မန္တလေးက ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ အရပ်သား ၄ ဦးထဲ တအာင်းလူငယ် ၃ ဦး ပါဝင်၊ PDF တပ်ဖွဲ့ထဲကလို့ စစ်ကောင်စီက လိမ်လည်ထုတ်ပြန်

မန္တလေးက ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ အရပ်သား ၄ ဦးထဲ တအာင်းလူငယ် ၃ ဦး ပါဝင်၊ PDF တပ်ဖွဲ့ထဲကလို့ စစ်ကောင်စီက လိမ်လည်ထုတ်ပြန်

By ရွှေဖီမြေ၊ ဇွန်လ ၂၃ ရက်၊ မန္တလေး

မနေ့ ဇွန်လ ၂၂ ရက်က မန္တလေးမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ တအာင်းလူငယ် ၃ ဦးနဲ့ တရုတ်လူငယ် ၁ ဦးတို့ စီးနင်းလာတဲ့ ကားကို စစ်ကောင်စီက လိုက်လံပစ်ခတ်ခဲ့ရာ ကားဟာ ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ပြီး အဲဒီလူငယ် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ကားကို ဗုံးခွဲပစ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ လူငယ် ၄ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပြီးနောက် (၅၆)လမ်းနဲ့ (၁၁၀)လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက်ပြီးတော့ သေဆုံးသွားတဲ့ အကြမ်းဖက်သမား ၄ ဦး ဖြစ်တယ်လို့ စစ်ကောင်စီတပ်က လိမ်လည်ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ သတ်ဖြတ်ခဲ့တဲ့ ၎င်း ၄ ဦးမှာ နိုင်ထွန်းကြည်၊ နိုင်လိုင်း၊ ချစ်ဆွေဆိုတဲ့ တအာင်းလူငယ် ၃ ဦးနဲ့ အားတီဆိုသူ တရုတ်လူငယ်တစ်ဦးတို့ ဖြစ်ကြပြီး အဲဒီ ၄ ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ သီပေါမြို့နယ်က လူငယ်တွေ ဖြစ်ကြပါတယ်။

အဲဒီ ၄ ဦးဟာ မန္တလေး စဥ့်ကိုင်မှာရှိနေတဲ့ ကြက်ခြံကို သွားရောက်ကြည့်ရှုဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ နမ့်ခမ်းကနေ ထွက်ခွာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

မန္တလေးမှာ သူငယ်ချင်းတွေ ရောက်လာလို့ အဲဒီညမှာ မန္တလေးရှိ ဟိုတည်တစ်ခုမှာ တည်းခိုပြီး ကြက်ခြံပြန်လာဖို့ လုပ်နေစဥ် သတ်ခံရတာ ဖြစ်တယ်လို့ သေဆုံးသွားတဲ့ နိုင်လိုင်းရဲ့ အမျိုးသမီးဖြစ်သူ အိုင်လွမ်က ဒီနေ့မှာ ပြောပါတယ်။

“မနေ့ မနက်က ၈ နာရီလောက် သူဖုန်းခေါ်လာသေးတယ်။ ကျွန်မလည်း မန္တလေးမှာ သူများဆန္ဒပြနေတယ်။ အပြင်သိပ်မထွက်နဲ့လို့။ သူလည်း ဟုတ်ပြီတဲ့ အခုကြက်ခြံ ပြန်မလို့တဲ့။ ၇ နာရီခွဲကတည်းက သူများက ပစ်နေပြီ။ အစ်ကိုတစ်ယောက်ကလည်း ကြက်ခြံလိုက်ခဲ့မလို့ ခဏစောင့်ခိုင်းသေးတယ်။ သူတို့လည်းသွားရင်း အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့ရဲကို သွားတွေ့တယ်။ အဲမှာ ပစ်လည်းပစ်နေကြတယ်။ သူတို့ကလည်း နောက်ပြန်ဆုတ်ဖို့လုပ်တော့ ရဲက စစ်သားတွေကို အကြောင်းကြားတာထင်တယ်။ စစ်သားတွေ ချက်ချင်း သူတို့နောက် လိုက်လာတယ်။ သူတို့ကို သေနတ်တွေနဲ့လိုက်ပစ်တော့ ကားက ဓာတ်တိုင်ကို တိုက်မိတာ”

ဓာတ်တိုင်တိုက်မိတုန်းက ကားဟာ ရှေ့ဖုံးသာ အနည်းကယ် ပွန်းပဲ့သွားပြီး သူမရဲ့ အမျိုးသား နိုင်လိုင်းအပါအဝင် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ကားကို ဗုံးခွဲပစ်လိုက်တယ်လို့ ပြောပါတယ်။

“အဲချိန်ကားတော့ အရှေ့ပိုင်း ပိန်သွားတယ်။ လူကတော့ သူတို့ဖမ်းသွားတယ်။ ပြီးတော့ သူတို့ဓာတ်တိုင်နဲ့တိုက်ပြီး ဗုံးပေါက်ပြီးတော့ သေတယ်လို့ သတင်းထုတ်လိုက်တယ်။ တကယ်က အဲလိုမဟုတ်ဘူး။ စစ်သားတွေက ကားကိုဝိုင်းပြီးတော့ ဗုံးခွဲလိုက်တာ။ သူတို့ ကျွန်မအမျိုးသားကို ဖမ်းသွားကတည်းက အဆက်အသွယ် မရတော့ဘူး။ လိုက်မယ်ပြောတဲ့ အစ်ကိုလည်း သူတို့နဲ့ အဆက်အသွယ် မရတော့ဘူး” လို့ နိုင်လိုင်းရဲ့ အမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိလည်း သေဆုံးသွားတဲ့ ၎င်းတို့ ၄ ဦးရဲ့အလောင်းကို မရသေးသလို အလောင်းကို ပြန်ရလိုတယ်လို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

“မနေ့ နေလယ်ရောက်တော့ အမေဆီဖုန်းဆက်လာတယ်။ သူတို့အလောင်းပုံလည်း ပို့လာတယ်။ ဒီမှာ လိုင်းက မကောင်းတော့ ကားပုံပဲ မြင်ရတယ်။ ကားကတော့ သူတို့ကား ဟုတ်တယ်။ အဲချိန်ကျမှ သူတို့​သေသွားမှန်း သိရတာ” လို့ အိုင်လွမ်က ​ဆိုပါတယ်။

အိုင်လွမ်န​ဲ့ သေဆုံးသွားတဲ့ နိုင်လိုင်းဟာ ဇွန်လ ၆ ရက်မှာ မဂ်လာဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သေဆုံးတဲ့အထဲက ချစ်ဆွေဟာ အရင်က တအာင်းလူငယ် မော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

“PDF လို့ စွပ်စွဲတယ်။ ဘာမှပတ်သက်မှု မရှိဘူး။ သူတို့က ကြက်ခြံမှာပဲ နေကြတာ။ မန္တလေးက သူတို့သူငယ်ချင်း ရောက်လို့သွားတာ။ ကားထဲမှာ ဘာမှလည်း မပါဘူး” လို့ အိုင်လွမ်က ပြောပြပါတယ်။

စစ်ကောင်စီက ၎င်းတို့ ၄ ဦးကို အကြမ်းဖက်တွေအဖြစ် စွပ်စွဲပြီး သတင်းထုတ်ပြန်ထားပါတယ်။

 

English version.


Original Post: Shwe Phee Myay News Agency

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia