အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ပယ်ချ

06 August 2021

အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ပယ်ချ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူးနိုင်း နိုင်ငံခြားရေး၀န်ကြီး ၂ အာရ၀မ် ယူဆွဖ်ကို ခန့်အပ်လိုက်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၁၃ ဖွဲ့က ပယ်ချလိုက်ပါတယ်။

ဒီခန့်အပ်မှုကို အာဏာသိမ်းစစ်တပ်ကသာ အဓိက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့အာဏာဖီဆန်မှု စီဒီအမ်လုပ်ရှားမှုမှာ ပါ၀င်နေကြသူတွေအပါအ၀င် ဒီမိုကရေစီအရေးလိုလားတဲ့သူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာ မရှိဘူးလို့ ထောက်ပြပါတယ်။

ဒီအချက်ဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆန့်ကျင်ရာ ရောက်ပြီး ကြီးလေးတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ထပ်မံ အားပေးအားမြောက်ပြုရာ ကျတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂကနေ ချက်ချင်း ကြား၀င်ဆောင်ရွက်ပေးဖို့ မြန်မာအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တာပါ။

အာဆီယံအဖွဲ့အနေနဲ့ ပြည်တွင်း ပဋိပက္ခကို ဖြေရှင်းဖို့အတွက် အထူးသဖြင့် NUG အစိုးရ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ လက်တွဲ အလုပ်လုပ်ဖို့လိုသလို ကုလသမဂ္ဂအဖွဲ့နဲ့လည်း ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကိုလည်း NUG အစိုးရ ကျန်းမာရေး၀န်ကြီးဌာနနဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၊ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားဒေသ အစိုးရတွေနဲ့ အာဏာဖီဆန်ရေးလုပ်နေကြတဲ့ သင့်တော်တဲ့ တပ်ဖွဲ့ တွေကို တိုက်ရိုက်လှူဒါန်းရမယ်လို့လည်း ပြောပါတယ်။

အဲဒီအကူအညီတွေကို အာဏာသိမ်းစစ်တပ်ကနေ တဆင့် ဒါမှမဟုတ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်တွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စင်တာ AHA စင်တာကနေတဆင့် မလှူဒါန်းကြဖို့ကိုလည်း အကြံပြုထားပါတယ်။


Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia