်ရတာ လွတ်လမ်း လုံးဝမရှိဘူးလို့ ယူဆရတယ် ထင်တယ်ဗျ။ နောက်ဖေးလမ်းထဲကို ခုန်ချလိုက်တယ်” ဟု ထိုအမျိုးသားက ၎င်းမြင်တွေ့ရပုံကို ပြောပြသည်။

လူငယ် ၅ ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်သည်ဟု သိရကြောင်း၊ ပြုတ်ကျပြီး ၂ နာရီခန့် ကြာမှ လူနာတင်ကားများ ရောက်ရှိလာကြောင်း Myanmar Now  က မေးမြန်းခွင့်ရခဲ့သည့် မျက်မြင်သက်သေတချို့က ပြောသည်။

လူငယ် ၂ ဦးမှာ ရေတောင်း ညည်းတွားခဲ့ကြောင်း၊ စစ်သားများက သေနတ်များဖြင့်ချိန်ကာ တားမြစ်ထားသဖြင့် လမ်းထဲရှိလူများ ရေတိုက်ခွင့် မရခဲ့ဘဲ လူငယ်များ သေဆုံးသွားကြောင်း ၄၄ လမ်းနေ အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“သူတို့ (ဒဏ်ရာရသူများ) မထနိုင်တော့ဘူး။ အဲဒါ သိမ်ဖြူလမ်းကပဲ သူတို့ ထုတ်သွားပြီးတော့ လူနာတင်ကားနဲ့ ခေါ်သွားပါတယ်ဗျ” ဟု ပြောသည်။ အဆိုပါတိုက်ခန်းပေါ်မှ လက်နက်များလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“ကျွန်တော် တွေ့တာကတော့ Dead Body (အလောင်း) သယ်တဲ့အိတ်နဲ့ သယ်လာတာ ၃ လောင်းရှိတယ်ဗျ။ (ကျန်နှစ်ဦး) ဒဏ်ရာကတော့ ပုံပျက်ပန်းပျက်မဖြစ်ဘူး။ အနေအထားကြည့်ရတာတော့ အခြေအနေမဟန်ဘူး” ဟု   မျက်မြင်သက်သေ တခြားအမျိုးသားတစ်ဦးက ပြောသည်။

“(စစ်ကောင်စီတပ်ဖွဲ့) တစ်ဖွဲ့က တိုက်ပေါ်တက်တယ်။ တစ်ဖွဲ့က နောက်ဖေးလမ်းကြားထဲ ပြေးဝင်သွားတယ်။ သေနတ်ပစ်တဲ့အသံ လေး၊ ငါးချက်လောက် ကြားလိုက်တယ်”

ယနေ့ မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ထဲတွင် ဗုံးပေါက်ကွဲသံ ဆက်တိုက်ကြားခဲ့ရသည်။

ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးတွင် ဗုံး နှစ်လုံး၊ ၅၁ လမ်းရှိ ပုဇွန်တောင်ရဲစခန်းနှင့် ယာဉ်ထိန်းရုံးတွဲဖွင့်ထားသည့် အဆောက်အအုံတွင် ဗုံးနှစ်လုံး၊ လမ်း ၅၀ ရှိ ကြေးမုံသတင်းစာ ကြော်ငြာလက်ခံဌာနတို့တွင် ဗုံးတစ်လုံး ယနေ့ (ဩဂုတ် ၁၀) ၌ ပေါက်ကွဲခဲ့သည်။

ထိုပေါက်ကွဲမှုများနှင့် ၄၄ လမ်း တိုက်ခန်းကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမှု ဆက်စပ်မှုရှိမရှိ မသိရသေးပေ။

သိမ်ဖြူလမ်းကားမှတ်တိုင်ရှိ လူငယ်တစ်ဦးကို အရပ်ဝတ်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ဗိုလ်တထောင်မြို့နယ်ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

ပြီးခဲ့သည့် မတ်လ ၂၁ တွင်လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၉၁ လမ်း၌ ဖြစ်ပွားခဲ့ပြီး တိုက်ခန်းတစ်ခုပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်စီးနင်းစဉ် ချင်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အထပ်မြင့်တိုက် ၆ လွှာမှ ပြုတ်ကျသေဆုံးခဲ့သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia