26 July 2021
ချင်းပြည်နယ်ရှိ မကွီးအိမ်နူးမြို့ရဲစခန်းကို ဇူလိုင် ၂၄ ရက်တွင် မင်းတပ် CDF က သိမ်းပိုက်ရရှိခဲ့သည်။ (ဓာတ်ပုံ − ပေးပို့)
အင်အား ၂၀ ကျော်ရှိ မကွီးအိမ်နူးမြို့ရဲစခန်းကို မင်းတပ် CDF က သေနတ်တစ်ချက်မှ မဖောက်ရဘဲ သိမ်းပိုက်ရရှိခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သားနှစ်ဦး၊ ရဲသုံးဦး လက်နက်ချကာ CDM ပြုလုပ်ခဲ့သည်
By Myanmar Now
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းရှိ မြို့ငယ်လေးတစ်ခုဖြစ်သော မကွီးအိမ်နူးရှိ ရဲစခန်းကို မင်းတပ် (CDF – ချင်းဒေသကာကွယ်ရေးအဖွဲ့) က ဇူလိုင် ၂၄ ရက်တွင် သွားရောက်တိုက်ခဲ့ရာတွင် သေနတ်တစ်ချက်မဖောက်ရဘဲ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲနှင့် စစ်သား ၆ ဦး လက်နက်ချခဲ့သည်။
“တိုက်မလား။ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဝင်မလားဆိုတော့ သူတို့ကလည်း နဂိုတည်းက CDM ဘက် အားသာနေတဲ့အုပ်စုတွေဆိုတော့ အဆင်ပြေသွားတယ်။ လုံးဝ သေနတ်မဖောက်ရဘဲနဲ့ အဆင်ပြေသွားတယ်။ ရဲရော၊ စစ်သားရော ပါတယ်” ဟု မင်းတပ် CDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အဆိုပါ ရဲစခန်းကို သိမ်းပိုက်စဉ် လက်နက်ချကာ CDF နှင့် ပူးပေါင်းခဲ့သူများမှာ စခန်းတာဝန်ခံဖြစ်သူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်၊ စစ်သားနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးဖြစ်ကြောင်း သိရသည်။
မကွီးအိမ်နူးမြို့သည် ဆိပ်ဖြူ – ဆော – ကန်ပက်လက် – ပလက်ဝလမ်းပေါ်တွင် ရှိပြီး မင်းတပ် CDF က သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီရဲစခန်းတွင် အင်အား ၂၀ ကျော်ရှိသည့်အနက် အချို့သူများမှာ မူလကပင် CDM ဝင်ထားသူများဖြစ်ကြောင်းလည်း CDF အဖွဲ့ဝင်များထံမှ သိရသည်။
စစ်ကောင်စီစခန်းကို သိမ်းပိုက်စဉ် သေနတ် ၂၂ လက် ရရှိခဲ့သည်ဟု CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပြီး Myanmar Now က ရရှိထားသည့် ဓာတ်ပုံတွင် ကျည်ဆန်များ၊ ကျည်ကတ်များနှင့်အတူ ချေမှုန်းရေးရိုင်ဖယ်နှင့် ပစ္စတို ပါဝင်သည်ကို တွေ့ရသည်။
မကွီးအိမ်နူးမြို့ရဲစခန်းကို သိမ်းပိုက်စဉ် ဗိုလ်ကြီးတစ်ဦးနှင့် စစ်သားနှစ်ဦး၊ ရဲအရာရှိတစ်ဦးနှင့် ရဲတပ်သားသုံးဦး စုစုပေါင်း ၇ ဦး လက်နက်ချခဲ့သည်ဟု ချင်းဒေသအခြေစိုက် ခိုနူးမ်သုန်သတင်းဌာနက ရေးသားဖော်ပြသော်လည်း လက်နက်ချကာ CDF နှင့် ပူးပေါင်းလာသူ ခြောက်ဦးကိုသာ Myanmar Now က အတည်ပြုထားနိုင်သည်။
“မြန်မာပြည်သူတိုင်း တိုက်ရမဲ့ တိုက်ပွဲဖြစ်တဲ့အတွက် ဒါဟာ ပြည်သူ့အရေးဖြစ်တော့ ပြည်သူ့စစ်တပ် ပြည်သူ့ရဲမှန်ရင်တော့ အမြန်ဆုံး ပြည်သူနဲ့ ပူးပေါင်းဖို့ ပြောချင်ပါတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အခြား စစ်ကောင်စီတပ်စခန်းများအနေဖြင့် CDM ပြုလုပ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းရန် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို စွန့်ခွာကာ CDM ဝင်ခဲ့သူ တပ်မ ၇၇ မှ ဗိုလ်ကြီးထွန်းမြတ်အောင်က တိုက်တွန်းသည်။
“တော်လှန်ရေးမှာ မင်းတပ်က ရှေ့ဆောင်နေတာ။ ခုလို လက်နက်နဲ့ CDM ကိုလည်း မင်းတပ်တပ်ရင်းကနေ ရှေ့ဆောင်လမ်းပြလုပ်ပေးနေသလိုပ။ တခြားတပ်စခန်းတွေကလည်း ခုလို အဖွဲ့လိုက် CDM လုပ်ပြီး ပူးပေါင်းအားဖြည့်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။
မကွီးအိမ်နူးမြို့ရဲစခန်းကို ချင်း CDF က သိမ်းပိုက်စဉ် ရရှိခဲ့သည့် သေနတ်များ။ (ဓာတ်ပုံ − ပေးပို့)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ မကွီးအိမ်နူးမြို့ရဲစခန်းကို ချင်း CDF က သိမ်းပိုက်ခဲ့မှုအပေါ် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသည့်အပြင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် မင်းတပ် CDF အကြား ယာယီအပစ်ရပ်သဘောတူစာချုပ် ပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၁ မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။ ဇူလိုင် ၂၁ မှ ၂၅ အထိ တိုက်ပွဲများအတွင်း CDF အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
“NUG (အမျိုးသားညီညွတ်ရေးအစိုးရ)ဘက်က တိုက်ပွဲခေါ်သံစောင့်နေရင်းနဲ့ ကျွန်တော်တို့ တိုက်နေတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး တစ်ပြည်လုံးက ပြည်သူလူထုဘက်က နှစ်ပေါင်း ၇၀ ကျော် အကြမ်းဖက်အာဏာရှင်တွေရဲ့ လက်အောက်ကနေ လွတ်မြောက်ဖို့ တိုက်နေတာဖြစ်တယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ဧပြီ ၂၄ မှ ဇွန် ၈ အထိ ၄၅ ရက်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကား ၆ စီးပျက်စီးကာ ၂၀၀ ကျော် သေဆုံးခဲ့ပြီး မင်းတပ် CDF ဘက်မှ ၂၄ ဦး သေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဇူလိုင် ၁၉ တွင် ထုတ်ပြန်ထားသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.