03 August 2021
ယမန်နေ့ညက စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် စစ်သားနှင့် ရဲများ ဝင်ရောက်လာစဉ်။ (ဓာတ်ပုံ-ပေးပို့)
စစ်ကောင်စီဆန့်ကျင်ရေးအားကောင်းသည့် စမ်းချောင်းတွင် သံပုံးတီးသည်ဟု စွပ်စွဲခံရသူ ၁၅ ဦး အဖမ်းခံရသည်ဟု သိရသည်
By Myanmar Now
ရန်ကုန်၊ စမ်းချောင်းမြို့နယ် လမ်းတချို့တွင် ယမန်နေ့ (ဩဂုတ် ၂) ညက သံပုံးတီးနေကြစဉ် စစ်ကောင်စီတပ်က တစ်လမ်းဝင်တစ်လမ်းထွက် ဝင်ရောက်ဖမ်းဆီးခဲ့ရာ အနည်းဆုံး ၁၅ ဦး အဖမ်းခံရကြောင်း ၎င်းမြို့နယ်တွင် နေထိုင်သူများက ပြောသည်။
အမျိုးသမီး ၃ ဦးကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများကို ဆက်လက်ဖမ်းဆီးထားသည်ဟု ဆိုသည်။
သံတံတားလမ်းအတွင်း စစ်သားနှင့် ရဲအင်အား ၁၀၀ ခန့်က စစ်ကားနှစ်စီး၊ အိမ်စီးကားသုံးစီးဖြင့် ရောက်လာကြောင်း မျက်မြင်တွေ့သူကို ကိုးကား၍ အဆိုပါလမ်းအနီးတွင် နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။
“သံပုံးတီးတဲ့အိမ်တွေပဲ ဝင်ဖမ်းတာ။ ပထမ (ဖမ်းမိတဲ့) ကောင်လေးနှစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ရိုက်နှက်ပြီး သံပုံးတီးခိုင်းတယ်။ ပြီးတော့ တိုက်တွေတိုင်းကို ခေါင်းလောင်းကြိုးဆွဲပြီး တံခါးဖွင့်ခိုင်းတယ်။ ဖွင့်မပေးတဲ့အိမ်ဆို ရာဘာကျည်နဲ့ပစ်ပြီး ဖွင့်ခိုင်းတာ” ဟု ထိုလူငယ်က ပြောသည်။
“အသက်အပိုပါရင် ထွက်ကြည့်” ဟု စစ်သားများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ည ၉ နာရီခန့်တွင် သံတံတားလမ်းမှ ပြန်ထွက်သွားကြောင်း ကပ်လျက်လမ်းတွင် နေထိုင်သည့် ထိုလူငယ်က ၎င်းကြားရပုံကို ပြောပြသည်။
သံတံတားလမ်းနေ လူငယ်တစ်ဦးကလည်း သံပုံးတီးနေသံ ကြားရသည်ဟု ဆိုသည်။
“(အပြင်) ထွက်ကြည့်လို့မရပေမယ့် အနည်းဆုံးလူနှစ်ယောက် သံပုံးအဆက်မပြတ်တီးနေသံ ကြားရတယ်။ အနည်းဆုံး နာရီဝက်လောက်ကြာတယ်” ဟု ထိုအမျိုးသားတစ်ဦးက ပြောသည်။
သံတံတားလမ်းတွင် ည ၈ နာရီတိုင်း နေ့တိုင်းလိုလို သံပုံးတီးလေ့ရှိပြီး သံပုံးတီးနေချိန် ချက်ချင်းဝင်ရောက်ဖမ်းဆီးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
စစ်ကောင်စီတပ်သားများက ဇလွန်လမ်း၊ အင်္ဂပူလမ်း၊ မကြီးကြီးလမ်း၊ ဦးရွှေမှန်လမ်းနှင့် မင်းလမ်းတို့တွင်ပါ တစ်လမ်းဝင်တစ်လမ်းထွက် ည တစ်နာရီခန့်အထိ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
အင်္ဂပူလမ်းတွင်မူ ည ၁၁ နာရီခွဲအချိန် စစ်တပ်နှင့်ရဲ ရောက်လာပြီး နေအိမ်တစ်လုံးကို တံခါးရိုက်ဖွင့်ကာ အရပ်သားတစ်ဦးကို ဖမ်းဆီးသွားကြောင်း အဆိုပါလမ်းတွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
“အဓိက သံပုံးတီးတယ်လို့ပဲ ထင်တာပဲ။ သူတို့ (စစ်တပ်) ကတော့ အဲဒီလိုပဲ အကြောင်းပြသွားတာပဲ။ ဒါပေမယ့် ရေရေရာရာတော့ မရှိဘူး။ ဧည့်စာရင်းမတိုင်တာကိုလည်း ပြောသွားတယ်။ အပြင်လည်း ထွက်လို့မရဘူး။ သူတို့က (တိုက်)အပေါ်ကို လိုက်ကြည့်နေတော့ တက်ဖမ်းမှာစိုးလို့ အကုန်လုံး မထွက်ရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။
သံပုံးတီးသည့်နည်းဖြင့် စစ်ကောင်စီကို အံတုကြသည့် သံတံတားလမ်းတွင် ဇွန် ၁၇ က စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မိုး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရသွားခဲ့သည်။
သံပုံးတီးသူဟု ယူဆရသူတို့ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မရနိုင်သေးသလို Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီသည် ယခင်ကလည်း သံပုံးတီးသူတချို့ကို ဖမ်းဆီးပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၇ ရက်စီ ချမှတ်ခဲ့ဖူးသည်။ လူနေထူထပ်သည့် ရန်ကုန်တွင် ရပ်ကွက်တိုင်းလိုလို သံပုံးတီးသည့်နည်းဖြင့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်အံတုကြသော်လည်း စစ်သား၊ ရဲတို့၏ ပစ်ခတ်တုံ့ပြန်မှုများ ဆက်တိုက်ကြုံလာရသဖြင့် ထိုလှုပ်ရှားမှု အားနည်းသွားသည်။
ပြည်သူလူထုကို ရန်ပြုနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့နယ်အများအပြားတွင် လက်နက်ကိုင်လှုပ်ရှားလျက်ရှိသည်။
ယနေ့ (ဩဂုတ် ၃) မွန်းလွဲပိုင်းတွင်လည်း လှိုင်မြို့နယ် ၇ ရပ်ကွက်သို့ စစ်သားများ၊ အရပ်ဝတ်လက်နက်ကိုင်များက အငှားယာဉ်သုံးစီးနှင့် ဆိုင်ကယ်များဖြင့် ရောက်လာကြောင်း၊ နေအိမ်အများအပြားကို ၀င်ရောက်ရှာဖွေခဲ့သော်လည်း ဖမ်းဆီးခံရသူမရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.