09 August 2021
မန္တလေးမြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သံဃာတော်များဆန္ဒထုတ်ဖော်ခဲ့စဉ်။ (ဓာတ်ပုံ – Myanmar Now)
အမျိုး၊ ဘာသာ၊ သာသနာ ဦးထိပ်ထားသည်ဟူသော စစ်အာဏာရှင်တို့၏ စစ်ကြောရေးစခန်းတွင် ဘုန်းကြီးများသည် ကတ္တရာလမ်းပေါ် ဒူးထောက်၊ လက်မြှောက်သွားခဲ့ရပြီး ဖားခုန်ခုန်ခဲ့ရသည်
By Myanmar Now
နှစ် ၂၀၀ ကျော်သက်တမ်းရှိပြီး မန္တလေးတောင်ခြေရှိ ကမ္ဘာကျော် မန္တလေးနန်းတွင်း၌ ခြောက်ရက်ကြာ သီတင်းသုံးခဲ့ရသည့် အချိန်များကို ပြန်တွေးရင်း အရှင်မဏိသာရက ယခုလို မိန့်လိုက်သည်။
“အဲဒီနေရာက လူ့ငရဲပါပဲ”
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အရှင်မဏိသာရ ရောက်ရှိခဲ့သည့်နေရာမှာ ခရီးသွားများကို အမြဲတစေ အသွားအလာကန့်သတ်ထားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရိယာအတွင်း ဖြစ်သည်။
နန်းအတွင်း ရုံးဖြင့်ကနားဖြင့် အခြေစိုက်သည့် စစ်တပ်အဆောက်အအုံများးအနက် နွားချေးနံ့များ မွှန်ထူနေတတ်သော အတွင်းဘက်အကျဆုံး အဆောင်တစ်ခုသို့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဖွား သက်တော် ၃၀ အရွယ်၊ ခမီ လူမျိုး၊ ရဟန်းတော် အရှင်မဏိသာရ ရောက်ခဲ့ရခြင်းဖြစ်သည်။
လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်မှစ၍ မန္တလေးမြို့၊ မိုးကောင်းတိုက်တွင် ဓမ္မစရိယတန်း၊ စာဝါလိုက် (စာသင်) နေရာမှ ဖေဖော်ဝါရီ ၁ တွင် လက်နက်ဖြင့် အဓမ္မအုပ်ချုပ်သည့် စစ်အာဏာရှင်စနစ်ကို လက်သင့်မခံ၍ ဓမ္မဘက်မှရပ်ရန် ဆုံးဖြတ်ပြီးနောက် သုံးလကျော်အကြာတွင် ထိုသို့ကြုံတွေ့ရခြင်းလည်းဖြစ်သည်။
မန္တလေးမြို့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် အရှင်မဏိသာရမှာ မေ ၂၈တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကို ကြုံရစဉ် ဖမ်းဆီးခံရပြီးနောက် အတင်းအဓမ္မ လူဝတ်လဲခဲ့ရသည်။
နန်းတွင်းစစ်ကြောရေးဟု နာမည်ဆိုးနှင့် ကျော်ကြားသည့် အထက်ပါနေရာသို့ ပို့ခံရကာ “ဆန္ဒပြတဲ့ ခေါင်းဆောင်က ဘယ်သူလဲ”၊ “ဆန္ဒပြတဲ့ ကိုယ်တော်တွေ ဘယ်မှာတွေနေလဲ”၊ “ကိုဗစ်ကာကွယ် ဆေးထိုးဖြစ်လား”၊ “တပ်မတော်ထောက်ခံပွဲတွေကို တစ်ခါမှ ဝင်မပါခဲ့ဘူးလား”၊ “စစ်ကောင်စီကို ဘယ်လိုသဘောထားလဲ” စသဖြင့် စစ်မေးခံရတော့သည်။
စစ်သားများက သူတို့ကို ဖားခုန်ခုန်၍ သွားခိုင်းခြင်း၊ ကတ္တရာလမ်းပေါ် ဒူးထောက်၊ လက်မြှောက်သွားခိုင်းခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်ကြကြောင်း၊ အနည်းငယ်တုံ့ဆိုင်း၊ ရပ်တန့်မိသည်နှင့် ရိုက်နှက်ခံခဲ့ရကြောင်း အရှင်မဏိသာရက မိန့်သည်။
