ဇွန် ၂၇ တွင် ဆန္ဒပြသည့် ကလေးမြို့ဒေသခံတို့က စစ်ကောင်စီက ဖမ်းဆီးပြီး နောက်တစ်နေ့တွင် သေဆုံးသွားသည့် ကိုဇော်ထက်အတွက် ဝမ်းနည်းခြင်းအစီအစဉ် ပြုလုပ်ခဲ့သည် (ဓာတ်ပုံ-CJ)
လေးမြို့မှလူငယ် ကိုဗစ်ကြောင့် သေဆုံးသည်ဟုဆိုကာ စစ်ကောင်စီက သူ၏ ရုပ်အလောင်းကို ဘာသာရေးထုံးတမ်းနှင့် ဆန့်ကျင်၍ မီးသင်္ဂြိုဟ်ပစ်ခဲ့သည်
By Myanmar Now
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် သားအဖနှစ်ဦး အဖမ်းခံရပြီးနောက်တစ်နေ့တွင် သားဖြစ်သူသေဆုံးခဲ့မှုကို ကိုဗစ်နိုင်တင်းအကြောင်းပြချက်ဖြင့် ချက်ချင်းသင်္ဂြိုဟ်ခိုင်းခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဇွန် ၂၅ ရက်၊ နေ့လယ်တွင် အသက် ၂၆ နှစ်အရွယ် ကိုဇော်ထက် (ခေါ်) ဆလိုင်းဗန်ထာကျုံးကို ကလေးမြို့ရှိ ၎င်းနေထိုင်ရာ အဆောင်၌ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပြီး နောက်တစ်နာရီခန့်တွင် ၎င်း၏ ဖခင် စစ်မှုထမ်းဟောင်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးဇော်မြင့်ကိုပါ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့သည်။
ဖခင်ကို ဖမ်းဆီးစဉ် အရပ်ဝတ်ရဲများ၊ စစ်သားအင်အား အလုံးအရင်းပါဝင်ပြီး နေအိမ်အတွင်း နာရီဝက်ခန့် ရှာဖွေခဲ့ကြောင်း ဆွေမျိုးများက ပြောသည်။
ညပိုင်းတွင် မိသားစုကို စစ်တပ်ဘက်က ဖုန်းဖြင့်ဆက်သွယ်ပြီး သားအဖနှစ်ယောက်လုံးအတူရှိနေကြောင်း၊ ရိုက်နှက်နှိပ်စက်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။
ကိုဇော်ထူးသည် လက်သမားအဖြစ် လုပ်ကိုင်သူသာဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူမဟုတ်ကြောင်း၊ ဖမ်းဆီးရသည့် အကြောင်းအရင်းကို မသိရှိရကြောင်း မိသားစုဝင်များက ပြောသည်။
ထို့နောက် နောက်တစ်နေ့ ဇွန် ၂၆ နေ့လယ်တွင် ကိုဗစ်နိုင်တင်းကူးစက်ရောဂါဖြင့် ကိုဇော်ထက်သေဆုံးသွားသည်ဟု စစ်တပ်က အကြောင်းကြားခဲ့ကာ ချက်ချင်းသင်္ဂြိုဟ်ရန် ဖိအားပေးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
“(ကိုဇော်ထက်) မျက်နှာလေးပဲ ပြတယ်။ ခန္ဓာကိုယ်အောက်ပိုင်း လုံးဝမပြဘူး။ သူ့အမေက ကြည့်ချင်တယ်လို့ ပြောတော့ ကိုဗစ်ကြောင့်မို့ ကြည့်မရဘူး” ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ကျန်းမာရေးကောင်းမွန်သူ ကိုဇော်ထက်တွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်း စသည့် ကိုဗစ်ကူးစက်ခံရမှုလက္ခဏာများ မတွေ့ခဲ့ရသောကြောင့် စစ်တပ်၏ အကြောင်းပြချက်ကို သံသယရှိကြောင်း ဆိုသည်၊
“လုံးဝ ကိုဗစ်ဖြစ်စရာအကြောင်းမရှိဘူး။ အဲ့ဒီ (အဖမ်းခံရမှု) မတိုင်ခင်လေးကမှ ထမင်းကို အများကြီးစားသွားတာ။ အနံ့လည်း ရတယ်။ အရသာလည်းရတယ် ။ ကိုဗစ်လက္ခဏာကို မရှိဘူး”ဟု ၎င်းက ဆက်ပြောသည်။
