စစ်အာဏာရှင်တိုင်း၏ အငြိုးထားခံရသည့် ကိုတင်ထွဋ်ပိုင်တို့သားအမိ

စစ်အာဏာရှင်တိုင်း၏ အငြိုးထားခံရသည့် ကိုတင်ထွဋ်ပိုင်တို့သားအမိ

ဒေါ်ငယ်နှင့် ကိုတင်ထွဋ်ပိုင်။ (ဓာတ်ပုံ – ပေးပို့)

ထောင်သုံးနှစ်ချခံရသည့် ၆၄ နှစ်အရွယ် ဒေါ်ငယ်၊ လက်နက်နှင့်အတူ ဖမ်းမိကြောင်း သတင်းထုတ်ခံရသည့် သားဖြစ်သူ ကိုတင်ထွဋ်ပိုင်တို့မှာ မတရားမှုကို ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြသူများဖြစ်သည်

By Myanmar Now

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ နေအိမ်တစ်ခုတွင် ဇူလိုင် ၁၈ က ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်ကို လေးရက်(ဇူလိုင်၂၂)ကြာသည်အထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်း မသိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ကိုတင်ထွဋ်ပိုင်နှင့် အခြားလူငယ်တစ်ဦးကို ဖောက်ခွဲရေးပစ္စည်းများ၊ လက်နက်များနှင့်တကွ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်စဉ် အသုံးပြုထားသည့် ဓာတ်ပုံ၌ နှိပ်စက်ခံထားရကြောင်း ပေါ်လွင်နေသဖြင့် မိသားစုက ပိုမိုပူပန်နေကြခြင်းဖြစ်သည်။

“အခုအချိန်မှာက ကိုယ်တိုင်မလုံခြုံတာထက် ဖမ်းခံထားရတဲ့ ညီလေးကို ပိုပြီးတော့ စိတ်ပူနေရတာပေါ့။ ဘယ်ခေါ်သွားမှန်းမသိတော့ ဘယ်နေ့များ အလောင်းလာကောက်ဖို့ လာပြောမလဲ ရင်တမမနဲ့ စောင့်နေရတယ်” ဟု ကိုတင်ထွဋ်ပိုင်၏ အစ်ကို ကိုခေတ်မင်းက Myanmar Now ကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇွန် ၁၁ ထုတ်ပြန်ချက်အရဆိုလျှင် ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးစခန်းများတွင် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၂၂ ဦး အထိရှိနေပြီး ယင်းတို့အနက် ၃ ဦးမှာ မိသားစုထံ အလောင်းပင် ပြန်မရောက်ခဲ့ကြောင်း သိရသည်။

ကိုတင်ထွဋ်ပိုင်ဖမ်းဆီးခံရပြီး နောက်တစ်ရက်အကြာ(ဇူလိုင် ၁၉) တွင် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိုဝှက်ထားသည်ဟူသည့် အကြောင်းပြချက်ဖြင့် မိသားစုနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာရှိ နေအိမ်ကို လာရောက်ရှာဖွေပြန်သည်ဟု ကိုခေတ်မင်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်များမတိုင်မီ မေ ၂ ရက်ကတည်းက နေအိမ်ကို စစ်ကောင်စီက အင်အား ၆၀ ခန့် သုံး၍ ပထမအကြိမ်လာရှာခဲ့ဖူးပြီး ထိုစဉ်က အိမ်တွင်မရှိ၍ ကိုခေတ်မင်းမှာ ကံကောင်းသည့်စာရင်းဝင်ခဲ့သည်။ အကြောင်းမှာ ယခုအချိန်အထိ ၎င်းကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေရ၍ဖြစ်သည်။

ထိုသို့ ၎င်းတို့ ညီအစ်ကိုနှစ်ဦး နေအိမ်၌ မရှိချိန်တွင် အသက် ၈၀ အရွယ် အဘွားနှင့် နှစ်ဦးတည်းအတူရှိသည့်​ ၆၄ နှစ်အရွယ် မိခင် ဒေါ်ငယ်မှာမူ ကံဆိုးမိုးမှောင်ကျခဲ့သည်။

စစ်ကောင်စီက ဒေါ်ငယ်ကို ရိုက်နှက်၍ ဖမ်းခေါ်သွားကာ မေလအတွင်း၌ပင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်သည်ဟု ကိုခေတ်မင်းက ပြောသည်။

“ခုကတော့ နှစ်ယောက်လုံးအတွက်ကို စိတ်ပူပန်နေရတာပေါ့။ အမေက ထောင်ကျသွားပြီဆိုပေမဲ့ ထောင်ထဲမှာလည်း ကိုဗစ်ဖြစ်နေတဲ့ လူနာတွေများလာပြီဆိုပြီး ကြားရလို့ စိတ်ပူနေရတယ်” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးမျိုးဆက်

