16 July 2021
ရေဝေးသုဿန်၌ ဇူလိုင် ၁၄ ရက် ညပိုင်းအထိ မီးသင်္ဂြိုဟ်ရန် တန်းစီနေရသည့် ရုပ်အလောင်းများ။ (ဓာတ်ပုံ – CJ)
မပြန်လမ်းသို့မြန်းတော့မည့် မိသားစုဝင်၏ ရုပ်ခန္ဓာကို မီးသင်္ဂြိုဟ်စက်အတွင်း မထည့်မီ တတ်နိုင်သမျှ အချိန်ဆွဲ ပူဆွေးတတ်ကြသည့် ပုံမှန်မြင်ကွင်းမျိုး ရန်ကုန်မြို့ ရေဝေးသုဿန်၌ ပျောက်ဆုံးနေသည်။
By Myanmar Now
ရုပ်အလောင်းအနီးတွင် ဆွေမျိုးမိတ်သင်္ဂဟအပေါင်းခြံရံ၍ ယခင်ကကဲ့သို့ နှမြောတသလွမ်းဆွတ်နိုင်ခြင်း မရှိရုံမက နာရေးလိုက်ပါပို့ဆောင်သည့် မိသားစုဝင် တစ်ဦးစ၊ နှစ်ဦးစသည်ပင်လျှင် မီးသင်္ဂြိုဟ်စက်ရှေ့၌ ခြေချရန်ခက်နေသည်။
“ဒီအတိုင်းဆိုရင်တော့ မလွယ်ဘူးဗျာ။ တကယ်ကို မလွယ်တာပါ”ဟု မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် ဘိုစိန်လူမှုကယ်ဆယ်ရေးအသင်းထူထောင်သူ ဦးဘိုစိန်က ပြောလိုက်သည်။
ကိုဗစ်တတိယလှိုင်းကြုံနေချိန် လူနေထူထပ်သည့် ရန်ကုန်မြို့ ရေဝေးသုဿန်၏ ဇူလိုင် ၁၄၊ ညနေ ငါးနာရီမြင်ကွင်းကို ဦးဘိုစိန်က သူ၏ Facebook တွင် ရုပ်သံတစ်ခု ရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ကြည့်ရှုသူ ကိုးသိန်းကျော်ရှိသော၊ နှစ်မိနစ်ခန့်ကြာသော ရုပ်သံတွင် မီးသင်္ဂြိုဟ်စက် တံခါးဝရှေ့နှင့် ဘေး ဘယ်၊ ညာ၌ ရုပ်အလောင်း ၅၀ကျော် တန်းစီနေသည်ကို မြင်တွေ့ရသည်။
ယင်းတို့အနက် အခေါင်းဝယ်မရ၊ လက်တွန်းလှည်းရှာမရ၍ စောင်ဖြင့်၊ ဖျာဖြင့် ပတ်၍ ကြမ်းပြင်ပေါ်ချထားရသည့် ရုပ်အလောင်းများက ထက်ဝက်ခန့်ဖြစ်သည်။
ဦးဘိုစိန်မှာလည်း အဆိုပါရုပ်သံဖိုင်ကို မထုတ်လွှင့်မီ နှစ်ရက်(ဇူလိုင် ၁၂)ကမှ ကိုဗစ်လက္ခဏာဖြစ်သည့် အောက်ဆီဂျင်ထိုးကျသည့် ဝေဒနာရခဲ့သည့် ဖခင်နှင့် အဒေါ်ကို အချိန်အနည်းငယ်သာခြားကာ လက်လွှတ်လိုက်ရသူဖြစ်သည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် မစိမ်းသူ ပရဟိတသမားကြီးကပင် ၎င်း၏ ဖခင်နှင့် အဒေါ်ကို ကုသရန်လက်ခံပေးမည့် ဆေးရုံ၊ ဆေးခန်း ရှာမရ၊ အောက်ဆီဂျင်ဝယ်မရအဖြစ်မျိုး ကြုံခဲ့ရကြောင်း ငြီးတွားသည်။
သို့သော် မိသားစုဝင်နှစ်ဦးအတွက် ရက်လည်အလှူဒါနပင်မလုပ်ရသေးသည့် ပရဟိတသမား ဦးဘိုစိန်အတွက် ရန်ကုန်မြို့အခြေအနေများက နားနေ၍ ပူဆွေးရန် အချိန်မပေးခဲ့ပါ။
“ကိုယ့်မိဘက ဆုံးသွားပေမယ့် နောက်လူတွေကျလည်း ကောင်းကောင်းမွန်မွန်ဖြစ်ပါစေတော့ဆိုပြီး (ပရဟိတကိစ္စတွေကို ချက်ချင်းပြန်)လုပ်တာ”ဟု ၎င်းက Myanmar Now ကို ပြောသည်။
ရန်ကုန်မြို့ ရေဝေးသုဿန် ဇူလိုင် ၁၄ရက် မြင်ကွင်း။ (ဓာတ်ပုံ-Myanmar Now)
ကူရာမဲ့ နမူနာ
ဦးဘိုစိန်မှာ ရန်ကုန်မြို့၌ တစ်ဦးတည်းသော ကံဆိုးသူတော့မဟုတ်ပါ။ ကိုဗစ်နိုင်တင်းတတိယလှိုင်း အပြင်းအထန်စတင်ကြုံတွေ့ရချိန် ဇူလိုင်လ၏ ပထမရက်သတ္တပတ်နှစ်ပတ်အတွင်း ရန်ကုန်မြို့အခြေအနေ မည်မျှဆိုးရွားနေသည်ကို သက်သေပြနိုင်သည့်ဖြစ်စဉ်များစွာရှိသည်။