“ဦးဇင်းတို့ မလျှောက်ဘူး(စစ်တပ်ခိုင်းသည့်အတိုင်းမလုပ်ဘူး) ဆိုတာနဲ့ နောက်ကရိုက်တယ်။ ရိုက်လည်း ရိုက်ပါစေတော့၊ ခဏတော့ နားဦးမယ်ဆိုပြီး ဦးဇင်းတို့ နားခဲ့ရတယ်”ဟု ၎င်းက ပြောသည်။
မန္တလေးမြို့၊ မိုးကောင်းတိုက်မှ အရှင်မဏိသာရ။ (ဓာတ်ပုံ-ပေးပို့)
အရှင်မဏိသာရနှင့် တစ်နေ့တည်းတွင်ပင် ဖမ်းခဲ့သည့် မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ အရှင်ရာဇိန္ဒကလည်း ထိုသို့ ကြုံတွေ့ခဲ့ရသည်ဟု မိန့်သည်။
နန်းတွင်းရောက်ပြီး နောက်တစ်ရက် မေ ၂၉ တွင် အရှင်ရာဇိန္ဒက နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ၊ အရှင်မဏိသာရသည် ညနေ ၃ နာရီခွဲ မှ ည ၈ နာရီအထိ စစ်မေးနှိပ်စက်ခံရကြောင်း ကာယကံရှင် သံဃာတော်များထံမှ သိရသည်။
ကံကောင်းသည်မှာ အခြားဖမ်းခံရသည့် လူပုဂ္ဂိုလ်များကဲ့သို့ ကာလရှည်နှိပ်စက်မခံရဘဲ စစ်ကြောမေးမြန်းခံရပြီးနောက် ငါးရက်စောင့်ကြည်ခံခဲ့ရကာ မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်၍ နှစ်ပါးစလုံးကို အိုးဘိုထောင်အတွင်း ပို့ခဲ့ခြင်းဖြစ်သည်။
အချုပ်ခန်းသို့ တစ်ရက်လျှင် ထမင်းသုံးကြိမ် လာပို့လေ့ရှိသော်လည်း ဆွမ်းကိစ္စကို မွန်းမလွဲမီ ဝိနည်းနှင့်အညီ ဖြေရှင်းရမည့် သံဃာတော်တို့မှာ နံနက် ၇ နာရီ ဝန်းကျင် ရောက်လာတတ်သည့် တစ်ကြိမ်သည်သာ သင့်တော်သည့် အခြေအနေတွင်ရှိကြောင်း အထက်ပါ သံဃာနှစ်ပါးက မိန့်သည်။
ကျွတ်ကျွတ်အိတ်ငယ်အတွင်း ထည့်ထားသည့် လက်သီးဆုပ်ပမာဏခန့်ရှိ ထမင်းဖြူ၊ ငါးပိရည်၊ ၁ လီတာဆန့် ပလတ်စတစ်ရေဘူးတို့ ရောက်လာတတ်သည်ဟု ဆိုသည်။
“အဲဒီ အသေးဆုံးသော ကြွပ်ကြွပ်အိတ်ထဲက ထမင်းနဲ့ ဟင်းဆိုရင် တကယ်ဗိုက်ဆာနေတယ်ဆိုရင် လူတိုင်းစားနိုင်ရမှာပဲလေ။ ဦးဇင်းတို့ နှစ်ရက်ဟာ နည်းနည်းလေးစားကြည့်တယ်။ တခါတည်း ပျို့တက်လာတယ်၊ ငါးပိရည်ကလည်း ပျော့တွဲပြီးတော့ ရိရွဲနေတယ်။ ရေကလည်း ဘယ်ကရေတွေ ခပ်ပေးလည်းတော့ မသိဘူး၊ နောက်ကျိနေတာ”ဟု အရှင်ရာဇိန္ဒက မိန့်သည်။
အရှင်မဏိသာရကလည်း စစ်ကြောရေးကာလတွင် အသက်ရှင်ရန် ဆွမ်းအနည်းငယ် စားပြီးသည်နှင့် လက်ကျန်ထမင်းကို အချုပ်ခန်းပြင်ပသို့ ပက်ကျဲ၍ ခိုစာကျွေး ကုသိုလ်ယူခဲ့သည်ဟု မိန့်သည်။
“သူတို့ကျွေးတဲ့ထမင်းကို သူတို့ရိုက်လာရင် ခံနိုင်ရည်ရှိဖို့အတွက် မစားချင်လည်း စားပေးတယ်။ ဘယ်ချိန် လာရိုက်မယ်မှန်း မသိရတော့ အသက်ရှင်ဖို့နဲ့ ခံနိုင်ရည်ရှိအောင် စားရတာ” ဟု အရှင်မဏိသာရက မိန့်သည်။
“အဲဒီမှာ သီးသန့်အိမ်သာ မရှိဘူး။ အိမ်သာမရှိတဲ့အတွက် အခန်းထဲမှာ အဲဒီ(ထမင်းထုတ်)အိတ်နဲ့ အလေး(ဝမ်း)သွားရတယ်။ အလေးသွားပြီးတာနဲ့ အဲဒီအိပ်ကို ချည်ပြီးတော့ အပြင်ကို လွတ်ပစ်ရတယ်”