ယမန်နေ့ (ဇွန် ၂၆) ညနေပိုင်းတွင် ကိုဇော်ထက်၏ ရုပ်အလောင်းကို စစ်ဆေးရုံမှ ကလေးမြို့ ဒိုးဝိုင်းချောင်သုဿန်သို့ သယ်ယူ၍ စစ်တပ်နှင့်အတူ မိခင်နှင့် ဆွေမျိုး ၃ ဦးခန့်ကသာ လိုက်ပါပို့ဆောင်ခွင့်ရခဲ့သည်ဟု ၎င်းဆွေမျိုးက ဆက်ပြောသည်။
ခရစ်ယာန်ဘာသာဝင် ကိုဇော်ထက်၏ ရုပ်အလောင်းကို ဘာသာရေးနှင့်အညီ ဂူသွင်းလိုသော်လည်း စစ်တပ်က မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“သူ့ရဲ့ရုပ်အလောင်းကို ရှေ့ဆုံးကားနဲ့ တစ်ခါတည်းတင်ပြီး သယ်သွားတာ။ သူ့အမေတို့က အလယ်လောက်မှာ ကျန်ခဲ့တယ်။ ကားတန်းတွေက အရှည်ကြီးပဲ လိုက်ပို့ကြတာ။ သူ့အမေတို့မရောက်ခင် သူတို့ (စစ်တပ်) က ရောက်တော့ မီးရှို့ထားနှင့်ကြပြီ။ သူ့အမေက မတွေ့လိုက်ရတော့ဘူး” ဟု ဆွေမျိုးနီးစပ်တော်သူက ပြောသည်။
ယနေ့ (ဇွန် ၂၇) မနက်ပိုင်းတွင်မှ ကိုဇော်ထက်၏ ကြွင်းကျန်ရစ်သည့် အရိုးပြာကို ဒိုးဝိုင်းချောင်းသုဿန်တွင် မိသားစုက ဂူသွင်းခဲ့ရသည်။
ဒေသခံအများအပြားကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ထိုလူငယ်ကို နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်ကြသည်။
ယနေ့ ဒေသခံတို့ လမ်းပေါ်ထွက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ကိုဇော်ထက်အတွက် ဝမ်းနည်းခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။
ဇွန် ၂၃ တွင်လည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီးသွားသော မိန်းကလေးငယ်တစ်ဦး သွေးထွက်လွန်သေဆုံးခဲ့ရာ ကိုဗစ်နိုင်တင်းကူးစက်ခံရသည်ဟု အကြောင်းပြကာ ချက်ချင်း ဂူသွင်းသင်္ဂြိုဟ်ခိုင်းခဲ့သည်။
ကလေးမြို့သည် ဇွန်လဆန်းပိုင်းမှ စတင်ကာ အိမ်တွင်းနေရေးအစီအစဉ် (Stay at Home) သတ်မှတ်ထားသည့်မြို့ဖြစ်ပြီး ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိနေကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းမြင့်မားနေသော်လည်း စစ်တပ်က ၎င်းတို့ပစ်ခတ်ဖမ်းဆီးခဲ့သောသူများကို ကိုဗစ်နိုင်တင်းကူးစက်သည်ဟု ပြောဆိုနေသည်။
ကိုဇော်ထက်၏ ဖခင်မှာလည်း ဆက်လက်ဖမ်းဆီးခံထားရပြီး ကိုဗစ်ကူးစက်နေသည်ဟု စစ်တပ်က အကြောင်းပြပြီး မိသားစုဝင်များက ယခုအချိန်ထိ တွေ့ခွင့်မရပေ။
သားအဖနှစ်ဦးကို ဖမ်းဆီးမှု၊ သားဖြစ်သူသေဆုံးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
အာဏာသိမ်းစစ်ကောင်စီတပ်များက ပြည်သူအများအပြားကို ဖမ်းဆီးနေရာ ဆက်လက်ထိန်းသိမ်းခံနေရသူ ၅၁၈၃ ဦး အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ယနေ့ ဇွန် ၂၇ တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ အကြမ်းဖက်နှိပ်စက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသည့် အရပ်သားပြည်သူ ၈၈၃ ဦး အနည်းဆုံးရှိသည်ဟု ဆိုသည်။
စစ်ကောင်စီကမူ သေဆုံးသူ ၃၀၀ ခန့်သာ ရှိမည်ဟု ဆိုသည်။
Original Post: Myanmar Now
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.