ယင်းတို့အနက် အတူနေမိခင်နှင့် အခြားမိသားစုဝင်နှစ်ဦးကို တစ်ပတ်အတွင်း ဆုံးရှုံးလိုက်ရသည့် ရန်ကင်းမြို့နယ်နေ အမျိုးသမီးငယ်မှာလည်း အပါအဝင်ဖြစ်သည်။
အမောဖောက်လာသည့် အဖွားကို ရန်ကုန်ဆေးရုံကြီးသို့ ညတွင်းချင်းပို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ဆေးရုံတင်ခွင့်ရသော်လည်း ကိုဗစ်ကူးစက်ခံရကြောင်း အဖြေထွက်သည့် နောက်တနေ့ (ဇူလိုင် ၅) နံနက်ပိုင်း၌ပင် လက်လွှတ်လိုက်ရသည်။
နောက်သုံးရက်အကြာ(ဇူလိုင်၈)၌ အဖွားကို ဆေးရုံသို့ လိုက်ပို့ပေးခဲ့သည့် ဦးလေးဖြစ်သူတွင် ကိုဗစ်သံသယလက္ခဏာပြလာခဲ့သော်လည်း မည်သည့်စမ်းသပ်ကုသမှုမျှမရမီပင် ကွယ်လွန်သွားပြန်သည်။
ကိုဗစ်အတည်ပြုလူနာအဖြစ် ကွယ်လွန်သွားသည့် အဖွားကို ဆေးရုံစောင့်ခဲ့သူ ရန်ကင်းမြို့နယ်နေ အထက်ပါ အမျိုးသမီးငယ်၏ ဖြည်မဆည်နိုင်စရာအဖြစ်ဆိုးများက ထိုမျှနှင့်မရပ်ခဲ့ပါ။
လူနာကို အနီးကပ်ပြုစုခဲ့သဖြင့် ဆေးစစ်ပေးရန် တောင်းဆိုမှုကို ရန်ကုန်ဆေးရုံကြီးက ငြင်းပယ်ပြီး နေအိမ်သို့သာ ပြန်လွှတ်ခြင်းသည် သူ့အတွက် အဆိုးရွားဆုံး ကံဆိုးမိုးမှောင်ကျမှုကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။
အိမ်ပြန်ရောက်ချိန်(ဇူလိုင်၅)တွင် တစ်ဦးတည်းခွဲခြားနေထိုင်ပါသော်လည်း နောက်နှစ်ရက်တွင် အတူနေမိခင်မှာ မကျန်းမမာဖြစ်လာသည်။
“ညီမအမေကို ဆေးရုံပို့ချင်တာ။ ဘာလို့လဲဆိုတော့ ဆေးရုံမှာကျတော့ အောက်စီဂျင်လောက်တယ်လေ။ ဒါပေမယ့် ဆေးရုံသွားတဲ့ လမ်းမှာ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်တယ်။ ဆေးရုံတွေကလည်း လက်မခံဘူး” ဟု အထက်ပါအမျိုးသမီးငယ်က Myanmar Now ကို ပြန်ပြောပြသည်။
မိခင်ကွယ်လွန်သည့်နေ့(ဇူလိုင် ၁၀) နောက်ဆုံးအချိန်အထိ အသက်ကယ်နိုင်ရန် မျှော်လင့်ချက်ဖြစ်သည့် အောက်ဆီဂျင်ရရှိရေး နံနက် ၄နာရီထကာ တောင်ဒဂုံစက်မှုဇုန်၌ သွားရောက်တန်းစီခဲ့သော်လည်း ညနေ ၅နာရီအထိ မရခဲ့သလို ၎င်း၏ ကြိုးပမ်းမှုမှာလည်း အချည်းနှီးဖြစ်ခဲ့ရသည်။
“ညီမက… ညီမအမေနဲ့ ညီမ နှစ်ယောက်တည်းရှိတာ။ အခုက အမေမရှိတော့ဘူး။ ဘယ်သူမှမရှိတော့ဘူး” ဟု အမျိုးသမီးငယ်ကပြောရင်း ငိုချလိုက်သည်။
ရန်ကုန်မြို့တွင် ဇူလိုင် ၁၁ ရက်က အောက်ဆီဂျင်ဖြည့်သွင်းရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA/EFE)
စစ်ကောင်စီ၏ စွမ်းဆောင်ရည်
ထိုသို့ ဇူလိုင်လဆန်းမှစ၍ ရန်ကုန်မြို့ကြီး ငရဲပွက်တမျှဖြစ်နေချိန် နှစ်ပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်သောစာရင်းများ၌ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကြောင့် သေဆုံးသူမှာ ၁၀၀ ဝန်းကျင်သာရှိသည်။