စစ်ကောင်စီက ထောင်သုံးနှစ်ချလိုက်သူ ဒေါ်ငယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်သည်။ ၁၉၈၈ မှ ၂၀၁၀ အထိ စစ်အာဏာရှင်တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်၌ နေအိမ်အကျယ်ချုပ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အင်္ဂါနေ့ဝတ်ပြုဆုတောင်းပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်သည်။

ထို့အပြင် ၂၀၀၆ ခုနှစ်အတွင်း လောင်စာဆီစျေးနှုန်းတိုးမြှင့်မှုကြောင့် ပေါ်ပေါက်လာသည့် ကုန်စျေးနှုန်းကျဆင်းရေး နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ဒေါ်ငယ်ကို ထိုစဉ်က အာဏာသိမ်းထားသည့် စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ် လေးနှစ်ပြစ်ဒဏ်ချပြီး သာယာဝတီအကျဉ်းထောင်သို့ ပို့ခဲ့ဖူးသည်။

ဒေါ်ငယ်ကို ပထမအကြိမ်ထောင်ကျစေခဲ့သည့် ၂၀၀၆ ကုန်စျေးနုန်းကျဆင်းရေးလှုပ်ရှားမှု၏ နောက်ဆက်တွဲ နိုင်ငံရေးလှုပ်ရှားမှုဖြစ်သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် မိခင်၏ မပြီးဆုံးသေးသည့် တာဝန်ကို လက်ဆင့်ကမ်းယူခဲ့သူမှာ ကိုတင်ထွဋ်ပိုင်ဖြစ်ခဲ့သည်။

နောက်တစ်နှစ်ခန့်အကြာတွင် ကိုတင်ထွဋ်ပိုင်ကို စစ်တပ်က ဖမ်းမိသွားပြီး ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့သည်။ အင်းစိန်ထောင်၊ သရက်အကျဉ်းထောင်တို့တွင် ချုပ်နှောင်ခံရသည့် ကိုတင်ထွဋ်ပိုင်မှာ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယင်းနောက်တွင်လည်း ၎င်း၏ နိုင်ငံရေးယုံကြည်ချက်ကို ဆက်လက်စွဲကိုင်သူ ကိုတင်ထွဋ်ပိုင်သည် တရုတ်နှင့် ပေါင်းကာ စစ်တပ်က လက်ဝါးကြီးအုပ်ထားသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်လှုပ်ရှားမှုများတွင်လည်း ဆက်လက်ပါဝင်ခဲ့ပြန်သည်။

၂၀၁၄ က ရန်ကုန်တွင် ပြုလုပ်သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲတစ်ခုတွင် တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့သည့် ကိုတင်ထွဋ်ပိုင်မှာ ထပ်မံဖမ်းဆီးခံရပြီး တည်ငြိမ်ရေးပျက်ပြားစေသည့် ပုဒ်မ ၅၀၅ (ခ) အပြင် အခြား ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ငါးနှစ်နီးပါး ချခံရပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ အာဏာရချိန် ၂၀၁၆ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်သည်။

ထို့နောက် ပြည်တွင်းစစ်ရပ်တန့်ရေး၊ စစ်ဘေးရှောင်များကို အကန့်အသတ်မရှိ ကူညီခွင့်ပြုရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများ၌ ဆက်လက်ပါဝင်နေခဲ့သည့် ကိုတင်ထွဋ်ပိုင်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီက ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုအပြီး များမကြာမီကတည်းက အလိုရှိနေခဲ့ခြင်းဖြစ်သည်။

လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ခံရသည့် ကိုတင်ထွဋ်ပိုင်(ဂျင်းဘောင်းဘီအပြာနှင့်)

သို့သော် ယခုကဲ့သို့ လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ကိုတင်ထွဋ်ပိုင်ကို ဖမ်းမိကြောင်း စစ်ကောင်စီ၏ စွပ်စွဲမှုမှာ လုပ်ကြံခြင်းသာဖြစ်ပြီး အခြေအမြစ်မရှိသလို နေအိမ်၌ပင်ရှိနေသည့် မိခင် ဒေါ်ငယ်ကို ထောင်ဒဏ်အပြစ်ပေးခဲ့ခြင်းမှာ ၎င်းတို့မိသားစုအပေါ် စစ်တပ်က ကြိုတင်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ကိုခေတ်မင်းက သုံးသပ်သည်။

“သူတို့ဘက်က အကြောက်တရားကြီးနေလို့ မဟုတ်မဟတ် ပုဒ်မတပ်ချင်လို့ ဒီလိုလူကြားထဲ ချပြတာပါ။ ….။  ကျွန်တော်တို့ မိသားစုတစ်ခုလုံးကို ဘဝပျက်အောင် ကြံရွယ်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောလိုက်သည်။


Original Post: Myanmar Now

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia