21 June 2021
ရန်ကုန်၊ ဇွန် ၂၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မင်္ဂလာဆောင် ဖိတ်စာ သွားဖိတ်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုးသည် အကြမ်းဖက်စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိသားစုထံ အလောင်းပြန်ရောက်လာပြီဖြစ်သည်။
စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရပ်ကွက်နေ ဦးကျော်ထွေးနှင့်ဒေါ်မိုးမိုးအေးတို့၏ သားဖြစ်သူ ကိုကျော်ကျော်မျိုးသည် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ယမန်နေ့ညပိုင်း မင်္ဂလာဆောင်ဖိတ်စာများ သွားရောက်ဝေငှကြကြောင်း၊ လက်ပန်လှကျောင်းရှေ့ အရောက်တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သဖြင့် ကိုကျော်ကျော်မျိုးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်းကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။
“ဒီလ ၂၄ ရက်နေ့ သူ့မင်္ဂလာဆောင်အတွက် ဖိတ်စာလိုက်ဝေတာပါ။ အဲဒါ ည ၉ နာရီ စစ်တပ်က သူတို့ စခန်းချထားတဲ့ ကျောင်းရှေ့က ဖြတ်လို့ဆိုပြီး ဆိုင်ကယ်ကို လှမ်းပစ်တာ။ နေရာမှာပဲပွဲချင်းပြီးသေတယ်။ သူ့သူငယ်ချင်းက မထိဘူး။ အဲဒါလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်။ အခု အလောင်းထုတ်ခွင့်မပေးဘူး။ တစ်ခါတည်း သဂြိုလ်ခိုင်းမယ်ထင်တယ်။ အခု သူ့နာရေး ယပ်တောင်တွေ ဘာတွေ သွားလုပ်နေပြီ။ သူ့ မင်္ဂလာဆောင် ဖိတ်စာလုပ်ခဲ့တဲ့ ဆိုင်မှာပဲ နာရေး ယပ်တောင်သွားလုပ်ရတယ်။ အဖြစ်ဆိုးတယ်” ဟု မိသားစုဝင်များနှင့်နီးစပ်သူ မိတ်ဆွေက ရှင်းပြသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စဉ့်ကူးဒေသခံများက စစ်တပ်၏ ရမ်းကားမှုကို မကျေနပ်ကြဘဲ လူငယ်တစ်ဦး၏ အသက် မသေဆုံးသင့်ဘဲ သေရသည်ဟုဆိုကြသည်။
“မသင်္ကာရင်လည်း ဗျာ ဖမ်းပြီးစစ်ဆေးပေါ့။ အခုဟာက ဘာမှ မပြောဘဲ ဖြတ်သွားတဲ့ ဆိုင်ကယ်ကို လှမ်းပစ်တာကြီးက အတော်ကြီး လွန်တယ်။ ဒီကောင်လေးက ရည်ရည်မွန်မွန် လူချစ်လူခင်လည်းပေါတယ်။ သူ့မင်္ဂလာဆောင်အတွက် သူပျော်နေတာဗျာ။ ဖိတ်စာတွေ လိုက်ဖိတ်ပြီး သူ့ မင်္ဂလာဆောင် လာနော်။ မလာရင်စိတ်ဆိုးမှာလို့တောင် နောက်နေသေးတယ်။ ပြည်သူ့ဘဝတွေက မလုံခြုံလိုက်တာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
Original Post: Khit Thit Media
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.