စစ်ကောင်စီ၏ ဇူလိုင် ၁၃ရက်ထုတ် ဝါဒဖြန့်သတင်းစာများတွင် အောက်ဆီဂျင် လုံလောက်စွာရှိကြောင်း၊ ပြတ်လပ်နေသည်ဟုဆိုခြင်းမှာ ကောလာဟလ၊ နိုင်ငံရေးအမြတ်ထုတ်မှုပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်ဆိုသည်ကိုလည်း ဖော်ပြထားသေးသည်။
ထို့အပြင် အာဏာသိမ်းပြီးချိန် ကိုဗစ်တတိယလှိုင်းနှင့် ရင်ဆိုင်တိုးချိန်တွင် ပြည်သူတို့ကို အရပ်ဘက် ဒေသန္တရကျန်းမာရေးဌာနများထံသွားရန် စစ်ခေါင်းဆောင်က လမ်းညွှန်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အရပ်သားအစိုးရလက်ထက် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကြုံခဲ့ရစဉ်က တပ်မတော် ဆေးဘက်ဆိုင်ရာ စွမ်းအားအရင်းအမြစ်များကို ယူငင်မသုံးစွဲသဖြင့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် မကြာခဏ ငြိုငြင်ပြခဲ့သူဖြစ်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆရာဝန်များနှင့် ပရဟိတသမားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ ဝရမ်းထုတ်ခဲ့သည့် စစ်ကောင်စီ၏ ကိုဗစ်တတိယလှိုင်း ရင်ဆိုင်မည့်အစီအမံတွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီရန်၊ ဆရာဝန်များကို စာချုပ်စနစ်ဖြင့်ခန့်ရန်တို့လည်းပါဝင်သည်။
စစ်ကောင်စီ၏ ကိုဗစ်ဆိုင်ရာအစီအမံများမှာ အဆီအငေါ်တည့်ရန်မရှိဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်၍ ဖမ်းဝရမ်းထုတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဆရာဝန်အချို့က သုံးသပ်သည်။
“ရာဇပုလ္လင်ပေါ် မတန်မရာတက်ထိုင်တဲ့၊ ကိုယ့်တစ်ဘို့ထဲကြည့်တတ်တဲ့လူရဲ့ အမျှော်အမြင်နဲ့တော့ လမ်းမမြင်ဘူး။ ပြည်သူတွေ ဒုက္ခတရားလျော့နည်းသက်သာဖို့ အရင်လို ကိုယ်ထိလက်ရောက်လုပ်ပေးနိုင်တဲ့ အခြေအနေလည်းမရှိတော့ ဝမ်းနည်းနေရပါတယ်”ဟု ဆေးရုံအုပ်အဆင့် CDM ဆရာဝန်ကြီးတစ်ဦးက ပြောသည်။
ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသားများက ဖေဖော်ဝါရီ ၂၂ တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည်ဆန္ဒပြခဲ့စဉ် (ဓာတ်ပုံ – Myanmar Now)
ရန်ကုန်တွင် ထိုသို့အဖြစ်ဆိုးကြုံနေရသည်ကို ဦးဘိုစိန်ကဲ့သို့သော ပရဟိတသမားကလည်း အတည်ပြုသည်။ ကိုဗစ်သံသယလူနာများစွာမှာ ဆေးရုံ၊ ဆေးခန်းများ၌ ကုသခွင့်မရဘဲ သေဆုံးသူများနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ (အလောင်း)သယ်ရတာက နေအိမ်တွေက များတယ်။ ဆေးရုံဆေးခန်းက မရှိသလောက်ပဲ။
အောက်စီဂျင်မလောက်ငှမှုနဲ့ ကြုံနေရတယ်။ အလောင်းသွားသယ်တဲ့အိမ်တွေမှာဆို အောက်စီဂျင်အိုး တစ်လုံးတောင်မရှိတာတွေ တွေ့တယ်”ဟု ဦးဘိုစိန်က ပြောပြသည်။
ဝေဝါးနေဆဲ မျှော်လင့်ချက်များ
အထက်ပါ အခြေအနေများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခွင့်မရခဲ့ပါ။