ဆွမ်းခံရာအိမ်တွင်ပင် ကုဋီ(အိမ်သာ)အသုံးပြုလေ့မရှိသည့် သံဃာတော်များအဖို့ နန်းတွင်းစစ်ကြောရေးစခန်း၌ ဝိနည်းဖြင့်အညီ နေထိုင်ရန် လွန်စွာဒုက္ခများခဲ့ရသည်။
သံဃာသမဂ္ဂသပိတ်စစ်ကြောင်းတွင် အတူတွေ့ရသည့် အရှင်မဏိသာရ(ရှေ့ဆုံးတန်းယာ)နှင့် အရှင်ရာဇိန္ဒ (ရှေ့ဆုံးတန်းအလယ်)။ (ဓာတ်ပုံ-ပေးပို့)
သံဃာတော်နှစ်ပါးမှာ အထက်ပါ ဒုက္ခများအပြင် ဖမ်းဆီးခံရစဉ် ရခဲ့သည့် ဒဏ်ရာများကို မည်သည့် ဆေးကုသခွင့်မျှမရသည့် အခြေအနေနှင့်လည်း နန်းတွင်စစ်ကြောရေး၌ ရင်ဆိုင်ခဲ့ရသည်။
ခြေထောက်တွင် သေနတ်ကျည်ရှပ်ထိ ဒဏ်ရာရသည့် အရှင်မဏိသာရဆိုလျှင် ဆယ်ရက်ခန့်အကြာ ဒဏ်ရာပျောက်သည်အထိ ဒီအတိုင်းထားခဲ့ရသည်ဟု မိန့်သည်။
ဆိုင်ကယ်ပေါ်တက်နေစဉ် ကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် အရှင်ရာဇိန္ဒတွင်လည်း ဘယ်၊ ညာ ဒူး နှစ်ဘက်တွင် ဒဏ်ရာဟောင်း ငါးခုနှင့် နောက်ကျောတွင် ကန့်လန့်ဖြတ်ဒဏ်ရာဟောင်းတစ်ခု ယခုတိုင် ကျန်ရစ်သည်။
“တစ်ယောက်နဲ့ တစ်ယောက် ရန်ရှိတာတောင်မှ အဲဒီလောက်အထိတော့ မနှိပ်စက်ပါဘူး။ ဒါပေမယ့် အခုက ဘယ်သူလာလာ သူတို့(စစ်ကောင်စီ)ကတော့ နှိပ်စက်တယ်”ဟု အရှင်မဏိသာရက မိန့်သည်။
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်မည်ဟု တဖွဖွပြောလေ့ရှိသူ စစ်ခေါင်းဆောင်တို့က ၎င်းတို့ကို ဆန့်ကျင်လျှင် သံဃာပင်မချန် အကြမ်းဖက် ဖမ်းဆီးရိုက်နှက် ညှဉ်းပန်းနေတတ်သည်မှာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ သက်သေအထောက်အထားများစွာရှိနှင့်ပြီးဖြစ်သည်။
၂၀၂၁ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင် စစ်ကြောရေး၌ ကုန်လွန်ခဲ့ရသည့် ခြောက်ရက်တာနှင့်ပတ်သက်၍ အရှင်ရာဇိန္ဒိ အောက်ပါအတိုင်း မိန့်သည်။
“နန်းတွင်း(စစ်ကြောရေး)ကနေ ဦးဇင်းအပြင်(အိုးဘိုထောင်) ထွက်လိုက်တဲ့အချိန်မှာ လူ့ပြည်ဟာ သုဂတိပြည်ဆိုတာ ဦးဇင်း တကယ့်ကို ယုံကြည်သွားတော့တာ”
အရှင်မဏိသာရနှင့် အရှင်ရာဇိန္ဒတို့နှစ်ပါးစလုံးမှာ စစ်ကောင်စီက ဆန္ဒပြမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမှုပိတ်သိမ်း၍ ပထမဆုံးလွှတ်ပေးသည့် ဇွန် ၃၀ တွင် အိုးဘိုထောင်မှ ပြန်လွတ်လာပြီးဖြစ်သည်။
သို့သော် မန္တလေးမြို့၌ အပတ်တကုပ် ကြိုးစားအားထုတ်ခဲ့ကြရသည့် စာသင်၊ စာချ အလုပ်ကိုတော့ ဝါတော် (၁၀)ရှိ အရှင်မဏိသာရနှင့် (၈)ဝါ ရထားသည့် အရှင်ရာဇိန္ဒတို့ စွန့်လိုက်ရသည်။
လက်ရှိတွင် ထိုသံဃာနှစ်ပါးမှာ စစ်အာဏာရှင်၏ မျက်ကွယ်ဖြစ်နိုင်မည်ဟု ယူဆရသည့် အရပ်၌ သာသနာ့ဝန်တာများကို ထမ်းဆောင်ရင်း ဓမ္မဘက်မှရပ်တည်နေဆဲ။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.