ဇွန် ၁၉ ညဘက် ကလေးမြို့မှ ၄ ဦးကို ပစ်သတ်သည့် စစ်ကောင်စီက ၎င်းတို့ဖမ်းထားသည့် ဆယ်ကျော်သက်တစ်ဦးသေဆုံးကြောင်း မိသားစုကို အသိပေးခဲ့သည်
By Myanmar Now
ကလေးမြို့မှ အသက် ၁၅နှစ်အရွယ် မောင်ကျော်မင်းခန့်ကို အာဏာသိမ်းစစ်ကောင်စီ တပ်သားများက ယမန်နေ့ ဇွန် ၁၉ ညက ဖမ်းဆီးသွားပြီး ယနေ့တွင် အလောင်းလာထုတ်ရန် မိသားစုထံ ဆက်သွယ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညက (ကျော်မင်းခန့်) အဖမ်းခံရပြီးတော့ အခု အလောင်းလာထုတ်လို့ ပြောတယ်တဲ့ သူ့မိဘတွေကို။ အခု သူတို့နဲ့ နီးစပ်တဲ့သူက ပြောလာတာ။ ဘာကြောင့်ဖမ်းတာလဲတော့ သေချာမသိရသေးဘူး။ အဲဒါ အခု ၂ နာရီမှာ အလောင်းလာထုတ်ဖို့ ပြောလာတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။
ကလေးမြို့ ချမ်းမြအောင်စည်ရပ်ကွက်၌ နေထိုင်သူ မောင်ကျော်မင်းခန့်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ လိုက်ပါလေ့ရှိသူတစ်ဦးဟု သိရကြောင်း အထက်ပါဒေသခံက ပြောသည်။
တချိန်တည်းတွင် အဖမ်းခံရသည့် မြန်မာ့စီးပွားရေးဘဏ် CDM ၀န်ထမ်းတစ်ဦးနှင့် သူ၏ ၁၂နှစ်အရွယ် ကလေးငယ်ကိုမူ ပြန်မလွှတ်သေးဟု သိရသည်။
ည ၉နာရီခန့်ကလည်း အင်းယားကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ အိမ်ပိုင်ရှင် သားအဖနှစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
“မိသားစုက သုံးယောက်နေတာ၊ အဲဒီမှာ ဧည့်သည်က နှစ်ယောက်ပါတယ်။ သူတို့က ဝင်မွှေတဲ့အချိန်မှာ တစ်ယောက်က အော်လိုက်တာ။ အော်လိုက်ပြီးတော့ ထွက်ပြေးတဲ့အချိန်မှာ ပစ်သတ်လိုက်တာလို့ ပြောတယ်။ သားအဖနှစ်ယောက်သေပြီး ကောင်မလေးတစ်ယောက် မျက်စိမှန်သွားတယ်။ ဧည့်သည်နှစ်ယောက်လည်း ပစ်သတ်ခံရတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါအိမ်ကို မည်သည့်အတွက် ဝင်ရောက်စီးနင်းသည်ကိုမူ မသိရသေးကြောင်း ထိုဒေသခံက ဆက်ပြောသည်။
ဇွန် ၁၉ ည ကလေးမြို့ပစ်ခတ်မှု၊ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး မှတ်ချက်တောင်းရန် စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်၍ မရသေးပေ။
စစ်ကိုင်းတိုင်း ကလေးမြို့ဒေသခံတို့သည် အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ် နည်းမျိုးစုံဖြင့် ဆန့်ကျင်အံတုလျက်ရှိသည်။
Original Post: Myanmar Now