အခြား မြို့ကြီးမြို့ငယ်များတွင် ကူးစက်မှုများသော်လည်း လူဦးရေ ၇ သန်းဝန်းကျင်ရှိသော ရန်ကုန်မှာ ကူးစက်ခံရသူ အများဆုံးဖြစ်သည်။
ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလက ရန်ကုန်တိုင်း၌ လွန်စွာအရေးပါခဲ့သော လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်းအချို့တွင် တာဝန်ယူခဲ့ဖူးပြီး စစ်ကောင်စီ၏ ရန်ရှာမှုမှ ကင်းလွတ်နေဆဲဖြစ်သော ဆရာဝန်အချို့ကမူ ယနေ့အချိန်တွင် လက်ပိုက်သာကြည့်နေနိုင်ကြောင်းပြောသည်။
“ပရဟိတသမားနဲ့ ဆရာဝန်အင်အား ခက်နေတယ်။ လူနာလွှဲမယ့်နေရာ သတ်မှတ်ထားတာ မရှိဘူး။ တတိယလှိုင်းမှာ အဲဒါ အခက်အခဲဖြစ်နေတယ်”ဟု ရန်ကုန်တိုင်း၊ ဖျားနာကုအခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။
ဆေးခန်းများက ရောဂါရှိမရှိ စစ်ထုတ်ပြီးနောက် ရောဂါအခံရှိသူနှင့် အောက်ဆီဂျင်ကျသူ၊ အနံ့နှင့် အရသာပျောက်သူ စသဖြင့် အမျိုးအစားခွဲခြား၍ ကုသမှုခံယူရမည့် ဆေးရုံနှင့် စင်တာများသို့ စနစ်တကျ လွှဲအပ်ပေးနိုင်ခဲ့ခြင်းကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။
ဇူလိုင်လတွင် စစ်ဆေးမှုနှင့် ပိုးတွေ့နှုန်းအချိုး ၃၀ ရာခိုင်နှုန်းခန့်ရှိလာပြီးနောက်တွင် မြို့နယ်အလိုက် ဖျားနာကုဆေးခန်းများပြန်ဖွင့်ရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတစ်ဆင့် စစ်ကောင်စီက ကမ်းလှမ်းလာသော်လည်း ဝန်နှင့်အားမျှမည်မဟုတ်၍ အကောင်အထည်မဖော်နိုင်သေးဟု ၎င်းက ပြောသည်။
“အခုအချိန်မှာက တစ်အိမ်မှာ တစ်ယောက်နှုန်း ဖြစ်နေတယ်လို့ ပြောလို့ရတယ်”ဟု ဒေါက်တာကျော်မင်းထွန်းက ပြောသည်။
ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းလေးခု၏ ဇူလိုင် ၁၃ ရက် အချက်အလက်များအရ မြို့တော်ရှိ သုဿန်လေးခုတွင် နေ့စဉ် စုစုပေါင်း ရုပ်အလောင်း ၁၀၀ ကျော် မီးသင်္ဂြိုဟ်ရန် ပုံမှန်ပို့ဆောင်ပေးနေရာမှ ၆၀၀ ဝန်းကျင်အထိ ရုတ်တရက်ထိုးတက်ခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဟု သိရသည်။
အဆိုပါအခြေအနေတွင် လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ ခပ်ခွာခွာနေခြင်းကဲ့သို့သော ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဂရုတစိုက်ဆောင်ရွက်ရန်၊ လက္ခဏာပြလာပါက အိမ်သားများနှင့် သီးခြားခွဲ၍နေထိုင်ခြင်း၊ လက်လှမ်းမီရာ ကျန်းမာရေးဝန်ထမ်းများထံဆက်သွယ်၍ ဆေးဝါးမှီဝဲခြင်းတို့ ဆောင်ရွက်ရန် ဒေါက်တာကျော်မင်းထွန်းက အကြံပြုသည်။
“ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ့် ပုံစံဖြစ်နေတယ်။ ဆေးရုံတွေကို လိုက်ပတ်ရှာ၊ (ကုသခွင့်) ဘယ်မှာရမလဲ၊ ရလိုရငြားပေါ့။ အဲဒီလိုမှရမယ်။ ဘယ်သူ့ကိုအားကိုးရမှန်း အခုအနေအထားက မသိတော့ဘူး” ၎င်းက မှတ်ချက်ပြုသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.